စားပွဲတင်တင်းနစ်
စားပွဲတင်တင်းနစ်သည် ကစားသမား နှစ်ယောက်မှ လေးယောက်ထိကစားနိုင်သော အားကစားတစ်ခု ဖြစ်သည်။ ဤကစားနည်းကို ပင်ပေါင်(အင်္ဂလိပ်: ping-pong; တရုတ်: 乒乓球)ဟုလည်း ခေါ်ကြသည်။ စားပွဲပေါ်တွင် ကစားကြပြီး၊ စားပွဲတစ်ဖက်မှ တစ်ဖက်သို့ ပေါ့ပါး၍ ခုန်ပေါက်နိုင်သော ဘောလုံးငယ်တစ်ခုကို စားပွဲတင်တင်းနစ် ရိုက်တံများကို အသုံးပြု၍ အပြန်အလှန် တွန်းပို့ရသော ကစားနည်းဖြစ်သည်။ အသုံးပြုသော စားပွဲတွင် ဘောလုံးခုန်နိုင်ရန် မာသော မျက်နှာပြင်ရှိပြီး၊ အလယ်တည့်တည့်တွင် ၆ လက်မမြင့်သော ပိုက်တစ်ခုဖြင့် ကာထားသည်။ (သရုပ်ပြပုံကို ကြည့်ပါ။) ကစားနည်းစည်းမျဉ်း လိုရင်းအတိုချုပ်မှာ ဤသို့ဖြစ်သည်။ စပေးဘော(မြန်မာနိုင်ငံတွင် ဆားဗစ်ဟုလည်း ခေါ်ကြသည်။ အင်္ဂလိပ်တွင်မူ ဆာ့ဖ်(Serve)ဟု အပြောများသည်။)ကို စားပွဲ၏ ကစားသူဖက်ခြမ်းတွင် တစ်ထောက်၊ မိမိပြိုင်ဖက်၏ အခြမ်းတွင် တစ်ထောက်ဖြစ်အောင် ဘောလုံးကို ပေးရသည်။ ထိုအခါ၌ ပြိုင်ဖက်မှ ဘောလုံး နောက်တစ်ထောက် ထပ်မကျမီ တစ်ဖက်ခြမ်းသို့ ရောက်အောင် ပြန်တွန်းပို့ရသည်။ စပေးဘောမှလွှဲ၍ ကျန်သော အပြန်အလှန် ရိုက်ချက်များအားလုံးသည် ပြိုင်ဖက်အခြမ်းတွင် အနည်းဆုံး ဘောလုံးတစ်ထောက် ပြန်ကျရန်လည်းကောင်း၊ မိမိဖက်၌ ပြိုင်ဖက်ဘောလုံး တစ်ထောက်ထက် မပိုမီလည်းကောင်း အချိန်ကိုက် ပြန်ရိုက်ရခြင်းဖြစ်သည်။ အကယ်၍ ကစားသမားတစ်ယောက်က စဉ်းမျဉ်းနှင့်အညီ ဘောလုံးကို မရိုက်နိုင်သောအခါ၌ သူ၏ပြိုင်ဖက်မှ တစ်မှတ်ရသည်။ ဤကစားနည်းသည် အလွန်လျင်မြန်သောကစားနည်းဖြစ်သဖြင့် မြန်ဆန်သောတုံ့ပြန်မှု လိုအပ်သည်။ ဘောလုံးကို လည်စေခြင်းဖြင့် သူ၏သွားရာလမ်းကြောင်းကို ပြောင်းလဲစေနိုင်ပြီး၊ မိမိ၏ ပြိုင်ဖက်ပြန်ရိုက်နိုင်သော နည်းလမ်းများကို ကန့်သတ်နိုင်သည့်အပြင်၊ တိုက်စစ်အားသန်သည့် အရိုက်သမားအတွက် တပန်းသာစေသည်။ အိုင်တီတီအက်ဖ်(ITTF)စားပွဲတင်တင်းနစ် အားကစားနည်းကို