ကာမဝိလာပဇာတ်![]() တိကနိပါတ် - ၄။ အဗ္ဘန္တရဝဂ် -(၂၉၇) ကာမဝိလာပဇာတ်။ ။ မင်းပြစ်မင်းဒဏ်သင့်၍ သံတံကျင်ဖြင့် အလျှိုခံရစဉ်ပင် မိမိဆင်းရဲကို ပမာဏမထားဘဲ ကောင်းကင်ပျံသွားသော ကျီးအား မယားထံ ကာမစကားဖြင့် မှာကြားနေခြင်း အကြောင်း။ ပစ္စုပ္ပန်ဝတ္ထုငြီးငွေ့သမှု အကြောင်းပြုနတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မယားဟောင်းသည် ဖြားယောင်းအပ်သည်ဖြစ်၍ သာသနာတော်၌ ငြီးငွေ့ပျင်းရီသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ ။ [ပစ္စုပ္ပန်ဝတ္ထုသည် ဆိုခဲ့ပြီးသော ပုပ္ဖရတ္တဇာတ် ပစ္စုပ္ပန်ဝတ္ထုနှင့်တူပြီ။ အတိတ်ဝတ္ထုလည်း ဆိုအပ်လတ္တံ့သော ဣ န္ဒြိယဇာတ်၌ ထင်ရှားစွာ ဖြစ်လတ္တံ့။] အတိတ်ဝတ္ထုတံကျင်လျှိုလျက် မယားမက်ထိုယောကျ်ားကိုကား အသက်ရှင်စဉ်ကပင် သံတံကျင်လျှိုကြကုန်၏။ ထိုယောကျ်ားသည် သံတံကျင်၌နေလျက် ပြင်းထန်လှစွာသော ဝေဒနာကို မရေတွက် ဂရုမစိုက်မူ၍ ကောင်းကင်ဖြင့်လာသော ကျီးတစ်ကောင်ကိုမြင်လျှင် ချစ်လှစွာသော မယားထံ သတင်းစကား ပို့စေရန် ခေါ်ငင်လျက် - “ကောင်းကင်မြင့်၌ပျံသွားသော ငှက်မြတ် ဖြစ်၍ အတောင် ဟူသော ယာဉ်ရှိသော အို-ကျီးငှက် ... သင်သည် ငှက်ပျောတုံးနှင့်တူသော ပေါင်တံရှိသော ငါ့မိ်န်းမကို ပြောဆိုပါလော့၊ ထိုမိန်းမကား ငါ့ကို ကြာမြင့်လေစွဟု အောက်မေ့လတ္တံ့၊ လှံသန်လျက်နှင့် တူသော သံတံကျင်၌ အလျှိုခံရသော ဤအကြောင်းကို မသိရှာလေ၊ ထိုမိန်းမသည် အလွန်ကြာမြင့်ရသလောဟု ငါ့ကို အမျက်ထွက်လတ္တံ့၊ ထိုမိန်းမ အမျက်ထွက်ခြင်းသည်သည်သာ ငါ့စိတ်ကို ပူပန်စေ၏။ ဤ သံတံကျင် လျှိုထားခြင်းကား ငါ့စိတ်ကို မပူပန်စေနိုင်” – “ကြာနှင့်တူသော ချပ်တန်ဆာကို လည်းကောင်း၊ ရွှေငါး သုဝဏ္ဏဖြင့် ပြုလုပ်ထားသော လက်စွပ်ကို လည်းကောင်း၊ ကာသိတိုင်းဖြစ် နူးညံ့သော ပုဆိုးကို လည်းကောင်း၊ ဤမျှလောက် ခေါင်းရင်း၌ ထားခဲ့သော င့ါဥစ္စာကို ချစ်လှစွာသော ငါ့မယားသည် အလိုရှိတိုင်းယူ၍ ရောင့်ရဲတင်းတိမ်ပါစေတည်း” – ဟု ယောင်ယမ်းမြည်တမ်းလျက် ကျီးတို့ကို ခေါ်ငင်ကာ မယားထံ အပြောခိုင်းလေ၏။ ထိုယောကျ်ားသည် ယောင်ယမ်းမြည်တမ်းစဉ် မယားကို စွဲလမ်းတပ်စွန်း၍ သေသဖြင့် ငရဲဘုံ၌ ဖြစ်ရလေ၏။ ဤဒေသနာတော်ကို ဆောင်တော်မူပြီး၍ သစ္စာကို ပြတော်မူသည်၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ဇာတ်ပေါင်းဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ - ထိုအခါ မယားသည် - ယခုအခါ မယားဟောင်း။ တံကျင်လျှိုခံရသော ယောကျ်ားသည် - ငြီးငွေ့သော ရဟန်း။ အကြောင်းကို မြင်သောနတ်သည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။ ဆောင်ပုဒ်(၁) မိန်းမလိုအင်၊ ဖြည့်သူပင်၊ တံကျင်လျှိုခံခက်။ (၂) တံကျင်ဆင်းရဲ၊ မပူဘဲ၊ ပူမြဲမိန်းမတွက်။ (၃) တဏှာ၏ကျွန်၊ အမိုက်လွန်၊ သေပြန်ငရဲသက်။ ကာမဝိလပဇာတ် ပြီး၏။ ကိုးကား
|
Portal di Ensiklopedia Dunia