ဂျက္ကော့ ဇူးမား
ဂျက္ကော့ ဂါလီယေခီးဆာ ဇူးမား (၁၉၄၂ ဧပြီ ၁၂ ဖွား) သည် တောင်အာဖရိကနိုင်ငံသား နိုင်ငံရေးသမားဖြစ်ပြီး ဒီမိုကရေစီနည်းအရတင်မြှောက်သော တောင်အာဖရိက၏ စတုတ္ထမြောက် သမ္မတအဖြစ် ၂၀၀၉ ခုမှ ၂၀၁၈ အထိ တာဝန်ထမ်းဆောင်သည်။.[၃][၄][၅] ဇူးမားအား အမည်ရှေ့စကားလုံးများကို အဖျားဆွတ်ကာ ဂျေဇီး ဟု ခေါ်သည့်နည်းတူ မျိုးနွယ်စုအမည် သျှလိုဇီ ကိုလည်း ခေါ်တတ်ကြသေးသည်။[၆][၇][၈] ဒုသမ္မတအဖြစ် ၁၉၉၉-၂၀၀၅ ကာလတွင် တာဝန်ထမ်းသည်။[၉][၁၀] ၂၀၀၅ အရောက်တွင် ဇူးမား၏ ဘဏ္ဍာရေးအကြံပေး ချဘာသျှိုတ်က လာဘ်ပေးလာဘ်ယူမှုနှင့် အဖမ်းခံရသည်နောက် သမ္မတ သာဘိုဘေကီက ဇူးမားကို ဒုသမ္မတအရာမှ ဖြုတ်သည်။ ပိုလော့ကွိန်၌ ကျင်းပသော အာဖရိကန်အမျိုးသားကွန်ဂရက် (အမက) ၌ ဘေကီအား ရှုံးသော်လည်း ၂၀၀၇ ခု၊ ဒီဇင်ဘာလ ၁၈ ရက်တွင် ၎င်းကွန်ဂရက်၏ဥက္ကဋ္ဌအဖြစ် အရွေးခံရသည်။ အမျိုးသားအမှုဆောင်ကော်မတီမှ ဆင့်ခေါ်ခံရသည်နောက် ဘေကီက ၂၀၀၈ ခု၊ စက်တင်ဘာလ ၂၀ ရက်တွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာသည်။ ဆင့်ခေါ်ခံရသည့်ကိစ္စမှာ ဇူးမား၏လာဘ်စားမှုကို စစ်နေသော တရားရုံးချုပ် (ဟိုက်ကုတ်) မှ တရားသူကြီး ခရစ်စတိုဖာ နီချိုလဆန်ဦးစီးသည့် အမျိုးသားအစိုးရရှေ့နေအာဏာပိုင်အဖွဲ့ (အစဏ) ၏ လုပ်ငန်းဆောင်တာများကို ဘေကီက နှောင့်ယှက်သောကြောင့်တည်း။ ဇူးမား ထောင်ကျရန် ဘေကီက ကြိုးပမ်းသောကြောင့်ဟု အတိုဆိုနိုင်သည်။ ၂၀၀၉ အထွေထွေရွေးကောက်ပွဲတွင် ဇူးမားက အမကကို ခေါင်းဆောင်ကာ တောင်အာဖရိက၏ ရွေးကောက်ခံသမ္မတဖြစ်လာသည်။ ၂၀၁၂ ခု၊ ဒီဇင်ဘာလ ၁၈ ရက်တွင် မန်ဂေါင်၌လုပ်သော အမကကွန်ဂရက်၌ စိန်ခေါ်လာသူ ခလီမာ မော့တလန်သေကို မဲအနည်းအများဖြင့်နိုင်ကာ ၂၀၁၄ အထွေထွေရွေးကောက်ပွဲ၌လည်း သမ္မတအဖြစ် ဆက်လုပ်ရသည်။ သို့သော် ဇူးမား သမ္မတဆက်ဖြစ်သည်နောက် ပါတီအားထောက်ခံမှုမှာ အတော်ပင် လျော့ကျသွားသည်။ ၂၀၁၇ ခု၊ ဒီဇင်ဘာလ ၁၈ ရက်တွင် ဂျိုဟန္နက်စဘာ့ရှိ နက်စရက်၌လုပ်သည့် အမကကွန်ဂရက်တွင် ဇူးမားအားဆက်ခံရန် ဆိုင်ရေး ရာမာဖိုဆာကို ရွေးကြသည်။ ၎င်းနောက်တွင် ဇူးမားအား ရာထူးမှထွက်ရန် ဖိအားပေးလာသည်။ ပါလီမန်၌လည်း အယုံအကြည်မရှိအဆိုတင်မည့်အခြေအနေကြောင့် ၂၀၁၈ ခု၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် ရာထူးမှထွက်ကြောင်း ကြေညာရသည်။ နောက်ရက်တွင် ရာမာဖိုဆာက ရာထူးယူသည်။ ဇူးမားသည် သမ္မတမဖြစ်မီ၊ သမ္မတဖြစ်ခိုက်၊ သမ္မတဖြစ်ပြီးနောက် ကာလသုံးပါးလုံးတွင် အမှုအမျိုးမျိုးနှင့် ရင်ဆိုင်ရသည်။ ၂၀၀၅ ခုတွင် အဓမ္မမှုနှင့် အမှုဆိုင်ရသည်။ နောက် တရားသေလွတ်သည်။ သူ၏ဘဏ္ဍာရေးအကြံပေး အဖမ်းခံရပြီးနောက် ဆက်ကြေးကောက်ခြင်းနှင့် ချစားခြင်းတို့အတွက် ကာလရှည် တရားရင်ဆိုင်ရသည်။ ၂၀၀၉ ခု၊ ဧပြီလ ၆ ရက်တွင် နိုင်ငံရေးအသုံးချမှုရှိနိုင်ကြောင်း မှတ်ချက်ပြုကာ အစဏက စွဲချက်များကို ပယ်လိုက်သည်။ သို့သော် ၎င်းဆုံးဖြတ်ချက်ကို ကန့်ကွက်သော အတိုက်အခံပါတီများ ရှိခဲ့သည်။ ၂၀၁၈ ခုတွင် တောင်အာဖရိကတရားရုံးချုပ်က ၂၀၀၉ ခုက ပယ်ထားသော ဇူးမား၏ လာဘ်စားမှုကို ပြန်စစ်ရန် အမိန့်ချသည်။ ၁၉၉၀ ကာလများက ဒေါ်လာ ၅ ဘီလီယံတန်ကြေးရှိ လက်နက်အရောင်းအဝယ်ကိစ္စများနှင့် စပ်လျဉ်း၍ဖြစ်သည်။ ချစားမှု၊ ဆက်ကြေးကောက်မှု၊ လိမ်လည်မှု၊ ငွေခဝါချမှု၊ တရားမဝင်ငွေလက်ခံမှု ၇၈၃ ခုတို့အတွက် ၁၆ ကြိမ် တရားရင်ဆိုင်ရသည်။ သို့သော် ၂၀၂၁ ခု၊ မေလတွင် အပြစ်မရှိ လွတ်သည်။ ၂၀၁၈ မှစ၍ ဇွန်ဒိုကော်မရှင်ဖွဲ့ကာ ဇူးမားအား လိမ်လည်ချစားမှုတို့အတွက် စစစ်သည်။ ဇူးမားကမူ ၎င်းမတိုင်ခင်ကပင် အစစ်ခံနိုင်ကြောင်း ဆိုလေ့ရှိသည်။ သို့ရာတွင် ၂၀၁၉ ခု၊ ဇူလိုင်လ၌လုပ်သော ရုံးချိန်း စတုတ္ထမြောက်ရက်မှစ၍ ပေါ်မလာတော့။ အခြေခံဥပဒေခုံရုံးက ဇွန်ဒိုကော်မရှင်အရပြုလုပ်သည့် ရုံးချိန်းသို့ မလာခြင်းကြောင့် ရုံးတော်အားမထီမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ် ၁၅ လ ချမှတ်ထားသည်။ ၂၀၂၁ ခု၊ ဇွန်လ ၂၉ ရက်တွင် လူဖြူတို့အုပ်ချုပ်သော ၁၉၉၄ မှနောက်ပိုင်း ထောင်ဒဏ်ကျသည့် ပထမဆုံး တောင်အာဖရိကသမ္မတ ဖြစ်လာသည်။ ၂၀၂၁ ဇွန် ၂၉ တွင် တရားရုံးအား မထီမဲ့မြင်ပြုခြင်းအတွက် ဇူးမားအားထောင်ဒဏ် ၁၅ လချမှတ်ခဲ့သည်။[၁၁] မိသားစုဘဝ၆ ကြိမ်လက်ထပ်ပြီး ၂၃ ယောက်သော သားသမီးများ ရှိသည်။ ၂၀၁၂ ခုတွင် ဒေးလီးတယ်လီဂရပ်က ၂၀ သာရှိမည်ဟု ခန့်မှန်းပြီး ၂၀၁၄ ထုတ် ဂါးဒီးယန်းကမူ ၂၁ ယောက်ဖြစ်ကြောင်း ဆိုသည်။ ကိုးကား
|
Portal di Ensiklopedia Dunia