ကျောက်မီးသွေးကတ္တရာလမ်းခင်းရာတွင် အသုံးပြုလေ့ ရှိသောကျောက်မီးသွေးကတ္တရာကို လူတိုင်းလိုပင် မြင်ဘူးကြ ပေမည်။ ထိုကတ္တရာကို ကျောက်မီးသွေးအပျော့မျိုးမှ မီးထွန်း ဓာတ်ငွေ့နှင့် ကုတ်မီးသွေး ထုတ်လုပ်သည့်လုပ်ငန်းတွင် ဘေးထွက်ပစ္စည်းအဖြစ်ဖြင့် ရရှိ၏။ ထိုကျောက်မီးသွေး ကတ္တရာတွင် ဩဂဲနစ်ပစ္စည်း အမြောက်အမြားပါဝင်၍ ထိုပစ္စည်းမှ ပိုးနှိမ်ဆေး၊ ဆီချွတ်ဆေး၊ ဆိုးဆေး၊ ရေမွှေး၊ ဓာတ်မြေဩဇာ စသည်ဖြင့် ပစ္စည်းအမျိုး ပေါင်းများစွာကို ပြုလုပ်ယူနိုင်ပေသည်။ အမှန်မှာ ကတ္တရာမှ ပစ္စည်း ၁၂ မျိုးလောက်ကိုသာ မူရင်းအားဖြင့် ရရှိနိုင်လေသည်။ သို့ရာတွင် ဓာတုဗေဒပညာရှင်သည် ထိုမူရင်းပစ္စည်းများမှ ထောင်ပေါင်း များစွာသော ဒြပ်ပေါင်းအသစ်များကို ဓာတုဗေဒနည်း အမျိုးမျိုးဖြင့် ဖော်စပ်ချက်လုပ်နိုင်ပေသည်။ ကျောက်မီးသွေးကတ္တရာတွင် ပါဝင်လျက်ရှိသော ပစ္စည်းအမျိုးမျိုးကို ထုတ်ယူနိုင်ရန်အတွက် ကတ္တရာတန်ချိန် ၂ဝ မျှ ဝင်နိုင်သော သံပေါင်းအိုးကြီးများတွင် ကတ္တရာကို ထည့်၍ အဆင့်ဆင့် ပေါင်းခံနည်းဖြင့် ပေါင်းခံပေးလေ့ရှိသည်။ ထိုကဲ့သို့ ပေါင်းခံလိုက်သောအခါ ဆူမှတ်အနည်းဆုံးဖြစ်သည့် ပထမ ဆင့်၌ ဆီအပေါ့စားများကို ရရှိ၏။ ထိုပစ္စည်းများတွင် ဗင်ဇော၊ တော်လျူအောနှင့် ဇိုင်လောခေါ် ပစ္စည်းများ ပါဝင်သည်။ ဗင်ဇောမှ ဗင်ဇင်းအစစ်ကို ပြုလုပ်၍ ထိုပစ္စည်းမှတဖန် အန်နီလင်းနှင့်တကွ ဆိုးဆေးပေါင်း များစွာကို ပြုလုပ်ယူနိုင် လေသည်။ ဗင်ဇောမှ ဗစ်တား အယ်လမန်ဆီ (ဗာဒမ်စားဆီ) တစ်မျိုးကိုလည်း ပြုလုပ်နိုင်၍ ထိုဆီကို ဆပ်ပြာမွှေးများ ပြုလုပ်ရာတွင် အသုံးပြုလေ့ရှိကြသည်။ တော်လျူအောမှ ဗင်ဇိုအစ်အက်ဆစ်ကို ပြုလုပ်နိုင်၍၊ ဗင်ဇိုအစ်ဆက်ဆစ်မှတစ်ဖန် အစားအစာများတွင် မပုပ်မသိုးရအောင် ထည့်ပေးရသော ဆိုဒီယမ်ဗင်ဇိုအိတ်ခေါ် ဓာတ်ဆားတစ်မျိုးကို ပြုလုပ်နိုင်ပေသည်။ တီအင်တီခေါ် အလွန်ပြင်းထန်စွာ ပေါက်ကွဲတတ်သည့် ပစ္စည်း၊ ရိုးရိုးသကြားထက် အဆပေါင်း ၃ဝဝ မျှ ပို၍ချိုသော ဆက်ကရင်းသကြားနှင့် အမွှေးနံ့သာများ ပြုလုပ်ယူရသော ဗင်ဇောဒီဟိုက်တို့မှာလည်း တော်လျူအောမှ ပြုလုပ် ယူခြင်းပင် ဖြစ်၏။ ဇိုင်လောမှ အရောင်အမျိုးမျိုးရှိသော ဆိုးဆေးပေါင်းများစွာကို ပြုလုပ်ယူနိုင်သည်။
တတိယဆင့်တွင် ရရှိသော ပစ္စည်းများ၌ နက်ဖသလင်း၊ ကရီဥစုတ်များနှင့် ကွင်နိုလင်ခေါ် ပစ္စည်းများ ပါဝင်ကြ၏။ နက်ဖလင်းမှ မဲနယ်ရောင်၊ အဝါရောင်၊ ကြက်သွေးရောင်၊ ပန်းရောင်နှင့် အစိမ်းရောင်ဆိုးဆေးများကိုလည်းကောင်း၊ ဆေးဝင် ပစ္စည်းများကိုလည်းကောင်း၊ ပရုတ်လုံးများကိုလည်းကောင်း ပြုလုပ်ရရှိနိုင်သည်။ ကရီဥစုတ်၌ သစ်သားများ မဆွေးမြည့်နိုင် ပိုးမစားစေနိုင်သော သတ္တိရှိသဖြင့် အိမ်တိုင်နှင့် အကာအရံများကို ဤဆီဖြင့် သုတ်လိမ်းပေး ရလေသည်။
ကိုးကား
|
Portal di Ensiklopedia Dunia