ဂျိမ်းစ် ပရက်စကော့ ဂျိုး
ဂျူးလ ဂျေ၊ ပီ (ခရစ် ၁၈၁၈-၁၈၈၉) - ရူပဗေဒပညာရှင် ဂျိမ်းပရက်စကော့ဂျူးလသည် အင်္ဂလိပ် လူမျိုးဖြစ်သည်။ ခရစ် ၁၈၁၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဆာဖိုးမြို့၌ ဖွားမြင်၏။ ဂျူးလသည် သိပ္ပံပညာဆိုင်ရာ သုတေသနလုပ်ငန်းများတွင် စိတ်ဝင်စားသည်။ ကောင့်ရမ်းဖိုနှင့် ဆာဟန်ဖရီဒေဗီတို့ကဲ့သို့ အပူဓာတ်အကြောင်းတွင် ပါရဂူ မြောက်သော ပုဂ္ဂိုလ်ကြီး ဖြစ်၏။ ဂျူးလသည် အက်တမ်အဆိုကို ဖန်တီးသူ ရူပဗေဒကဝိကျော် ဂျွန်ဒေါလတန်ထံ၌ တပည့်ခံ၍ ရူပဗေဒပညာရပ်များကို လေ့လာဆည်းပူးခဲသည်။
အထူးသဖြင့် သံလိုက်ဓာတ်နှင့် လျှပ်စစ်ဓာတ် တို့၏ ဆန်းကြယ်မှုအကြောင်းကို စူးစမ်းရှာဖွေခဲ့၏။ ၁၈၃၄ ခုနှစ်တွင် လျှပ်စစ်ဓာတ်ကို တိုင်းတာရန် နည်းစနစ်ရှာဖွေ စမ်းသပ်စဉ်အတွင်း အပူအလုပ်မျှကိန်းကို ပထမဆုံး ကြံစည်၍ သိရှိခဲ့လေသည်။ အပူစွမ်းအင်ကို အလုပ်အားဖွဲ့ပြနိုင်သည့်အချက်ကို ဂျူးလ သည် နှစ်ပေါင်း ၄ဝ မျှကြာအောင် စမ်းသပ်ရှာဖွေရသည်။ ဂျူးလကို အစွဲပြု၍ ထိုအချက်သည် ရူပဗေဒတွင် 'ဂျူးလ နိယမ'ဟူ၍ ခေါ်တွင်လေသည်။ ဂျူးလနိယာမအရ အလေးချိန်တစ်ပေါင်ရှိရေကို အပူချိန် ၁ ဒီဂရီဖာရင်ဟိုက် တက်အောင် ပြုလုပ်သောအပူသည် ၇၇၈ ပေါင် အလေးချိန်ရှိဝန်ကို ၁ ပေမြင့်အောင် ပြုလုပ်သော
အလုပ်အားနှင့် ညီမျှသည်။ လော့ကယ်လဗင်နှင့်အတူ ဂျူးလ သည် ဖိနှိပ်ထားသော ဓာတ်ငွေ့တွင် အပူပြောင်းလဲမှုရှိကြောင်းကို၎င်း၊ ဖိနှိပ်ထားသော အစိုင်အခဲနှင့် စန့်ထွက်သော အစိုင် အခဲတို့တွင် အပူချိန်ပြောင်းလဲမှုရှိကြောင်းကို၎င်း လေ့လာစုံစမ်းခဲ့သည်။ ( ကယ်လဗင် ဒဗလျု၊တီ။)တော်ဝင်အသင်း က ဂျူးလအား ငွေကြေးထောက်ပံ့၍ သုတေသနလုပ်ငန်းကို လုပ်ကိုင်စေသဖြင့် ကွန်ဒင်ဆာကို တီထွင်နိုင်သည်။ ဂျူးလ
တီထွင်သော ကွန်ဒင်ဆာများသည် ထိုအခါက သင်္ဘောများ တွင် အသုံးပြုသော ရေနွေးငွေ့ အင်ဂျင်စက်များကို ပိုမို၍ ကောင်းမွန်လာစေလေသည်။ ဂျူးလသည် ဂုဏ်ထူးဘွဲ့များစွာတို့ဖြင့် ချီးမြှင့်ခြင်း ခံရ သည်။ ၁၈၅ဝ ပြည့်နှစ်တွင် တော်ဝင်အသင်းဝင်တစ်ဦး ဖြစ် လာသည်။ ၁၈၈၉ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကွယ်လွန်လေသည်။[၁]
ကိုးကား
|
Portal di Ensiklopedia Dunia