ကေသီဖရီးမင်း
ကေသီဖရီးမင်း (အင်္ဂလိပ်: Catherine Astrid Salome Freeman) သည် အိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ဗိုလ်စွဲခဲ့သည့် ပထမဆုံး အဲဘာရီးဂျင်နီ(ဩစတြေးလျ ဌာနေတိုင်းရင်းသား) ဖြစ်ပြီး ၂၀၀၀-ခုနှစ်၊ ဆစ်ဒနီအိုလံပစ်တွင် အိုလံပစ်မီးရှူးတိုင်ကို ထွန်းညှိခွင့်ရခဲ့သူ ဖြစ်သည်။ ၁၉၉၇-ခုနှစ် ကမ္ဘာ့မီတာ ၄၀၀ ချန်ပီယံရှစ် ပြေးပွဲတွင် အနိုင်ရရှိခဲ့စဉ်က ကေသီဖရီးမင်းမှာ အလံနှစ်ခုကို ကိုင်ဆောင်ပြီး ပြေးခဲ့သည်။ တစ်ခုမှာ သူ့မိခင်နိုင်ငံတော် ဩစတြေးလျအလံဖြစ်၏။ အခြားအလံမှာ သူမ၏ အဲဘာရီးဂျင်နီ မျိုးနွယ်စု၏ အလံဖြစ်သည်။ အဲဘာရီးဂျင်နီတို့မှ ဩစတြေးလျ၏ မူရင်းဌာနေတိုင်းရင်းသားများ ဖြစ်ကြသည်။ ၎င်းတို့မှာ ၎င်းတို့၏ နိုင်ငံသို့ ဥရောပတိုက်သားများ ရောက်လာချိန်ကတည်းက စ၍ မမျှတမှု၊ ညှဉ်းပန်းနှိပ်စက်မှုများကို အကြီးအကျယ် ခံစားခဲ့ရသူများ ဖြစ်သည်။ ထိုအလံနှစ်ခုစလုံးကို ကိုင်ဆောင်ရန် သူမ၏ ရွေးချယ်မှုမှာ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့သည်။ သို့သော် ယင်းမှာ ဖရီးမင်း၏ အားကောင်းလှသော အမျိုးသားရေးနှင့် လူမျိုးနွယ် ဇာတိမာန်ကို ပြသခဲ့ခြင်းပင် ဖြစ်သည်။ ကေသီဖရီးမင်းသည် ကွင်းစ်လန်တွင် မွေးဖွားကြီးပြင်းခဲ့ပြီး ငယ်စဉ်ကတည်းကပင် ဖခင်ဖြစ်သူက အပြေးအားကစားလုပ်ရန် တွန်းအားပေးခဲ့သည်။ ဖရီးမင်းသည် ၁၇-နှစ် အရွယ်တွင် ၁၉၉၀-ပြည့်နှစ်၊ ဓနသဟာယ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့ပြီး ထိုနှစ်၏ တစ်နှစ်တာ ဩစတြေးလျလူငယ်အဖြစ် ချီးမြှင့်ခြင်းခံခဲ့ရသည်။ ၁၉၉၂-ခုနှစ်၊ အိုလံပစ်ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသော ပထမဆုံး ဩစတြေးလျ အဲဘာရီးဂျင်နီ အမျိုးသမီး ဖြစ်လာတော့သည်။ ၁၉၉၄-ခုနှစ်၊ ဓနသဟာယ ပြိုင်ပွဲတွင် မီတာ ၄၀၀၊ မီတာ ၂၀၀ ပြေးပွဲများအတွက် ရွှေတံဆိပ်နှစ်ခု ယူဆောင်ပေးနိုင်ခဲ့သည်။ သူ၏ မီတာ၂၀၀ ပြိုင်ပွဲစံချိန်မှာ အမျိုးသား စံချိန်သစ် ဖြစ်ခဲ့သည်။ ဖရီးမင်း၏ အကြီးကျယ်ဆုံး ပြိုင်ပွဲကား အမေရိကန်ပြည်ထောင်စု ၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာတွင် ကျင်းပခဲ့သော ၁၉၉၆-ခုနှစ် အိုလံပစ်ပြိုင်ပွဲပင် ဖြစ်သည်။ ဖရီးမင်းသည် ကမ္ဘာ့စံချိန်ရှင် ပြင်သစ်နိုင်ငံသူ မရီဟိုဆေးပီရက် နှင့် ယှဉ်ပြိုင်ခဲ့ရခြင်း ဖြစ်သည်။ အပြေးချန်ပီယံ နှစ်ဦး တစ်ယောက်ကိုတစ်ယောက် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရသည်။ နောက်ဆုံးတွင် ပီရက်က နှာတဖျားအသာဖြင့် အနိုင်ရခဲ့သည်။ ဖရီးမင်းသည် ၁၉၉၇-ခုနှစ်တွင် တစ်နှစ်တာ အထူးချွန်ဆုံး ဩစတြေးလျနိုင်ငံသား အဖြစ် ချီးမြှောက်ခြင်း ခံခဲ့ရသည်။ သို့သော် နောက်တစ်နှစ်အကြာတွင် ခြေထောက်ဒဏ်ရာရရှိခဲ့ပြီး ဓနသဟာယ အားကစားပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ သို့သော် ထိုခြေထောက်ဒဏ်ရာက သူ့ကို ရပ်တန့်အောင် မစွမ်းနိုင်ခဲ့ပါ။ ၁၉၉၉-ခုနှစ်တွင် ပြေးလမ်းကြောင်းပေါ် တဖန်ပြန်လာခဲ့သည်။ သူမ၏ မီတာ၄၀၀ ကမ္ဘာ့ချန်ပီယံဆုကို အောင်အောင်မြင်မြင် ကာကွယ်နိုင်ခဲ့ပြန်သည်။ ၂၀၀၀-ပြည့်နှစ်၊ ဆစ်ဒနီအိုလံပစ်တွင်တော့ ဖရီးမင်းသည် အိုလံပစ်မီးရှူးတိုင်ကို ထွန်းညှိခွင့်ရခဲ့ပြီး ဂုဏ်ပြုခံခဲ့ရသည်။ နောက် ရက်သတ္တတစ်ပတ်အကြာတွင် အိုလံပစ်ရွှေတံဆိပ် ရယူလိုသော သူ၏ အိပ်မက်ကို အမှန်တကယ် ဖြစ်လာခဲ့သည်။ မိမိနိုင်ငံသားများ ရှေ့မှောက်၌ မီတာ ၄၀၀ ပြိုင်ပွဲတွင် အနိုင်ရ ဗိုလ်စွဲခဲ့ပါတော့သည်။ ဖရီးမင်းသည် ဤတစ်ကြိမ်တွင်လည်း ဩစတြေးလျနှင့် အဲဘာရီးဂျင်နီအလံနှစ်ခုစလုံးကို ကိုင်ဆောင်လျက် အောင်ပွဲခံခဲ့သည်။ ကေသီဖရီးမင်းသည် ၂၀၀၇-ခုနှစ်တွင် ဩစတြေးလျရှိ ဌာနေတိုင်းရင်းသား ကလေးသူငယ်များကို ကူညီထောက်ပံ့နိုင်ရန်အတွက် ကက်သရင်းဖရီးမင်း ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့သည်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia