ကံချွန် (ကာတွန်း)
ကာတွန်း ကံချွန် (၁၉၄၆-၂၀၀၉) သည် မြန်မာနိုင်ငံရှိ မန္တလေးသား ပန်းချီဆရာ၊ ကာတွန်းဆရာ၊ စာရေးဆရာတစ်ယောက်ဖြစ်သည်။ သူသည် စာအုပ်ပေါင်း (၇၃)အုပ်၊ ဗွီဒီယို (၃)ကား၊ ကာတွန်းပေါင်း များစွာ ရေးဆွဲခဲ့သည်။ ငယ်ဘဝကာတွန်း ကံချွန် မှာ ၁၉၄၆ ခုနှစ် ဧပြီ (၄)ရက်နေ့၊ မန္တလေးမြို့တွင် အဘ ဦးဘဌေးနှင့် အမိဒေါ်အေးရွှင် တို့မှ မွေးဖွားခဲ့သည်။ မွေးချင်းညီအစ်ကို သုံးဦးရှိပြီး ကာတွန်း ဗိုလ်မောင်၊ ဓာတ်ပုံ လှဝင်းတို့ဖြစ်သည်။ ကာတွန်းကံချွန်တို့ ညီအစ်ကိုများသည် အစ္စလာမ် ဘာသာကို ကိုးကွယ်ကြသူများ ဖြစ်သည်။ မန္တလေးမြို့ အမှတ်(၃)အ.ထ.ကတွင် အထက်တန်းထိ ပညာသင်ကြားခဲ့သည်။ ကာတွန်း ကံချွန်သည် ၁၉၆၃-၁၉၆၄-ခုနှစ်တွင် မန္တလေးအနုပညာကျောင်း၌ ပန်းချီသင်တန်းတက်ရောက်ခဲ့ပြီး ဆရာကြီး ဦးကံညွန့်၊ ဦးချစ်မြဲ၊ ဦးအေးကျော်တို့ထံတွင် သင်ယူခဲ့သည်။ “မိ၊ မော်၊ မေ၊ မ” ကာတွန်းများရေးဆွဲခဲ့သူ ကာတွန်းဝင်းမောင်သည် ကာတွန်းကံချွန်၏ ဆရာရင်းဖြစ်သည်။ သူ၏ ပထမဆုံး ကာတွန်းမှာ ၁၉၆၉-ခု၊ အောက်တိုဘာလ ဟံသာဝတီ သတင်းစာတွင် ဖော်ပြခံခဲ့ရပြီး၊ ကြေးမုံ၊ ဗိုလ်တထောင်၊ လုပ်သား သတင်းစာများနှင့် ရှုထောင့် ဂျာနယ်၊ သတင်းဂျာနယ် တို့တွင် ကာတွန်းများ ရေးသားခဲ့သည်။ အလားတူ မိုးဝေ၊ ချယ်ရီ၊ ကလျာ၊ မဟေသီ စသည့်မဂ္ဂဇင်းများနှင့် မန္တလေးထုတ် ဂျာနယ်အများစုတွင်လည်း ကွယ်လွန်ချိန်အထိ ကာတွန်းများ ရေးသားနေဆဲဖြစ်သည်။ ပထမဆုံးဝင်ပြိုင်တဲ့ ရှုထောင့်ဂျာနယ်ကာတွန်း ပထမဆုရခဲ့သည်။ ပထမဆုံး ဝင်ပြိုင်တဲ့ ဦးဘဂျမ်းကာတွန်းဆု ပထမရခဲ့သည်။ သူရေးသားထုတ်ဝေခဲ့ပြီးသော စာအုပ်ပေါင်း ၇၃ အုပ်ရှိပြီဖြစ်ပြီး နာမည်ကျော် စာအုပ်များထဲတွင် ခေတ်ကျောင်းသား၊ ကြားဖူးနားဝ ပုံပြင်များ၊ မန္တလေးမြို့က လူတွေအကြောင်း၊ အပျိုစင်တို့ သိသင့်သမျှ (၁) (၂) ၊ အမျိုးသားတို့ သိဖို့ မိန်းမတို့ အကြောင်း၊ စီးပွားရေး ဟာသ စသည့် စာအုပ်များမှာ လူသိများသည်။ သူ၏ ဇာတ်ကောင်များ ဖြစ်ကြသော ဘ၊ ဘွားစွာ၊ ကိုပါရာနှင့် ကျော်မင်းဟန်တို့ကိုလည်း လူသိများသည်။ ကာတွန်း ကံချွန်သည် ကာတွန်း၊ သရုပ်ဖော်ပုံ၊ ပန်းချီ တို့ ရေးဆွဲခြင်း အပြင် ဝတ္တု၊ ဆောင်းပါး၊ သရော်စာ တို့ကို ရေးသားခဲ့ပြီး ဒါရိုက်တာလည်း လုပ်ခဲ့ဖူးသည်။ မန္တလေးမြို့ဝန်းကျင်တွင် ဗွီဒီယို (၃) ကားခန့် ရိုက်ကူးခဲ့ပြီး နောက်ဆုံးရိုက်ကူးခဲ့သော လေဘာတီမမြရင် နှစ် (၁၀၀) ပြည့် အငြိမ့်ဗွီစီဒီအခွေမှာ ပရိသတ်အကြား အပျံ့အနှံ့ဆုံးဖြစ်သည်။ ဘ၊ ဖွားစွာ၊ ကိုပါရာ၊ ကျော်မင်းဟန် အမည်ရှိ ကာတွန်းဇာတ်ကောင်များ ပါဝင်သော ကာတွန်းဇာတ်လမ်းများကို ပုံပမာ၊ ရုပ်စုံကမ္ဘာ၊ တွတ်ပီကမ္ဘာ အစရှိသည့် ကာတွန်းရုပ်စုံများတွင် ရေးဆွဲခဲ့သည်။ ယင်းအပြင် အဆိုပါ ကာတွန်းဇာတ်ကောင်များ ပါဝင်သော လုံချင်းကာတွန်းစာအုပ်များလည်း ထုတ်ဝေခဲ့သေးသည်။
