စာပေဗိမာန်စာမူဆုမြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း (စာပေဗိမာန်)၏ ရည်ရွယ်ချက် တစ်ခုဖြစ်သော စာပေနှင့် မြန်မာ့ယဉ်ကျေးမှု မြှင့်တင် အားပေးရေးအတွက် စာပေလောကတွင် စာကောင်း ပေကောင်းများ ပေါ်ထွက်စေရန် ရည်သန်၍ ၁၉၄၈ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ စာပေဗိမာန်ဆုကို နှစ်စဉ်မပျက် ချီးမြှင့် ခဲ့သည်။ တော်လှန်ရေးအစိုးရတက်လာ၍ ပြန်ကြားရေး ဝန်ကြီးဌာန၊ စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့ ဖြစ်လာသော အခါ ၁၉၇၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ အနုပညာ စာပေဆိုင်ရာဆုကို၎င်း၊ ၁၉၆၅ ခုနှစ်မှ ယနေ့အထိ အမျိုးသားစာပေဆုကို၎င်း စာပေဗိမာန်က တာဝန်ယူ၍ နှစ်စဉ်နှစ်တိုင်း ချီးမြှင့်ခဲ့သည်။ အမျိုးသားစာပေဆုအတွက် မူလကစာအုပ်ရော စာမူပါဝင်ရောက် ယှဉ်ပြိုင်နိုင်သော်လည်း ၁၉၆၉ ခုနှစ်မှစ၍ ပုံစံသစ်အရ စာအုပ်များကိုသာ ရွေးချယ် ချီးမြှင့်လိုက်သောအခါ အကြောင်းအမျိုးမျိုးကြောင့် စက်တင် ပုံနှိပ်ခြင်း မပြုရသေးသော စာပေလုပ်သားတို့၏ ကောင်းမွန် ပြောင်မြောက်သည့် စာမူများကို စာအုပ်အဖြစ် ထွက်ပေါ်လာ စေရန်နှင့် ယင်းစာအုပ်တို့ကို အမျိုးသားစာပေဆုအတွက် စဉ်းစားနိုင်ရန်ရည်သန်၍ စာမူများကို ပြိုင်ပွဲကျင်းပကာ ဆုချီးမြှင့်ရန် စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့က စာပေဗိမာန် စာမူဆုဟူ၍ တီထွင်လိုက်သည်။ ဤသို့အားဖြင့် စာပေဗိမာန် စာမူဆုသည် ကလောင်သွေးစ စာပေလုပ်သားများ၊ အကြောင်း အမျိုးမျိုးကြောင့်စက်တင် ပုံနှိပ်ခြင်းမပြုရသော စာမူရှင်များ ၏ အားထားရာအဖြစ် ပေါ်ပေါက်လာခဲ့လေသည်။ ဝင်ရောက်ယှဉ်ပြိုင်သည့် စာမူများအတွက် အခြေခံ အချက် ငါးချက်ကိုလည်း အမျိုးသာစာပေဆုအတွက် အခြေခံငါးချက်အတိုင်း သတ်မှတ်ထားသည်။ ယင်းတို့မှာ မြန်မာဆိုရှယ်လစ်လမ်းစဉ်ကို အထောက်အကူ ပြုနိုင်ခြင်း၊ မြန်မာ့ဟန် မြန်မာ့ယဉ်ကျေးမှု အစစ်အမှန် ထွန်းကားရေးကို ရှေးရှုခြင်း၊ မျိုးချစ်စိတ်ဓာတ် ထက်သန်စေခြင်း၊ အကျင့်စာရိတ္တ ပြုပြင်ရေးနှင့် အတွေးအခေါ် တိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေခြင်းနှင့် နည်းလမ်းမှန်ကန်သော