ကင် ကာဒက်သျှန်

ကင်ဘာလေ နိုဝယ် ကာဒက်သျှန် ဝက် (အင်္ဂလိပ်: Kimberly Noel Kardashian West) (၁၉၈၀ အောက်တိုဘာ ၂၁ ဖွား) သည် အမေရိကန် ဖြစ်ရပ်မှန်ရုပ်သံဇာတ်လမ်းတွဲသရုပ်ဆောင်၊ မော်ဒယ်၊ စီးပွားရေးလုပ်ငန်းရှင်၊ ရုပ်ရှင်ထုတ်လုပ်သူနှင့် သရုပ်ဆောင်ဖြစ်သည်။ ပဲရစ်ဟီလတန်၏သူငယ်ချင်းနှင့် အဝတ်အစားဆင်သူအနေဖြင့် လူသိများမှု ရခဲ့သည်။ ၂၀၀၂ ခုတွင် အချစ်ပလူးသောဗီဒီယို ပေါက်ကြားသည်နောက် ပို၍ ကျော်ကြားလာသည်။ ၎င်းကိုပင် ၂၀၀၇ ခု၌ တရားဝင်အဖြစ် ကင်ကာဒက်သျှန်၊ စူပါစတား အမည်ဖြင့် ထိုစဉ်ကရည်းစား ရေးဂျေနှင့်အတူ ထုတ်သည်။ နောက်နှစ်တွင် အီးရုပ်သံလိုင်း (E!) မှ ဖြစ်ရပ်မှန်ရုပ်သံဇာတ်လမ်းတွဲတွင် ကာဒက်သျှန်မိသားတစုလုံး ဝင်သရုပ်ဆောင်ကြသည်။ ကာဒက်သျှန်တို့အားအမီလိုက်ခြင်း အမည်ရှိ ယင်းဇာတ်လမ်းတွဲမှာ ၂၀၀၇ မှ ၂၀၂၁ အထိ လွှင့်သည်။ ညီအစ်မများသရုပ်ဆောင်သော ကော့တနီနဲ့ကင် နယူးယောက်ကိုနှင် (၂၀၁၁-၁၂)၊ ကော့တနီနဲ့ကင် မိုင်ယာမီကိုချီ (၂၀၀၉-၁၃) ထိုသို့ အထက်နှင့်သဘောတူ ဇာတ်လမ်းတွဲများလည်း ရိုက်သေးသည်။

ဆိုရှယ်မီဒီယာတွင် ကောင်းစွာရပ်တည်နိုင်ခဲ့သည်။ တွစ်တာနှင့် အင်စတာဂရမ်ပေါ်၌ မီလီယံ ရာနှင့်ချီသော နောက်လိုက်များ ရှိသည်။ အင်စတာဂရမ်သည် ကာဒက်သျှန်နှင့် သဘောတူစာချုပ်ပြုကာ အင်စတာဂရမ်သုံးသူအသစ်တိုင်းကို ကာဒက်သျှန်အား နောက်လိုက်ပြုစေရန် အကြံပေးခဲ့သည်။ [] ယင်းမှာ အင်စတာဂရမ်၌ နောက်လိုက်များစေသောအချက်များအနက် တခုတည်း။ မြန်မာပြည်၌ ဖြူဖြူထွေးကို ဖေ့စဘွတ်သုံးသူသစ်တိုင်းအား အကြံပြုသောနည်းနှင့် အတူပင်။ အမေရိကန်ဖြူဖြူထွေးဟု အမည်ပေးသင့်သည်။ ၂၀၁၄ ထွက် မိုဘိုင်းဂိမ်း ကင်ကာဒက်သျှန် ဟောလိဝု အပါအဝင် ထုတ်ကုန်သစ်အချို့ကို သူ့နာမည်သုံးရန် စာချုပ်ချုပ်နိုင်ခဲ့သည်။ အဝတ်အစားတံဆိပ်များလည်း ရှိသေးသည်။ ၂၀၁၅ ခုတွင် ဆဲဖစ် ဓာတ်ပုံစာအုပ်နှင့် ကင်ကာဒက်သျှန် တကိုယ်ရေသုံးမိုဘိုင်းဆော့ဝဲတို့ကို ဖြန့်သည်။