ကံချွန်ကပြောသော ကံချွန်ဆိုသည်မှာကံချွန်ဆိုတာ မြန်မာပြည်က ပန်းချီဆရာ၊ ကာတွန်းဆရာ၊ စာရေးဆရာပါ။ မန္တလေးမြို့မှာ မွေး၊ မန္တလေးမြို့မှာ ကြီး၊ မန္တလေးမြို့မှာပဲ နေပါတယ်။ လေဘာတီ မမြရင် နှစ် ၁၀၀ ပြည့် အမှတ်တရ၊ မန္တလေးအငြိမ့် အလွမ်းပြေ VCD ရိုက်ကူးခဲ့တယ်။ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ သရော်စာ၊ ဟာသတိုများနဲ့ လူငယ် ပညာပေး အတွေးအခေါ်ဆိုင်ရာ စာပေမျိုးစုံကို ရေးသားပြုစုခဲ့ပါတယ်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများမှာ ကာတွန်း ရေးခဲ့တယ်။ ကာတွန်း ဇာတ်လမ်းရှည်တွေလည်း ရေးခဲ့တယ်။ ဂျာနယ်တွေမှာ ကွက်ဆက် ကာတွန်းနဲ့ တကွက်ချင်း ကာတွန်းတွေ ရေးခဲ့တယ်။ ပန်းချီကားများစွာ ရေးခဲ့သလို ကိုယ်ပိုင်ပန်းချီပြခန်းကို ၁၉၉၆ ခုမှာ ထူထောင်ခဲ့တယ်။ အနုပညာအလုပ်တွေ အများကြီးကို တပြိုင်တည်း လုပ်နေတာဟာ ဆရာကံချွန်ပါပဲ။ သူ့ပုံရိပ်ကို ခွဲခြားပြီး ပြောပါ့မယ်။ ကလောင်အမည် ကံချွန်၊ အမည်ရင်း ကံချွန်။ အဖနဲ့ အမိ ဦးဘဌေး- ဒေါ်အေးရွှင်။ မွေးရက် ၄ ရက်၊ ဧပြီ ၁၉၄၆ ။ မွေးရာဇာတိ မန္တလေးမြို့၊ မြန်မာပြည်။ မွေးချင်း ဘိုမောင်(ကာတွန်းဆရာ)၊ လှဝင်း(ဓာတ်ပုံဆရာ)၊ မျိုးဆက်သမီးစိန်စိန်ဦး၊ သမက် ကိုမြင့်အောင်(ထုတ်ဝေသူ)၊ မြေး -မောင်အောင်မျိုးဦး၊ မောင်ကျော်မင်းဦး၊ မနှင်းပွင့်ဖြူ ![]()
ကိုယ်ပိုင်ပန်းချီပြခန်းကိုယ်ပိုင်ပန်းချီပြခန်းကို ၁၉၉၆-ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ဘဝနိဂုံးအသည်းကင်ဆာကို ဆေးကုသနေရသည့်ကြားက ဆရာကံချွန်သည် ၂၀၀၉-ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ ယနေ့အထိ မန္တလေးမြို့ Oriental House တွင် သူ၏ ကာတွန်း ကံချွန် တစ်ကိုယ်တော်ပြပွဲ ၂၀၀၉ ပန်းချီပြပွဲကို ပြုလုပ်နေပြီး သူ၏ ပန်းချီပြပွဲ နောက်ဆုံးနေ့ (၂၀.၈.၀၉) ညနေ သုံးနာရီ ခွဲတွင် မန္တလေးနေအိမ်၌ ကွယ်လွန်သွားခြင်း ဖြစ်သည်။ ကံချွန်သည် ကွယ်လွန်ချိန်တွင် အသက် ၆၄ နှစ်ရှိပြီဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဇနီး၊ သမီးနှင့် မြေးသုံးဦး ကျန်ရစ်ခဲ့သည်။ ရေးသားထုတ်ဝေခဲ့သောစာအုပ်များ
ကိုးကား
|
Portal di Ensiklopedia Dunia