ဗဟုသုတတိုးပွား များပြားစေခြင်းတို့ ဖြစ်သည်။ ယင်းသို့သတ်မှတ်ထားသော အခြေခံငါးချက်နှင့် စစ်ဆေးရွေးချယ်ကာ ဝတ္ထုရှည်ဆု၊ ဝတ္ထုတိုပေါင်းချုပ်ဆု၊ ပြဇာတ်ဆု၊ စာပဒေသာဆု၊ ဘာသာပြန်စာပေဆု၊ ကလေး စာပေဆု၊ လူငယ်စာပေဆု၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာ စာပေဆု၊ နိုင်ငံရေးစာပေဆု၊ သုတပဒေသာဆု (ဝိဇ္ဇာပညာရပ်)၊ သုတပဒေသာဆု (သိပ္ပံနှင့် အသုံးချသိပ္ပံ ပညာရပ်)ဟူ၍ စာမူဆု ၁၁ ဆု ချီးမြှင့်သည်။ ဘာသာပြန် ဆုအတွက် မူရင်းစာအုပ်ကို စာပေဗိမာန်က ရွေးချယ်ပြဋ္ဌာန်း ပေးပြီး ယင်းကို တိုက်ရိုက်ဖြစ်စေ၊ ဆီလျော်အောင်ဖြစ်စေ အဖွဲ့က ညွှန်ကြားသတ်မှတ်ပေးသည့်အတိုင်း ပြန်ဆိုရသည်။ ဘာသာရပ်တစ်ခုစီအလိုက် ချီးမြှင့်သည့်ဆုငွေမှာ ပထမဆုအတွက် ငွေ ၅ဝဝိ၊ ဒုတိယဆုအတွက်ငွေ ၃ဝဝိ၊ တတိယဆုအတွက် ငွေ ၂ဝဝိ ဖြစ်သည်။ ထို့ပြင်ဘာသာပြန် ဆုမှအပ ကျန်ဆုရ စာမူအားလုံးကို စာပေဗိမာန်အုပ်ချုပ်ရေး အဖွဲ့က သတ်မှတ်ထားသော ခိုင်နှုန်းဖြင့်ဝယ်၍ လိုအပ်သလို တည်းဖြတ်ကာ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသည်။ ဘာသာပြန်စာပေဆုတွင်မူ ပထမဆုရသော စာမူကို သာလျှင် သတ်မှတ်ထားသော ခိုင်နှုန်းဖြင့်ပုံနှိပ်ထုတ်ဝေသည်။ ဤသို့စာမူများကို နှစ်စဉ်ရွေးချယ်ဆုချီးမြှင့်ရာတွင် အဆင့် အတန်းမီသော စာမူများမရှိပါက ဆုချီးမြှင့်ခြင်း မပြုခဲ့ပေ။ ၁၉၆၉ ခုတွင် ပထမဆုံးအကြိမ် ကျင်းပသည့် စာပေဗိမာန်စာမူဆုပြိုင်ပွဲ၌ ဘာသာရပ်အားလုံးအတွက် စာမူစုစုပေါင်း ၂ဝ၁ ခု ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ၁၄ ခုသာလျှင် ဆုချီးမြှင့်ခြင်း ခံရသည်။ ထိုနည်းတူ ၁၉၇ဝ ပြည့် နှစ်တွင် စာမူစုစုပေါင်း ၂၂၇ ခု ဝင်ရောက်ယှဉ်ပြိုင်ရာ ၁၁ ဆုသာ ရွေးချယ်ခံရပြီး ၁၉၇၁ ခုနှစ်တွင် ၁၄၆ ခုအနက် ၁၄ ဆု၊ ၁၉၇၂ ခုနှစ်တွင် ၂၂၃ ခုအနက် ခုနစ်ဆု၊ ၁၉၇၃ ခုနှစ်တွင် ၁၃၉ ခုအနက် ကိုးဆု၊ ၁၉၇၄ ခုနှစ်တွင် ၁၈၄ ဆု၊ အနက် ရှစ်ဆု၊ ၁၉၇၅ ခုနှစ်တွင် ၁၅၄ ခု အနက် ၁ဝ ခု ၁၉၇၆ ခုနှစ်တွင် ၁၆၅ ခုအနက် ၁၂ ဆုသာ ရွေးချယ်ချီးမြှင့်နိုင် ခဲ့သည်။ [၁] စာပေဗိမာန်စာမူဆုရစာရင်း [၂]
၂၀၁၂ ခုနှစ်
ကိုးကား
|
Portal di Ensiklopedia Dunia