ချူအင်လိုင်း
တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ထူထောင်ချိန် ၁၉၄၉ ခုနှစ်မှ စ၍ ကွယ်လွန်ချိန်အထိ ချူအင်လိုင်း (周恩来 - အသံထွက် ကျိုးအင်းလိုင်) သည် ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့လေသည်။ နိုင်ငံတကာ ဆက်ဆံရေးအတွက် ချူအင်လိုင်းသည် နိုင်ငံတကာ လှည့်လည်သွားလာ ဆွေးနွေး ခဲ့သည်။ ၁၉၅၆ ခုနှစ် ကျင်းပသော ရုရှကွန်မြူနစ်ပါတီ၏ ၂၁ ကြိမ်မြောက် ကွန်ဂရက်သို့လည်းကောင်း၊ ၁၉၆ဝ ပြည့်နှစ် နိုဝင်ဘာလ၊ ဒီဇင်ဘာလများအတွင်း ကျင်းပသော ၈၁ နိုင်ငံ ကွန်မြူနစ်ပါတီများ၏ အစည်းအဝေးသို့လည်းကောင်း၊ ၁၉၆၁ ခုနှစ် အောက်တိုဘာလ၌ ကျင်းပသော ရုရှကွန်မြူနစ်ပါတီ၏ ၂၂ ကြိမ်မြောက် ကွန်ဂရက်သို့လည်းကောင်း ချူအင်လိုင်း တက်ရောက်ခဲ့သည်။ ၁၉၅၄ခုနှစ်နှင့် ၁၉၅၅ ခုနှစ်တို့၌ ကျင်းပပြုလုပ်ခဲ့သည့် ဂျီနီဗာကွန်ဖရင့်နှင့် ဗန်ဒေါင်းကွန်ဖရင့်တို့ကို ဝန်ကြီးချုပ် ချူအင်လိုင်း တက်ရောက်ခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၏ ဖိတ်ကြားချက်အရ ချူအင်လိုင်းသည် ရန်ကုန်မြို့သို့ ၁၉၅၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၆ဝ ပြည့်နှစ်တွင် တစ်ကြိမ်၊ ၁၉၆၄ ခုနှစ်တွင် တစ်ကြိမ် ချစ်ကြည်ရေးခရီး ရောက်ရှိလာခဲ့သည်။ မြန်မာ- တရုတ် နယ်နိမိတ် သဘောတူစာချုပ်နှင့် မကျူးကျော်ရေး စာချုပ်များလည်း ချုပ်ဆိုနိုင်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ချူအင်လိုင်းသည် အာရှ၊ အာဖရိကညီလာခံ ကျင်းပရေးနှင့် တရုတ် အိန္ဒိယ နယ်နိမိတ်ပြဿနာရှင်းရေးအတွက် အီဂျစ်၊ အယ်လဂျီးရီးယား၊ မိုရော့ကို စသည့် အာဖရိကနိုင်ငံ ၁၈ နိုင်ငံသို့ သွားရောက်ခဲ့သည်။ ၁၉၅၄ ခုနှစ် ဗန်းဒေါင်းကွန်ဖရင့်၌ ချူအင်လိုင်းသည် အာရှအရှေ့ပိုင်း တင်းမာမှုနှင့် တိုင်းဝမ်ဒေသ တင်းမာမှုလျော့ပါးရေး ဆွေးနွေးပြီးနောက် အမေရိကန်တို့နှင့် ဆွေးနွေး ရန် အကြိမ်ကြိမ် အားထုတ်ခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်တွင် ချူအင်လိုင်းက တရုတ် အမေရိက ဆွေးနွေးပွဲ အောင်မြင်ရေးအတွက် အစွမ်းကုန် ကြိုးစားခဲ့သည်။ ချူအင်လိုင်း၏ဖိတ်ကြားချက်အရ ၁၉၇၁ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် တစ်ကြိမ်၊ အောက်တိုဘာလ ၂ဝ ရက်နေ့တွင် တစ်ကြိမ် အမေရိကန် သမ္မတ၏ အမျိုးသားလုံခြုံရေးကောင်စီ အကြံပေးအရာရှိ ဟင်နရီ ကစ်ဆင်းဂျားသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ လာရောက်၍ နိုင်ငံရေးရာများ ဆွေးနွေးသည်။ ၁၉၇၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ချူအင်လိုင်း၏ ဖိတ်ကြားချက်အရ အမေရိကန်သမ္မတ နစ်ဆင်သည် ပီကင်းမြို့သို့ ရောက်ရှိလာသည်။ ချူအင်လိုင်းသည် နိုင်ငံတကာ ဆက်ဆံရေး အောင်မြင်သည့် နည်းတူ ပြည်တွင်းရေးရာများကိုလည်း စွမ်းစွမ်းတမန် ဆောင်ရွက်ခဲ့သည်။ ၁၉၇၃ ခုနှစ် ဩဂုတ်လ ၂၄ ရက်မှ၂၈ ရက်တွင် တရုတ်ပြည် ကွန်မြူနစ်ပါတီ၏ ၁ဝ ကြိမ်မြောက် ကွန်ဂရက်ကို လျှို့ဝှက်စွာ ကျင်းပခဲ့သည်။ ထိုကွန်ဂရက်အပြီးတွင် ချူအင်လိုင်းသည် တရုတ်ပြည် ကွန်မြူနစ်ပါတီကို စနစ်တကျ ပြန်လည် အားဖြည့်တည်ဆောက်ခဲ့သည်။ ယင်းကွန်ဂရက်ပြီးနောက် ချူအင်လိုင်းသည် ကင်ဆာရောဂါကပ် ရောက်သဖြင့် ဆေးရုံတက်ခဲ့ရသည်။ ၁၉၇၄ ခုနှစ်ကုန်ခါနီးတွင် ကျန်းမာရေး အခြေအနေ ကောင်းမွန်လာသဖြင့် ၁၉၇၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်မှ ၁၇ ရက်ထိ စတုတ္ထအကြိမ် အမျိုးသား ပြည်သူ့ကွန်ဂရက်ကို ကျင်းပနိုင်ခဲ့သည်။ ထိုကွန်ဂရက်၌ ချူအင်လိုင်း သည် စည်းလုံးညီညွတ်မှု ပိုမိုရရှိစေရန်နှင့် ပွင့်လင်း ဖြောင့်မတ်စေရန် တင်ပြခဲ့သည်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် တင်သွင်းခဲ့သည်။ ပြည်သူ့ကွန်ဂရက် ကျင်းပပြီး နောက်ပိုင်းတွင် ချူအင်လိုင်း၏ ဩဇာနှင့် ဂုဏ်သတင်းသည် တရုတ်ပြည်တွင်း သာမက နိုင်ငံတကာတွင်ပါ ကျော်ကြားလာသည်။ ကျန်းမာရေးလည်း ထပ်မံ ချွတ်ယွင်းလာသောကြောင့် ဆေးရုံပြန်တက်ခဲ့ ရသည်။ ချူအင်လိုင်းသည် ကင်ဆာရောဂါကြောင့် သေမင်းနှင့် စစ်ခင်းရင်း တိုင်းပြည်အကျိုး၊ လူမျိုးအကျိုးအတွက် လူတန်းစား အသိရှိရှိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၆ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး ချူအင်လိုင်း ကွယ်လွန်လေသည်။[၃] ကိုးကား
|
Portal di Ensiklopedia Dunia