စာရာမေတိတောင်
စာရာမေတိတောင်သည် မြောက်လတ္တီတွဒ် ၂၆° ၄၄' နှင့် အရှေ့လောင်ဂျီတွဒ် ၉၅° ဝ၂' အကြား မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း အာသံ-မြန်မာနယ်စပ်အနီး နာဂတောင်တန်းတွင် တည်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီး ဆင်ဂလိန်း ခန္တီးမြို့ အနောက်တောင်ယွန်းယွန်း မိုင် ၁၃ဝ ကွာဝေးသည်။ အမြင့်ပေ ၁၂,၆၂၂ ရှိပြီး ဆောင်းအခါ ဆီးနှင်းများ ဖုံးလွှမ်းသည်။ အာသံနှင့် မြန်မာနိုင်ငံ နယ်နိမိတ်အဖြစ်လည်း ပိုင်းခြားထားသည်။ စာရာမေတိတောင်ကြော တစ်လျောက်၌ နာဂလူမျိုးများ နေထိုင်ကြသည်။ ၁၉၅၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ ယေးတက္ကသိုလ်၊ ပေဗိုဒီပြတိုက်မှ သားငှက်တိရစ္ဆာန် လေ့လာရေးအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ သစ်တောဌာနမှ အရာရှိများ စာရာမေတိ တောင်ထိပ်သို့ တက်ခဲ့ကြသည်။ ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်မှူးကြီး လှအောင် အမှူးပြုသော မြေတိုင်းအဖွဲ့ဝင်များသည် အာသံ-မြန်မာနယ်နိမိတ် ကျောက်တိုင် အမှတ် ၁၃၈ ကို စာရာမေတိတောင်ပေါ်၌ စိုက်ထူခဲ့သည်။ စာရာမေတိ တောင်ကြောတစ်လျှောက်၌ ရိုဒိုဒင်ဒရမ်ခေါ် တောင်ဇလပ်၊ ထင်ရူး၊ ကျောက်ထင်းရူး၊ သစ်မင်း၊ ဝက်သစ်ချ၊ ပရီမြူလာ၊ လီလီနှင့် ဝဥပင်အမျိုးမျိုး တွေ့ရသည်။ တစ်ချိန်က စာရာမေတိတောင်ကြော တစ်လျှောက်၌ ကြံ့များ အများအပြား တွေ့ကြရသော်လည်း ယခုအခါတွင်မူ ကြံ့အနည်းငယ်သာ တွေ့ရှိနိုင်တော့သည်။ ကတိုးကောင်နှင့် တောင်ဆိပ်များပေါသည်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia