ဂျူဒို
ဂျူဒိုကို ခေတ်ပေါ် ဂျပန်ကိုယ်ခံပညာရပ်အဖြစ် စာရင်းသွင်းထားပြီး၊ ထိုစဉ်ကတည်းက အိုလံပစ်အားကစားပြိုင်ပွဲများ၌ ထည့်သွင်း ကျင်းပသည်။ ယင်းအားကစားနည်းကို ၁၈၈၂ တွင် ဂျိဂိုရိုး ခနိုး (Jigoro Kano) က ဂျပန်တွင် ကိုယ်စိတ်နှစ်ပါးနှင့် စာရိတ္တ ကြံ့ခိုင်ရေးအတွက် တီထွင်ခဲ့သည်။ ရန်သူနှင့် သူသေကိုယ်သေ ရင်ဆိုင် တိုက်ခိုက်သော ဂျူဂျစ်ဆုသိုင်းမှ မြစ်ဖျားခံလာသည့် ဂျူဒို၏ အထင်ရှားဆုံး လက္ခဏာရပ်မှာ ယှဉ်ပြိုင်ရေးလက္ခဏာ ဖြစ်ကာ၊ ယင်းရည်ရွယ်ချက်မှာ ပြိုင်ဘက်ကို မြေပေါ် လွှဲပစ်မည် (throw) သို့မဟုတ် မလှုပ်မရှားနိုင်အောင် တခုခုနှင့် သော်လည်းကောင်း အလွတ် သော်လည်ကောင်း ဖိချမည် (take down) သို့မဟုတ် သိုင်းချုပ်ခြင်း (joint lock) လည်မြိုညှစ်ခြင်း (chokehold) တို့ဖြင့် ပြိုင်ဘက်ကို အညံ့ခံအောင် လုပ်မည် ဟုသာ ဖြစ်သည်။ လက်သီးထိုးခြင်း (Strike)၊ ခြေလက်များဖြင့် ကန်ကျောက်ခြင်းသည် ဂျူဒို၏ တိုက်ခိုက်ရေး တစိတ်တပိုင်း ဖြစ်သော်ငြားလည်း ခတ၌သာ ခွင့်ပြု၍၊ ဂျူဒိုပြိုင်ပွဲ သို့မဟုတ် ရန်းဒိုရိ၌ ခွင့်ပြုမထားချေ။ ခတ (Kata) သည် ကြိုတင်စည်းဝါးရိုက်ထားပြီးသား ပုံစံကျ ပြိုင်ပွဲ ဖြစ်ကာ၊ ရန်းဒိုရိ (Randori) သည် အလွတ်လေ့ကျင့်ပုံကို ဆိုလိုသည်။ အိုလံပစ်ပြိုင်ပွဲများတွင် မိတ်ဆက်မပေးမီက ၎င်းကို ဂျူဒိုဟု မခေါ်သေး၊ ခနိုး ဂျူဂျစ်ဆုဟု ညွှန်းဆိုသည်။ ဂျူဒိုသမား တဦးကို ဂျပန်လို ဂျူးဒိုးခ (judoka)၊ ဂျူဒိုဝတ်စုံကို ဂျူးဒိုးငိ (judogi)ဟု ခေါ်လေသည်။ ဂျူဒိုတွင် ဖွံ့ဖြိုးလာသော အယူအဆများနှင့် သင်ကြားပြသပုံများသည် အခြား ခေတ်ပေါ် ဂျပန်ကိုယ်ခံပညာရပ်များပေါ် သက်ရောက်ပြီး စံပြ ဖြစ်လာသည်။ ဂျူဒိုမှတဆင့် ဘရာဇီးဂျူဂျစ်ဆု (Brazilian jiu-jitsu)၊ ခရဗ်မဂ (Krav Maga)၊ ဆမ်ဘို (Sambo)သိုင်း နှင့် အေအာဘီသိုင်း စသည်တို့သို့ ဆင့်ကဲ ပြောင်းလဲသွားသည်။ အခြား တိုက်ခိုက်ရေးပညာရပ်များ ဖြစ်သော CQC, MMA, လက်ပမ်းနှင့် ခြေပမ်းတို့ကိုလည်း ဂျူဒိုက လွှမ်းမိုးမှု ရှိသည်။ ကိုးကား |
Portal di Ensiklopedia Dunia