တစ်ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းဖြစ်သော ၁၉၂၆ တွင်တည်ထောင်ခဲ့သည့် အိုင်တီတီအက်ဖ်(ITTF)မှ ကြပ်မတ်ကွပ်ကဲသည်။ အိုင်တီတီအက်ဖ်တွင် ၂၀၁၇-ခုနှစ် စာရင်းအရ အသင်းဝင် နိုင်ငံပေါင်း ၂၂၆-ခု ရှိသည်။[၂] စားပွဲတင်တင်းနစ် စည်းမျဉ်းများကို အိုင်တီတီအက်ဖ်တွင် လက်စွဲစာအုပ်တွင် အတိအကျ ဖော်ပြထားသည်။[၃] အိုလံပစ် အားကစား ဖြစ်လာခြင်းစားပွဲတင်တင်းနစ်သည် အိုလံပစ်တွင် ၁၉၈၈-ခုနှစ်မှစ၍ ပါဝင်လာခဲ့သည်။[၄] ၁၉၈၈ မှ ၂၀၀၄ အိုလံပစ်အထိ၊ အမျိုးသားတစ်ဦးချင်း၊ အမျိုးသမီးတစ်ဦးချင်း၊ အမျိုးသားနှစ်ယောက်တွဲနှင့် အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲများကို ထည့်သွင်းပါဝင်ခဲ့သည်။ ၂၀၀၈ အိုလံပစ်မှစ၍ နှစ်ယောက်တွဲပြိုင်ပွဲများအစား အသင်းလိုက်ပြိုင်ပွဲများကို ပါဝင်ကျင်းပခဲ့သည်။ ရာဇဝင်ဤအားကစားသည် ဝိတိုရိယခေတ် အင်္ဂလန်နိုင်ငံတွင် အထက်တန်းလွှာ လူတန်းစားများက ညစာစားပြီးချိန်တွင် ဧည့်ခန်းအတွင်း ကစားခဲ့ရာမှာ စတင်ခဲ့သည်။[၁] ဤကစားနည်း၏ အစပိုင်းကစားခြင်းပုံစံကိုမူ ဗြိတိသျှစစ်တပ်အရာရှိများ အိန္ဒိယနိုင်ငံတွင် ၁၈၆၀ သို့မဟုတ် ၁၈၇၀ ဆယ်စုနှစ်များ ပတ်ဝန်းကျင်က စထွင်ကစားခဲ့ပြီး၊ နောက်ပိုင်းတွင် ထိုအရာရှိများက အင်္ဂလန်နိုင်ငံသို့ ယူဆောင်လာခဲ့ခြင်းဖြစ်သည်ဟုလည်း ယူဆကြသည်။[၅] စားပွဲပေါ်တွင် အလယ်၌ စာအုပ်များကိုထောင်ကာ ပိုက်အဖြစ်အသုံးပြုပြီး၊ စာအုပ်များကိုပင် ရိုက်တံအဖြစ်သုံး၍ ဂေါက်သီးကို ဘောလုံးအဖြစ်အသုံးပြုကာ ကစားခဲ့ကြသည်။ [၆]
ဗြိတိသျှ စားပွဲတင်တင်းနစ် ဝါသနာအိုးတစ်ဦးဖြစ်သူ ဂျိမ်းစ်ဂစ်ဘ်(James W. Gibb)က အမေရိကန်ပြည်ထောင်စုခရီးတစ်ခု၌ အသစ်အဆန်းဖြစ်နေသော ဆဲလျူလွိုက်ဘောလုံးများအကြောင်းကို သိရှိခဲ့ပြီး စားပွဲတင်တင်းနစ်တွင် အသုံးပြုရန် အလွန်ပင်သင့်တော်ကြောင်း ၁၉၀၁-ခုနှစ်တွင် ရှာဖွေတွေ့ရှိကာ စားပွဲတင်တင်းနစ်၏ ကြီးမားသော တိုးတက်ပြောင်းလဲမှုတစ်ဆင့်ကို ဖြစ်စေခဲ့သည်။ ထိုနောက် ၁၉၀၁-ခုနှစ်မှာပင် အီးစီဂွတ်ဒ်(E.C.Goode)ဆိုသူက သစ်သားသက်သက်ရိုက်တံအပေါ်တွင် ဘုသီးပါသောရာဘာပြားများကို ကပ်၍အသုံးပြုမှုကို စတင်တီထွင်ခဲ့သည်။ ၁၉၀၁-ခုနှစ်အရောက်တွင် စားပွဲတင်တင်းနစ်၏ လူသိများ ကျော်ကြားမှုမှာ ကြီးထွားလာပြီး၊ ပြိုင်ပွဲများစတင်ကျင်းပလာကြကာ စားပွဲတင်တင်းနစ်ဆိုင်ရာ စာအုပ်များကိုလည်း ရေးသားလာကြသည်။[၆] စည်းမျဉ်းအပြောင်းအလဲများဆစ်ဒနီ ၂၀၀၀ ပြည့်နှစ်အိုလံပစ်ပွဲအပြီးတွင် အိုင်တီတီအက်ဖ်သည် စားပွဲတင်တင်းနစ်အား ရုပ်သံလွှင့်အားကစားတစ်ခုအဖြစ် စိတ်ဝင်စားကြည့်ရှုသူများပြားလာပြီး ပိုမိုရှင်သန်နိုင်စေရန် ရည်ရွယ်သည့် စည်းမျဉ်းအပြောင်းအလဲများကိုပြုလုပ်ခဲ့သည်။[၈][၉] ပထမဆုံး အပြောင်းအလဲအဖြစ် ၂၀၀၀-ခုနှစ် အောက်တိုဘာလတွင် အချင်း ၃၈ မီလီမီတာ (၁.၅ လက်မ)ဘောလုံးအား အချင်း ၄၀ မီလီမီတာ (၁.၅၇ လက်မ) ဘောလုံးဖြင့် တရားဝင် အစားထိုးခဲ့သည်။[၆][၁၀] ဤအပြောင်းအလဲသည် ဘောလုံး၏လေထုခုခံအားကို တိုးမြှင့်ခြင်းဖြင့် ဘောလုံးအသွားနှုန်းလျှော့ချကာ ကစားနည်း၏လျင်မြန်မှုကို လျှော့ချရန်ရည်ရွယ်သည်။ သို့သော်လည်း ကစားသမားများက သူတို့၏ ရိုက်တံရာဘာပြားအောက်ခံ ရေမြှုပ်(sponge)အထူကို တိုးမြှင့်ခြင်းဖြင့် ပိုကြီး၍လေးသောဘောလုံး၏ သက်ရောက်မှု အကျိုးဆက်ကို တန်ပြန်ရန်ကြိုးစားခဲ့ကြသဖြင့် ဘောလုံးအသွားနှုန်းမှာ သိသိသာသာ လျှော့သွားခြင်းမရှိပဲ၊ စားပွဲတင်တင်းနစ်ကို ရုပ်သံမြင်ကွင်းမှကြည့်ရန် အလွန်လျင်မြန်လွန်းနေဆဲ ဖြစ်ခဲ့သည်။ လအနည်းငယ်အကြာတွင် အိုင်တီတီအက်ဖ်သည် ၂၁-မှတ်မှ ၁၁-မှတ် အမှတ်ပေးစနစ်သို့ ပြောင်းလဲခဲ့ပြီး၊ စပေးဘောလည်ပတ်မှုကို ၅ မှတ်မှ ၂ သို့လျှော့ချခဲ့ကာ၊ ၂၀၀၁-ခုနှစ် စက်တင်ဘာလတွင် ဤစည်းမျဉ်းအပြောင်းအလဲ စတင်အကြုံးဝင်ခဲ့သည်။[၆] ရည်ရွယ်ချက်မှာ ကစားနည်းကစားကွက် ပိုမြန်လာပြီး စိတ်လှုပ်ရှားမှု မြင့်မားလားစေရန် ဖြစ်သည်။ အိုင်တီတီအက်ဖ်သည် ပျမ်းမျှအပြန်အလှန်ရိုက်ချက်များ ပိုများလာစေရန်လည်းကောင်း၊ စပေးဘောပေးသောကစားသမား၏ အားသာချက်ကို လျှော့ချရန်လည်းကောင်း၊ စပေးဘောပေးသော ကစားသမားသည် ဘောလုံးကို တစ်ဖက်ပြိုင်ဖက်၏ မြင်ကွင်းမှ ဝှက်ထားခြင်းမပြုရန် စည်းမျဉ်းကို ပြောင်းလဲခဲ့ပြီး၊ ၂၀၀၂-ခုနှစ်တွင် ဤစည်းမျဉ်း စတင်အကြုံးဝင်ခဲ့သည်။[၁၁] ပြိုင်ဖက်မှ စပေးဘောပေးခြင်းကို သိသာစေရန် စပေးဘောပေးသော ကစားသမားသည် ဘောလုံးကို လေထဲတွင် အနည်းဆုံး ၁၆ စင်တီမီတာ (၆.၃ လက်မ) ပစ်တင်ရမည်ဟုလည်း သတ်မှတ်ခဲ့သည်။[၁၂] ၂၀၁၄-ခုနှစ် ဇူလိုင်လနောက်ပိုင်းမှစ၍ အိုင်တီတီအက်ဖ်ပြိုင်ပွဲများအားလုံးတွင် ဆဲလျူလွိုက်ဖြင့် ပြုလုပ်ထားခြင်းမရှိသော ပိုလီ ပလတ်စတစ် ဘောလုံးများ(Poly balls - non-celluloid material)ဖြင့်သာ ကစားရန် ဆုံးဖြတ်ခဲ့သည်။[၁၃][၁၄] အားကစားသုံး ကိရိယာများဘောလုံး
စားပွဲ
ရိုက်တံ(ဘက်တံ)
ရိုက်တံ(ဘက်တံ)ကိုင်တွယ်ပုံရှိတ်ကိုင်နည်း(Shakehand)
ပဲန်ကိုင်နည်း(Penhold)
အသင့်ရပ်တည်ပြင်ဆင်ပုံ
၎င်းကိုယ်ခန္ဓာ အသင့်ရပ်တည်ပြင်ဆင်ပုံ အနေအထားကို ပြိုင်ဖက်ဘောလုံးကို လက်ခံရာတွင် လည်းကောင်း၊ မိမိ၏ ရိုက်ချက်ကို ကစားပြီးသည့်နောက် နောက်ပြန်လာနိုင်သည့် ရိုက်ချက်ကို တန်ပြန်ရန် လည်းကောင်း၊ ကစားသမားအားလုံးက ရယူကာ ပြင်ဆင်ထားလေ့ရှိသည်။ ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်ထက် အနည်းငယ်ကားကာ ရှေ့သို့အနည်းငယ်ကုန်း၍ နေလေ့ရှိသော ကိုယ်နေကိုယ်ထားကို ဆိုလိုသည်။ ဤသို့ ကုန်းထားခြင်းသည် ကိုယ်ခန္ဓာကို လျင်လျင်မြန်မြန် ရွှေ့လျားရန် ထိရောက်သော ကိုယ်နေကိုယ်ထားဖြစ်သည့် အပြင်၊ ကြွက်သားများကိုလည်း တက်ကြွလျင်မြန်စွာ ရွှေ့လျားမှုကို အထောက်အကူပေးရန် အသင့်ဖြစ်စေသည်။ ကိုယ်အပေါ်ပိုင်းကို ရှေ့သို့အနည်းငယ် ကိုင်းထားပြီး၊ ရှေ့သို့ အာရုံစိုက်ထားသည့် အနေအထားဖြစ်သည်။ ဘက်တံကို အသင့်အနေအထား ကိုင်ထားပြီး၊ လက်မောင်းမှာ ကွေးထားသည်။ ကိုယ်အနေအထား၏ ဟန်ချက်ညီမျှမှုကို သတိပြုသင့်ပြီး၊ ရိုက်ချက်ကောင်းများအတွက် လိုအပ်သော ခိုင်မာတောင့်တင်းသော အောက်ပိုင်းလည်းရှိ၊ လျင်မြန်စွာ ဘေးတိုက်ရွှေ့လျားမှုလည်းပြုနိုင်သော အနေအထား ဖြစ်နေသင့်သည်။ ကစားသမားတစ်ယောက်စီသည် မိမိတို့၏ ရပ်တည်ပြင်ဆင်ပုံကို မိမိစိတ်ကြိုက် အံဝင်အောင်ပြုလုပ်ပြီး၊ ကစားပွဲ၏ အခြေအနေ လိုအပ်ချက်အပေါ် မူတည်ပြီး သင့်တော်သလိုလည်း ပြောင်းလည်းနိုင်ရမည်ဖြစ်သည်။[၁၇] ရိုက်ချက် အခေါ်အဝေါ်များ
လည်ဘောပုံစံများနှင့် ၎င်းတို့၏ အကျိုးသက်ရောက်မှုများဘောလုံးကို လည်စေခြင်းသည် စားပွဲတင်တင်းနစ် ကစားကွက်ကို သိသိသာသာပြောင်းလဲစေနိုင်သော နည်းလမ်းတစ်ခုဖြစ်သည်။ စားပွဲတင်တင်းနစ်ရိုက်ချက်အများစု သို့မဟုတ် စပေးဘောအများစုတွင် ဘောလည်ပတ်မှုပါဝင်သဖြင့် မည်သို့လည်ပတ်သည်ကို နားလည်ရန်အလွန်ပင် အရေးကြီးသည်။ ဤသို့ နားလည်မှသာ ကစားသမားတစ်ယောက်အနေဖြင့် မည်သို့လည်သောဘောကို မည်သို့တန်ပြန်ကာကွယ်ရမည်၊ မိမိကိုယ်တိုင် မည်သို့သော လည်ပတ်မှုကို ဖန်တီးကာ ကစားကွက်သာအောင် ပြုလုပ်ရမည်ကို သိနိုင်ပေမည်။[၁၈] အောက်လည်ဘော(backspin)
အပေါ်လည်ဘော(topspin)ဘေးလည်ဘော(sidespin)စပေးဘောတွင် အောက်လည်ဘော သို့မဟုတ် အပေါ်လည်ဘောနှင့် ပေါင်းစပ်ပြီး အသုံးများသောဘောဖြစ်သည်။ ဘောလုံး၏ ဘေးကို ရိုက်တံရာဘာပြားဖြင့် ရှပ်ပွတ်ခြင်းဖြင့် ထိုသို့သော ဘေးလည်ဘောကို ဖန်တီးနိုင်သည်။ ညာဘေးလည်ဘောနှင့် ဘယ်ဘေးလည်ဘောဟူ၍ နှစ်မျိုးရှိသည်။ ထူးခြားထင်ရှားသော ကစားသမားများတရားဝင် ထူးခြားထင်ရှားသူဂုဏ်ပြုခန်းမ (ITTF Hall of Fame)ကို ITTF ပြတိုက်တွင်တွေ့နိုင်သည်။[၁၉] အားကစားသမားတစ်ယောက်သည် အိုလံပစ်၊ ကမ္ဘာ့ ချန်ပီယံ ပြိုင်ပွဲ (WTTC)နှင့် ကမ္ဘာ့ဖလားပြိုင်ပွဲအားလုံးတွင် ရွှေတံဆိပ်ရရှိမှသာ သူ့ကို စားပွဲတင်တင်းနစ်တံခွန်စိုက်ဆုရှင် (Grand Slam)ဟု ပြောနိုင်သည်။[၂၀] ဆွီဒင်နိုင်ငံကိုယ်စားပြု Jan-Ove Waldnerသည် ၁၉၉၂ အိုလံပစ်တွင် ရွှေတံဆိပ်ရရှိခဲ့ပြီး ပထမဆုံး စားပွဲတင်တင်းနစ်တံခွန်စိုက်ဆုရှင်စာရင်း ဝင်ခဲ့သည်။ တရုတ်နိုင်ငံကိုယ်စားပြု Deng Yapingသည် ၁၉၉၆-ခုနှစ်တွင် ပထမဆုံးကျင်းပသော အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိကာ၊ ပထမဆုံး အမျိုးသမီး စားပွဲတင်တင်းနစ်တံခွန်စိုက်ဆုရှင်စာရင်းဝင်သူ ဖြစ်လာခဲ့သည်။ စားပွဲတင်တင်းနစ်တံခွန်စိုက်ဆုရှင်များစာရင်း အပြည့်အစုံကို အောက်တွင် ဖော်ပြထားသည့်ဇယားတွင် တွေ့နိုင်သည်။
ပြင်သစ်နိုင်ငံကိုယ်စားပြု Jean-Philippe Gatienနှင့် တရုတ်နိုင်ငံကိုယ်စားပြု Wang Hao၊ ဆွန်ယင်းရှာ (Sun Yingsha)တို့သည် ကမ္ဘာ့ ချန်ပီယံ ပြိုင်ပွဲများနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ရွှေတံဆိပ်ရဖူးသော်လည်း၊ အိုလံပစ်တွင် ငွေတံဆိပ်ဖြစ်သာ ကျေနပ်ခဲ့ရသူများဖြစ်သည်။ ဆွီဒင်နိုင်ငံကိုယ်စားပြု Jörgen Perssonသည်လည်း ကမ္ဘာ့ ချန်ပီယံ ပြိုင်ပွဲများနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ရွှေတံဆိပ်ရဖူးသော်လည်း၊ အိုလံပစ်တွင် ဆုတံဆိပ်များနှင့် လွဲခဲ့သည်။ တရုတ်နိုင်ငံကိုယ်စားပြု Ma Linသည် အိုလံပစ် ရွှေတံဆိပ်နှင့် ကမ္ဘာ့ဖလားရွှေတံဆိပ်ရဖူးသော်လည်း၊ (၁၉၉၉၊ ၂၀၀၅နှင့် ၂၀၀၇)တို့တွင် ကျင်းပသော ကမ္ဘာ့ ချန်ပီယံ ပြိုင်ပွဲများ၌ သုံးကြိမ်တိုင်တိုင် ငွေတံဆိပ်ဖြစ်သာ ကျေနပ်ခဲ့ရသည်။ တရုတ်နိုင်ငံကိုယ်စားပြု အမျိုးသမီးအားကစားသမား ချန်မုန်း (Cheng Meng)သည်လည်း အိုလံပစ် ရွှေတံဆိပ်နှင့် ကမ္ဘာ့ဖလားရွှေတံဆိပ်ရဖူးသော်လည်း၊ ကမ္ဘာ့ ချန်ပီယံ ပြိုင်ပွဲများ၌ ငွေတံဆိပ်ဖြစ်သာ ကျေနပ်ခဲ့ရသဖြင့် စားပွဲတင်တင်းနစ်တံခွန်စိုက်ဆုရှင်စာရင်းတွင် မပါဝင်သေးပေ။ ကိုးကား
|
Portal di Ensiklopedia Dunia