ကျော်ထွန်း၊ ဦး (အရေးပိုင်)ပညာရှိ အရေးပိုင် ဦးကျော်ထွန်းကား မြန်မာသက္ကရာဇ် ၁၂၂၆ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက်၊ တနင်္လာနေ့တွင် ရွှေတောင်မြို့၌ ဖွားမြင်ခဲ့သည်။ ပညာသင်ကြားခြင်းကိုကျော်ထွန်းသည် ခရစ် ၁၈၈၆ ခုနှစ်၊ အသက် ၂ဝ အရွယ်တွင် အင်္ဂလိပ် အလယ်တန်း စာမေးပွဲကို ပြည်မြို့မှ ဖြေဆိုရာ အောင်မြင်ခဲ့သည်။ ခရစ်နှစ် ၁၈၉ဝ ပြည့်နှစ်တွင် ဘင်္ဂလားစာမေးပွဲ (ကာလကတ္တား တက္ကသိုလ်ဝင် စာမေးပွဲ) ကို ဖြေဆို အောင်မြင်ခဲ့ပြန်သည်။ အသက် ၂၂ နှစ်အရွယ်မှ စ၍ ကိုကျော်ထွန်းသည် အာလံမြို့ (ယခု အောင်လံမြို့) မြူနီစပယ် အင်္ဂလိပ်ကျောင်းတွင် ကျောင်းဆရာ အဖြစ် အမှုထမ်းဆောင်ခဲ့သည်။ အစိုးရဝန်ထမ်း ဦးကျော်ထွန်းကျောင်းဆရာ လုပ်သက် (၄) နှစ် ရှိသောအခါ ဆရာ အဖြစ်မှ နုတ်ထွက်၍ မုံရွာမြို့ အရေးပိုင်ရုံးတွင် စာရေးကြီးအဖြစ် ထမ်းဆောင်ခဲ့သည်။ များမကြာမီ ဦးကျော်ထွန်းသည် အခွန်ဝန် အဖြစ် ရာထူးတိုးမြှင့် ခန့်အပ်ခြင်း ခံရသည်။ မုံရွာမြို့မှ ရွှေဘိုမြို့သို့ ယင်းရာထူးဖြင့်ပင် ပြောင်းရွှေ့ ထမ်းဆောင်ခဲ့ရပြန်သည်။ အထက်အောက် ဆက်ဆံရေး ပြေပြစ်ခြင်းနှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်မှုတို့ကြောင့် ထီးချိုင့်မြို့သို့ ပြောင်းရွှေ့ကာ မြို့ပိုင်အဖြစ် အမှုထမ်းဆောင် ခဲ့ရပြန်သည်။ ယင်းရာထူး အပြင် ငွေတိုက်အရာရှိ အဖြစ်၊ ပညာအုပ် အရာရှိ အဖြစ်၊ စသည့် တာဝန်များကိုပါ ပူးတွဲ ထမ်းဆောင်ခဲ့ရသည်။
ပညာရှိ အရေးပိုင် ဦးကျော်ထွန်းဦးကျော်ထွန်းမှာ မြန်မာလူမျိုးတို့ အတွက် အမြင့်ဆုံးသော ရာထူးပင် ဖြစ်သည်။ အရေးပိုင်မင်း ဦးကျော်ထွန်းသည် အစိုးရ အမှုကို ထမ်းဆောင်ရင်း မြန်မာစာပေ ကြီးပွား တိုးတက်ရေးကိုလည်း အားထုတ် ကြိုးပမ်းခဲ့သည်။ ရှင်မဟာရဋ္ဌသာရ စီကုံး ရေးသားခဲ့သော ကိုးခန့်ပျို့ကို ကိုးခန်းပျို့ အဖြေကျမ်းကြီး အဖြစ် ၂ တွဲ ပြုစုကာ ပုံနှိပ် ထုတ်ဝေခဲ့သည်။ ယင်းကိုးခန်းပျို့ အဖြေကျမ်းကြီးကား စံထားထိုက်သော အဖြေကျမ်းကြီး တစောင်ပင် ဖြစ်ပေသည်။ မြန်မာစာ ညွန့်ပေါင်းကျမ်း ပြုစုခြင်း၁၉၁၉ ခုနှစ်တွင် ဦးကျော်ထွန်းသည် ပညာရေး ဌာနက တာဝန် ပေးအပ်သဖြင့် မြန်မာစာညွန့်ပေါင်းကျမ်းကို ကြီးကြပ်ပြုစုရန် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ သွားရသည်။ ဦးကျော်ထွန်းသည် အယ်ဒီတာ အဖြစ်ဖြင့် ဆောင်ရွက်၍ အကြံပေး အဖွဲ့နှင့် လက်ထောက် အယ်ဒီတာများ ဖြစ်ကြသော ဦးသန့်ဇင်နှင့် မော်ပီဆရာသိန်းကြီး တို့၏ အကူညီကို ယူကာ မြန်မာစာ ညွန့်ပေါင်းကျမ်း အုပ်တွဲ ၄ တွဲ ကို ပြုစု လုပ်ဆောင် ပေးခဲ့သည်။
ဘာသာရေးဆောင်ရွက်ချက်များကျက်သရေဆောင် ရွှေစလွယ်ရမင်း အငြိမ်းစား အရေးပိုင် ဦးကျော်ထွန်းသည် မြန်မာစာပေ၏ အကျိုးစီးပွား တိုးတက်ရာ တိုးတက်ကြောင်း အပြင် မြန်မာ အမျိုးသားတို့၏ ကြီးပွားရာ ကြီးပွားကြောင်းနှင့် ဗုဒ္ဓဘာသာ၏ တိုးတက်ရာ တိုးတက်ကြောင်းတို့ကိုလည်း တဖက်တလမ်းမှ ဆောင်ရွက် လုပ်ကိုင်ခဲ့သည်။
မဟာဝိဇ္ဇာဘွဲ့ချီးမြှင့်ခံရခြင်းဦးကျော်ထွန်းသည် စာပေဘက်တွင် ဗဟုသုတ ပညာဉာဏ် ကြီးမားရုံမျှမက စာပေကြီးပွားရေးနှင့် အမျိုးသား ကြီးပွားရေးကိုလည်း ဆောင်ရွက်ခဲ့သူ ပုဂ္ဂိုလ်ကြီးဖြစ်သည်။ ထို့ကြောင့် ၁၉၃၂ ခုနှစ်၊ ဇူလိုင်လတွင် ရန်ကုန်တက္ကသိုလ်က ဦးကျော်ထွန်းအား မဟာဝိဇ္ဇာဘွဲ့ထူးဖြင့် ချီးမြှင့် ဂုဏ်ပြုခဲ့ပေသည်။ ရန်ကုန်တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့တွင်လည်း အဖွဲ့ဝင် တဦးအဖြစ် ပါဝင် ဆောင်ရွက်စေခဲ့သည်။ ကွယ်လွန်ခြင်းမဟာဝိဇ္ဇာဘွဲ့ရ ကျက်သရေဆောင် ရွှေစလွယ်ရ အငြိမ်းစား အရေးပိုင်မင်း ဦးကျော်ထွန်းသည် သထုံ၌ နေစဉ်အတွင်း အိန္ဒိယနိုင်ငံနှင့် သီဟိုဠ်နိုင်ငံ (ယခု သီရိလင်္ကာနိုင်ငံ) သို့ ဘုရားဖူး ထွက်ခဲ့သေးသည်။ ပြန်ရောက်သော အခါ သင်္ကန်းဝတ်၍ ၅ ဝါတိုင်တိုင် ရဟန်းဘဝနှင့် တရားအားထုတ်ခဲ့သည်။ ထို့နောက် လူဝတ်လဲကာ စာပေဆိုင်ရာ ကိစ္စအဝဝကို လုပ်ဆောင်နေစဉ် မြန်မာ သက္ကရာဇ် ၁၂၉၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ ခရစ်နှစ် ၁၉၃၅ ခု၊ မေလ ၁၈ ရက်နေ့၊ အသက် (၇၁) နှစ် အရွယ်တွင် သထုံမြို့၌ ကွယ်လွန်ခဲ့သည်။ ဦးကျော်ထွန်း ကွယ်လွန်သော အခါ သမီး ၃ ယောက် ကျန်ရစ်ခဲ့သည်။
ကိုးကား
|
Portal di Ensiklopedia Dunia