ကြက်ဆူပင်
ကြက်ဆူပင်သည် နွေးသောရာသီဥတုရှိသည့် ဒေသများ၌ အပေါက်ရောက်ဆုံး ဖြစ်သည်။ အများအားဖြင့် နှစ်ကြာခံပင်မျိုး ဖြစ်၍ မြေဩဇာကောင်းသော အရပ်၌ ပေ ၃ဝ အမြင့်အထိ ရှည်နိုင်သည်။ အေးသောဒေသများ၌ကား တစ်နှစ်သာလျှင် ခံ၍ အပင်၏အမြင့်မှာ ၄ ပေကျော်ခဲသည်။ ![]() ကြက်ဆူပင်၌ လက်ခြားရွက်ကြီးများ ရှိသည်။ အစေ့သည် အရွယ်အမျိုးမျိုး ပုံအမျိုးမျိုးရှိ၍ ယင်း၏အရောင်မှာ ညိုမှိုင်း မှိုင်း ဖြစ်သည်။ အသီး၌ အမွေးကြမ်းများရှိသည်။ အရွက်ကို ပိုးမျှင်ကောင်များ စားသည်။ အစေ့မှရသော အဆီကို ဝမ်းနုတ် ဆေးအဖြစ် သုံးရသည့်ပြင် ချောဆီ၊ လှည်းဆီ၊ သားရေ၊ ဆပ်ပြာများ လုပ်ရာ၌လည်း သုံးရသည်။ ကမ္ဘာတွင် ကြက်ဆူ စေ့ အများဆုံး ထုတ်ရောင်းနိုင်သော နိုင်ငံများမှာ ဘရာဇီး နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်သည်။ မြန်မာနိုင်ငံအထက်ပိုင်း၌ အလေ့ကျပေါက်သော ကြက် ဆူပင် အများအပြားကို တွေ့ရသည်။ တစ်ခါတစ်ရံ ကြက်ဆူ ပင်များကို စိုက်ပျိုးယူကြသည်။ ကြက်ဆူရိုးကြီး၊ ကြက်ဆူရိုးနီ၊ ကြက်ဆူရိုးဖြူတို့ ရှိကြရာ ကြက်ဆူရိုးကြီးသည် အရွက်ကြီး သော ကြက်ဆူပင်မျိုး ဖြစ်သည်။ ယင်းကို သင်္ဘောကြက်ဆူဟု လည်း ခေါ်သည်။ ကြက်ဆူရိုးနီသည် အရိုးနီသော ကြက်ဆူပင် မျိုး ဖြစ်၍ ကြက်ဆူရိုးဖြူသည် အရိုးဖြူသော ကြက်ဆူပင်မျိုး ဖြစ်သည်။ ကြက်ဆူရိုးကြီးအရွက်မှရသော အစေးကို အနာလိမ်း ဆေးအဖြစ် သုံးရသည်။ အစေ့မှရသော ဆီကို ဝမ်းနုတ်ဆီ၊ အန်ဆေးအဖြစ် သုံးရ၍ ဆပ်ပြာ၊ ဖယောင်းတိုင်၊ ချောဆီများ လုပ်ရာ၌လည်း သုံးရသည်။ ရှေးအခါက ကြက်ဆူရိုးဖြူ အရိုးကိုပြာချ၍ သစ်သားသင်ပုန်းချေရာတွင် အသုံးပြုကြသည်။ [၁]
အပင်ကြက်ဆူတွင် ရိုးနီ ၊ ရိုးစိမ်း ဟူ၍ ရှိသည်။ အမြဲစိမ်းလန်းသော ပင်ငယ်တစ်မျိုးဖြစ်၍ အမြင့် ၁၀ ပေ ထိရှိတတ်၏။ အပင်ကြီးထွားမှု မြန်သည်။ ပင်စည်ခေါင်းပွ ဖြစ်သည်။ အရွက်ရွက်လွှဲထွက်၏။ ရွက်ပြားကြီးပြီး အလွန်နက်သော အဟိုက်များ ၇-၈ ခုထိ ပါရှိသည်။ ရွက်နားတွန့်၏။ ရွက်ကြောများ ရွက်ညှာထိပ်မှ စဖြာသည်။ ရွက်ညှာရှည်၍ တုတ်၏။ အရွက်နုစဉ် ရွက်ပြားနီညိုရောင် သို့မဟုတ် အစိမ်းရောင် ရှိ၏။ ရွက်ညှာတံနှင့် ရွက်ကြောအနီရောင် သို့မဟုတ် အစိမ်းရောင်ဖြစ်၏။ အပွင့်အဖိုပွင့် ၊ အမပွင့် ရှိ၏။ အသီး အသီးသည် အခိုင်လိုက်ပြွတ်၍ သီးသည်။ အသီးသည် အချင်း ၁/၂ ၁ လက်မထိရှိ၍ ပျော့ပျောင်းသော ဆူးငယ်များရှိသည်။ အခန်း ၃ ခန်း ပါ၏။ အစေ့ကြွေစေ့ခန့်ရှိပြီး ရှည်မျောမျော ပုံဖြစ်သည်။ ပြောင်ချောနေသည်။ အညိုကြားနှင့် အဖြူကြား အနက်စသည်ဖြင့် အရောင်အမျိုးမျိုးရှိသည်။ အသုံးဝင်ပုံအရွက် ၊ အစေ့ ၊ အစေ့ဆီ။အျမစ္ အာနိသင်မြန်မာဆေးကျမ်းများ အလိုအရ ကြက်ဆူသည် ချို၏။ ခါးသက်သက်ရှိ၏။ ပူသော ဂုဏ်သတ္တိရှိ၏။ ကြေကျက်ခဲ၏။ သုတ်ကို ပွားစေ၏။ ဝမ်းသက်စေ၏။ ဝမ်းမီးကို တောက်စေ၏။ ထက်မြက်၏။ လေသလိပ်ကို နိုင်၏။ အရွက်အသုံးပြုပုံ၁ ။ အရွက်ကို ခေါင်း ကိုက်ပျောက်ဆေး၊ အနာအုံဆေး အဖြစ် အသုံးပြုသည်။ ၂ ။ အရွက်ကို ရေဖြင့် သုံးခွက်တစ်ခွက်တင် ကျို၍ သောက်လျှင် လေသလိပ်အားကြီးခြင်းဝှေးစေ့ကြီးခြင်း ၊ ဆီးအိမ်၌ ထုံကျင်ကိုက်ခဲခြင်းနှင့် လည်ချောင်းနာ ၊ သည်းခြေနာတို့ကို ပျောက်စေ၏။ အစေ့အသုံးပြုပုံ၁ ။ ကင်းဆိပ်ဖြေဆေးအဖြစ် အစေ့ကို သွေး၍ လိမ်းပေးရ၏။ ၂ ။ လေချုပ်၊ အဖျား ၊ ချောင်းဆိုး၊ ဝမ်းဗိုက် ဖောရောင် ၊ ထိုးအောင့်ခြင်း ၊ ခါး ၊ ဆီးအိမ် ၊ ခေါင်းကိုက်ခဲခြင်း နှင့် ပန်းနာ ၊ နူနာ ၊ ဖျဉ်းဒူလာ ၊ အသည်း ရောဂါ၊ ဝမ်းကိုက်ရောဂါတို့အတွက် ဖော်စပ်သောဆေးများတွင် ထည့်သွင်းအသုံးပြု၏။ အစေ့ဆီအသုံးပြုပုံ၁ ။ အစေ့ဆီကိုပြုပြင်၍ ဝမ်းနုတ်ဆေးဖော်စပ်ရာတွင် သုံးသည်။ ၂ ။ ကလေး လွယ်ကူစွာ ဖွားမြင်နိုင်ရန်အတွက် ကြက်ဆူဆီကို သုံး၏။ ၃ ။ ကြက်ဆူဆီကို ဆံပင်သန်ဆေးအဖြစ်လည်း သုံး၏။ မှတ်ချက်အစေ့မှ တိုက်ရိုက်ထုတ်၍ ရသော အဆီကို စားသုံးဆေးအဖြစ် တိုက်ရိုက် သုံးစွဲ၍မရပါ။ ၎င်းအဆီမှ အဆိပ်ဖြစ်စေတတ်သော ဓာတ်များ ကို ထုတ်ပြီးမှ သောက်ဆေးအဖြစ် အသုံးပြုနိုင်သည်။ ကြက်ဆူစေ့ကို စားလျှင် သေနိုင်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia