ကြယ်ဖြူပုကြယ်ဖြူပု (အင်္ဂလိပ်: White dwarf) ဆိုသည်မှာ ကြယ်နီ သို့မဟုတ် ကြယ်ဝါ သို့မဟုတ် ဒြပ်ပမာဏ သေးငယ်သော ကြယ်ပြာ တခုခု ရေရှည်သက်တမ်းကာလ ပြီးဆုံး၍ အပြင်လွှာများ လွင့်စဉ်ကွာထွက်ပြီးလျှင် အတွင်းသား ကျန်ရစ်သော ကြယ်ကြွင်း ဖြစ်သည်။ ထို့ကြောင့် နျူကလီးယား ပေါင်းစည်းမှု ဆက်လက် မဖြစ်ပေါ်၊ မလောင်မြိုက်တော့သော ဒြပ်သားအစုအဝေး ဖြစ်ပြီး ကြယ်ဖြူပုတို့ကို အီလက်ထရွန်-ပြိုဆင်းဒြပ်သားတို့ဖြင့် အဓိက ဖွဲ့စည်းကျန်ရစ်တတ်သည်။ ကြယ်ဖြူပုများ၏ သိပ်သည်းမှုက အလွန် မြင့်မားသည်၊ ဥပမာအားဖြင့် ထုထည် အရွယ်အစားက ကမ္ဘာဂြိုဟ်မျှသာ ရှိသော ကြယ်ဖြူပု တလုံး၌ သိပ်သည်းပါရှိနေသည့် ဒြပ်ထုပမာဏသည် (ကမ္ဘာဂြိုဟ်အလုံးထက် အဆ ၁သန်းကျော်ခန့် ထုထည် ရှိသော) နေလုံး၏ ဒြပ်ပမာဏမျှ ရှိနေပေမည်။ သို့သော် ကြယ်ဖြူပုတို့၏ လင်းအား (en:luminosity)မှာ နည်းပါးသည်။ အကြောင်းမှာ ကြယ်၏ ရေရှည်သက်တမ်းကာလက တောက်လောင်ခဲ့သော စွမ်းအင်တို့၏ အကြွင်းကျန်ဖြင့်သာ ဆက်လက် လင်းတောင်နေခြင်းကြောင့် ဖြစ်သည်။ ကြယ်ဖြူပု၏ အရောင်မှာ အခြားကြယ်များကဲ့သို့ပင် ဖြစ်သော်လည်း အခြားကြယ်များကဲ့သို့ တောက်ပခြင်း မရှိပေ။ ကြယ်ဖြူပုများကို ၁၉ ရာစုတွင် တွေ့ရှိခဲ့ပြီး အစောဆုံး တွေ့ရှိခဲ့ရသည်တို့မှာ အဖြူရောင်များ ဖြစ်ကြသည်။ ကြယ်ဖြူပုအများစုမှာ ကမ္ဘာနှင့် အရွယ်အစား အတူတူခန့်ရှိကြပြီး နေထက် အဆ ၁၀၀ ခန့် ပို၍ သေးငယ်သည်။ သို့သော် သူတို့သည် နေလောက်နီးနီး လေးလံကြပြီး ထို့အတွက် ၎င်းတို့မှာ အလွန်သိပ်သည်းကြသည်။ ကြယ်ဖြူပုမှာ ပို၍ လေးလံလေလေ ၎င်း၏အရွယ်အစားမှာ ပို၍သေးငယ်လေ ဖြစ်သည်။ ကျွန်ုပ်တို့၏ နေကဲ့သို့သော ကြယ်များသည် လောင်စာကုန်သွားပါက ကြယ်ဖြူပုအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။ သက်တမ်းကုန်ခါနီးတွင် ဧရာမ ကြယ်နီ အဆင့်ကို ဖြတ်သန်းရမည် ဖြစ်ပြီး သူ၏ ဓာတ်ငွေ့အများစုကို ထိုအခြေအနေတွင် ဆုံးရှုံးရမည်။ ကျန်ရှိနေသော ဓာတ်ငွေ့များ နေသားတကျ ဖြစ်သွားပါက ၎င်းသည် နုနယ်သော ကြယ်ဖြူပုအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။ ကျမ်းကိုး
အခြားကြည့်ရန် |
Portal di Ensiklopedia Dunia