နာမည်ကြီးရက်ပါ ကန်ရေးဝက်နှင့် စတွဲသောအခါ မီဒီယာများက အကျယ်တဝင့်ဖော်ပြကြပြန်သည်။ ၂၀၁၄ တွင် လက်ထပ်ကြသည်။ သားသမီး ၄ ဦးရနေပြီ။ မင်းသမီးအဖြစ် အဖြစ်ဆိုး (၂၀၀၈)၊ တောင်ကြားအထဲ ခက်ခဲခဲ (၂၀၀၉) နှင့် သွေးဆောင်မှု - အိမ်ထောင်ရေးအကြံပေးတဦး၏ဖြောင့်ချက်များ (၂၀၁၃) ဇာတ်ကားများ၌ ပါဝင်သည်။

မကြာသေးမီနှစ်များက ကာဒက်သျှန်သည် ၂၀၁၇ ကစသည့် ၎င်းပိုင်စီးပွားရေးလုပ်ငန်းများဖြစ်သော ကေကေဒဗလျူအလှကုန် (KKW Beauty) နှင့် ကေကေဒဗလျူနံ့သာ (KKW Fragrance) တို့ကို အာရုံပိုစိုက်ခဲ့သည်။ ၂၀၁၉ ခုတွင် စကင် (Skims) အမည်ရှိ (ခါးချပ်ဘောင်းဘီလည်းခေါ်သည့်) ကိုယ်ထိန်းအင်္ကျီကို ထုတ်သည်။ ယခင်က ကီမိုနိုဟု အမည်ပေးသော်လည်း ကန့်ကွက်မှုများကြောင့် စကင်ဟု အမည်ပြောင်းထုတ်ခြင်းတည်း။

ထောင်ပြုပြင်ပြောင်းလဲရေးအတွက် ထိုစဉ်ကသမ္မတ ဒေါ်နယ်ထရန့်အတွက် လော်ဘီလုပ်ခြင်း၊ အကျဉ်းကျနေသော ရာဇဝတ်တရားသူကြီး အဲလက်မေရီဂျွန်ဆင်ကို အသနားခံစာဖြင့် လွှတ်အောင် နှိုးဆော်ခြင်းကဲ့သို့ နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်သည်။ အာမေနီယန်လူမျိုးသုဉ်းသတ်ဖြတ်မှုကို လူထုအာရုံစိုက်မှုရအောင် လှုံ့ဆော်မှုလည်း လုပ်သည်။ ဗန်ဂျုန်း တွဲထောင်သည့် ထောင်ကျဦးရေကို လျော့စေရန် ရည်သန်သော အမြတ်မယူသောအဖွဲ့ တဝက်လျှော့ (#cut50) မှ ဖွင့်သည့် လေးနှစ်ကြာ ဥပဒေသင်တန်းကို တက်ရောက်၍ ရှေ့နေလုပ်ရန် ပြင်ဆင်နေသည်။

တိုင်းမဂ္ဂဇင်းက ၂၀၁၅ ခုတွင် ဩဇာလွှမ်းမိုးမှုအရှိဆုံး လူ ၁၀၀ စာရင်း၌ ဖော်ပြခဲ့သည်။ သူ၏ နာမည်ကြီး၍ကျော်ကြားသည့်အချက်ကို ဝေဖန်သူရော အားကျသူပါ အများရှိသည်။ ၂၀၁၅ ခုတွင် ဈေးအမြင့်ဆုံး ရုပ်သံဇာတ်လမ်းတွဲသရုပ်ဆောင်အဖြစ် မှတ်တမ်းတင်ရသည်။ စုစုပေါင်းဝင်ငွေမှာ ဒေါ်လာ ၅၃ မီလီယံကျော် ရှိမည်ဟု ခန့်မှန်းကြသည်။

ကိုးကား

  1. Sarah Frier, "No Filter"
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya