ကြက်ရိုးပင် (အရှေ့)ရွာ၊ အုတ်တွင်းမြို့နယ်
ကြက်ရိုးပင် (အရှေ့)ရွာ (အင်္ဂလိပ်: Kyetyoepin(East))သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ တောပုကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၀၈၇၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တောပုကျေးရွာအုပ်စုတွင် ကျား ၂၀၂၆ ဦး၊ မ ၂၂၇၆ ဦး၊ လူဦးရေ စုစုပေါင်း ၄၃၀၂ ဦးနေထိုင်သည်။ ကြက်ရိုးပင် ကြက်ရိုးပင်ကျေးရွာသည် ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်၊တောပုကျေးရွာအုပ်စုအတွင်းတည်ရှိသော ရှေးဟောင်းရွာတရွာဖြစ်ပါသည်။ သမိုင်းဝင်သော်လည်း လူမသိမထင်မရှားသော ရွာတရွာ သို့မဟုတ် တောင်ငူခေတ်က "ကြက်ရိုးပင်ရွာ "။ ကြက်ရိုးပင်ရွာသည် တောင်ငူရာဇဝင်တွင် အရေးပါသောရွာတရွာဖြစ်ပြီးကေတုမတီမြို့မတည်မီကရှိခဲ့သော ကျေးရွာတခုဖြစ်သည်။နောက်ပိုင်းရေးသည့်တောင်ငူရာဇဝင်များတွင် ပထမဆုံးတည်ခဲ့သောတောင်ငူငယ်ကိုဖော်ပြရာတွင် ကြက်ရိုးပင်ရွာအနောက်ဖက်တွင်တည်ရှိပြီးတောဖြစ်နေသည့်အတွက် တောင်ငူတောဟုခေါ်ကြောင်းဖော်ပြပါရှိပါသည်။ ကြက်ရိုးပင်ရွာသည် ခပေါင်းချောင်းနံဘေးကစည်ကားသောရွာကြီးတရွာဖြစ်ပါသည်။သက္ကရာဇ်၈၄၇ခုနှစ်မှာမင်းကြီးညိုနန်းတက်ပါခဲ့ပါသည်။မြဝတီ ဒွာရာဝတီ ကေတုမတီ မြို့သစ်များတည်ပြီးစိုးစံတော်မူခဲ့ပါသည်။သက္ကရာဇ်၈၇၈ခုနှစ်မှာ အတိတ်ထူးနိမိတ်ထူးများ နှင့် သားတော်တပင်ရွှေထီးကိုဖွားမြင်ခဲ့ပြီးတဦးတည်းသောသားတော်ဖြစ်သည့်အတွက် မင်းပေါင် မင်းလက်မင်းဆွေမင်းမျိုးတို့ကို အမအစပေးကြောင်းမှတ်သားရပါသည်။ တောင်ခမင်းကြီးသားတော်မင်းဆွေ(ဘရင့်နောင်၏ခမည်းတော်)တပါး(ထန်းတက်သမားမဟုတ်) ကြက်ရိုးပင်မင်းကြီးသားတော် ရှင်နီတာတပါး၊ ရှင်သီဟ တပါး၊ပတ္တမြားတပါး တို့ကိုရွေးချယ်ခန့်ထားကြောင်း မဟာရာဇဝင်ကြီး။တွင်းသင်းရာဇဝင်သစ် မှန်နန်းရာဇဝင်တို့တွင် ရေးသားဖော်ပြပါသည်။၈၉၂ခုနှစ်နတ်တော်လဆန်း၅ရက်တွင် မင်းကြီးညိုနတ်ရွာစံပြီး သားတော်တပင်ရွှေထီး24.11.1530 တွင်နန်းတက်ပါသည်။ မင်းကြီးဆွေကိုဖခင်ကဲ့သို့ချစ်ခင်သဖြင့် မင်းရဲသိင်္ခသူဘွဲ့ဖြင့်အဆောင်ယောင်တွေချီးမြှင့်ပါခဲ့ပါသည်။ နောင်အခါဟံသာဝတီကိုထီးနန်းပြောင်းရွှေ့သောအခါတွင် တောင်ငူဘုရင်ခံခန့်အပ်ခဲ့ခြင်းခံရပါသည်။ ကြက်ရိုးပင်မင်းကြီး၏သားရှင်နီတာကို သတိုးဓမ္မရာဇာဘွဲ့ နောင်အခါ ပြည်ဘုရင်ခံဖြစ်လာပါသည်။ ရှင်သီဟကို စည်သူကျော်ထင် နောက်အခါ စလင်းမြို့စားရှင်နတ်တော်ကို ဘယနန်သူ ဘွဲ့ မင်းကြီးဆွေ၏သား ရှင်ရဲထွတ် ကို ကျော်ထင်နော်ရထာဘွဲ့ချီးမြှင့်ပြီး အမတော်သခင်ကြီးနဲ့လက်ဆက်ပေးခဲ့ပါသည်။ ကြက်ရိုးပင်မင်းကြီးရဲ့သားပြည်ဘုရင်ခံသတိုးဓမ္မရာဇာသည် ၉၁၂ခုနှစ်မင်းတရားရွှေထီးလုပ်ကြံခံရပြီးနောက်ပိုင်းတွင် သတိုးသူဘွဲ့ခံပြီးပုန်ကန်ခဲ့ပါသည်။ဘုရင့်နောင်၏ညီတော်မင်းခေါင်က သတိုးဓမ္မရာဇာကိုတိုက်ခိုက်နှိမ်နင်းခဲ့ပါသည်။ နောက်ကြက်ရိုးပင်စားတဦးလည်းရာဇဝင်မှာထင်ရှားခဲ့ပါသည်။တောင်ငူရဲ့ကြေကွဲဖွယ်သံဝေဂရဖွယ်နိဂုံးတွင်ကြက်ရိုးပင်စားနောက်တဦးကအဓိကသက်သေအဖြစ်ပါဝင်နေခဲ့သောကြောင့်ဖြစ်ပါသည်။ သက္ကရာဇ်၉၇၂မှာအနောက်ဖက်လွန်မင်းတောင်ငူကိုလာရောက်တိုက်ခိုက်ပါခဲ့ပါသည်။အားမတန်သဖြင့်အညံ့ခံလိုက်ရပြီးတောင်ငူနန်းတော်ကိုမှန်ကင်းချကာနတ်ရှင်နောင်ကိုဘုရင်ခံအဖြစ်မြို့ကိုအပ်ကာ လူသူဆင်မြင်း၃ပုံ၂ပုံကိုသိမ်းယူခဲ့သည်။ငဇင်ကာသည်၉၇၄တွင်တောင်ငူကိုလာရောက်တိုက်ခိုက်ကာ နတ်ရှင်နောင်ကို သံလျင်သို့ဆောင်ယူပါခဲ့ပါသည်။အနောက်ဖက်လွန် မင်းကသံလျင်ကိုတိုက်ခိုက်အောင်မြင်သည့်အခါတွင်ငဇင်ကာကိုစစ်မေးရာမှာ တောင်ငူမင်းကလာခေါ်ရန်ခေါ်၍ခေါ်ဆောင်ခြင်းဖြစ်ကြောင်း ဖြေဆိုခဲ့ပါသည်။နတ်ရှင်နောင်ကိုမေးရာတွင် မိမိ မခိုင်းကြောင်းဖြေပါသည်။ငဇင်ကာကိုထပ်စစ်သော အခါတွင် တောင်ငူမင်းကစေသသူ ကြက်ရိုးပင်စားကိုမေးပါဟု ဖြေခဲ့ပါသည်။ ကြက်ရိုးပင်စားကိုစစ်သည့်အခါတွင်မှ ကျွန်ုပ်ကိုစေတာမှန်ပါကြောင်းနှင့် ကတ္တီပါအိတ်သွပ်ပြီးအမှတ်အသားနှင့်ဖြစ်၍မည်သည့်စာမှန်းမသိကြောင်းလျှောက်ထားသည့်အခါအနောက်ဖက်လွန်မင်းက စေတာမှန်ပေပြီ။တောင်ငူကို သိမ်းစဉ်က မြို့ကိုမျှမသိမ်း မြို့ကိုပေးတော်မူ၍ချမ်းသာစွာနေစေသည့်ကျေးဇူးကိုမသိ လူသွမ်းကိုမြို့လယ်တွင်ကွပ်လေဟုမိန့်၏။ငဇင်ကာကိုလည်း မြို့လယ်တွင်တံကျင်လျှိုစေဟု အမိန့်ပေးပါခဲ့ပါသည်။နတ်ရှင်နောင်၏အလောင်းကိုညီတော်တောင်ငူမင်းရဲကျော်ထင်ကိုသဂြိုဟ်စေပါသည်။ ယခုသံလျင်မြို့ကျိုက်ခေါက်စေတီ၏အနောက်မြောက်ခြေရင်းတွင် နတ်သျှင်နောင်အထိမ်းအမှတ်စေတီရှိပါသည်။ ယခုလက်ရှိကြက်ရိုးပင်ရွာကိုခပေါင်းချောင်းရေတိုက်စားလို့၁၃၅၄ခုမှာအခုရွာသစ်နေရာကိုပြောင်းခဲ့ရပြီး မူလရွာဟောင်းမှာ လက်ရှိရွာ၏မြောက်ဘက်တွင်တည်ရှိနေပါသေးသည်။ [၁] ကိုးကား
2.U Mya Thaung (ကြက်ရိုးပင် ခရီးစဉ်စာစုမှ)
|
Portal di Ensiklopedia Dunia