စံပယ်ပန်း
စံပယ်ပင်မှာ ချုံပင်တစ်မျိုး ဖြစ်၏။ ရုက္ခဗေဒ အမည်မှာ 'ဂျက်စမင်နမ်ဆမ်ဗက်'ဖြစ်သည်။ အိမ်စံပယ်၊ တောစံပယ်၊ စံပယ်အိ၊ စံပယ်နွဲ့ဟူ၍ စံပယ်အမျိုးမျိုးရှိသည်။ စံပယ်သည် မွှေးကြိုင်သော အဖြူရောင်ပန်း ပွင့်၏။ ရှေးအခါကပင် စံပယ်ပန်း များမှာ မြန်မာနိုင်ငံ နှင့် အာရုတိုက်တောင်ပိုင်းတွင်သာ စတင်ပေါက်ရောက်ကာ စိုက်ပျိုးခဲ့ကြသော်လည်း၊ ယခုအခါ ကမ္ဘာအရပ်ရပ်၌ စံပယ် များကို စိုက်ပျိုးလျက်ရှိသည်။ အများအားဖြင့် စံပယ်ပန်းများ ကို ပန်းကုံးများပြုလုပ်၍ အလှအပ ဆင်မြန်းကြ၏။ စံပယ်မှ စံပယ်ဆီခေါ် အဆီတစ်မျိုးကို ထုတ်ယူကြသည်။ ထိုအဆီကို အမွှေးအကြိုင်များ ပြုလုပ်ရာတွင် အသုံးပြုကြ၏။ တရုတ်နိုင်ငံ တွင် စံပယ်ပန်းများကို လက်ဖက်ခြောက်အနံ့မွှေးရန် အသုံးပြု ကြ၏။ ယင်းကို အနာအုံဆေး အဖြစ်ဖြင့်လည်း အသုံးပြုကြ သည်။ စံပယ်ပန်းကို မြန်မာစာပေတွင် အမြတ်တနိုး ဖွဲ့နွဲ့ရေးစပ်ကြ သည်။ အချင်းလှခြင်းနှင့် အဆင်းလှခြင်းကို စာဆိုကဝိတို့က စံပယ်ပန်းနှင့် နှိုခိုင်းနှိုင်းဖွဲ့ဆိုတတ်ကြသည်။ ကောက်စိုက်မ တေးသံတစ်ခုတွင် ချစ်စကား၊ ကြိုက်စကား ဆိုလာသော လယ်ထွန်မောင်ကြီးအား၊ ကျေးတောသူ ကောက်စိုက်မက မိမိမှာ ချစ်သူရှိပြီဖြစ်ကြောင်း၊ အလာနှောင်းပြီဖြစ်ကြောင်းကို 'ပျို့ခေါင်းက စံပယ်ဖြူ၊ ပန်သူနှင့်လေး'ဟုသီလိုက်ပြီးနောက်၊ လယ်ထွန်မောင်ကြီး၏ စိတ်ပျက်သွားဟန်ကို 'စံပယ်ခိုင် ဖူးတိုင် လှဲ့ရာ၊ လွဲရော့ကွဲ့လေး'ဟု စပ်ဆိုထားလေသည်။ ထို့ပြင် ဤ ဘဒ္ဒကမ္ဘာ၌ ဘုရားလေးဆူပွင့်ပြီးဖြစ်ကြောင်း၊ ဘုရား တစ်ဆူ သာ ပွင့်ရန်ကျန်သေးကြောင်းကို စံပယ်လေးရုံနှင့် နှိုင်းခိုင်းကာ ပဟေဠိလုပ်၍ စကားဝှက်ခဲ့သည့် 'စံပယ်တဲ့လေးရုံ၊ မလေးကွယ် မပန်ထိုက်တယ်၊ ပန်းမြတ်ခိုက်ကြုံ၊ အပွင့်ရယ်ကုန်၊ အငုံဖြင့် ကျန်ပါသေး၊ ပန်ချင်သူ ပျို့မောင်ကြီးရယ်၊ ခေါင်းဖြီးခဲ့လေး။' ဟူသောကဗျာကိုလည်း တွေ့ရလေသည်။ ထိုနောက် မိမိအား ခေတ္တယာယီမျှသာ ချစ်ကြိုက်၍ နောင်အခါ၌ အသစ်မြင်သော အခါ ပစ်ပယ်လေ့ရှိကြောင်းကို ခံပန်းနှင့်စံပယ်ပန်းကို နှိုင်းယှဉ်၍ ရေးသားသောကဗျာလည်း ရှိလေသည်။ စလေဦးပုည စပ်ဆိုခဲ့သော ထိုကဗျာမှာ 'ပန်းစံပယ် နန်းအလယ် မပေါ်ခိုက် တာမို့၊ အလိုက်တော်တန်သင့်ရုံ၌၊ ခံပွင့်ကိုကုံး။ ။ နန်းရဝေ၊ မန်းမြေ စံပယ်လှိုင်တော့၊ ခံပန်းခိုင် ယာယီရွေ့တယ်၊ တောလေ့ ရွာသုံး။'ဟူ၍ ဖြစ်သည်။ ရတုဘုရင်နတ်သျှင်နောင်ကမူ ပန်းရာ သီ ရောက်သော်ငြားလည်း စစ်ထွက်နေရသဖြင့် ကြင်သူအား ကိုယ်တိုင် ဆင်မပေးရပုံကို ရေးဖွဲ့ရာတွင် 'စံပယ်ပျံ့မွှေး၊ စကား သေးကို၊ မြတ်လေးစုံမက်၊ ကျွန်ုပ်လက်ဖြင့်၊ ရွေးလျက်ရွရွ၊ မဆင်ရတည့်'ဟု စံပယ်ပန်းကို အမြတ်တနိုး ထည့်သွင်း ရေးဖွဲ့ ခဲ့ပေသည်။ စံပယ်ဟူသော ရေးထုံးကိုကား ဝဏ္ဏဗောဓနသတ်အင်းကျမ်း တွင် 'စမ္ပယ်'ဟူ၍လည်းကောင်း၊ ရတုစာဆို နဝဒေးကြီးကမူသူ၏ 'ပတ် စက်ဝန်းလည်' ချီရတု ဒုတိယပိုဒ်၌ 'စလည်းဆင်မှ၊ ပတွင် ယသတ်၊ ဖြူဆွတ်ဆွတ်ကို'ဟု မသတ်နိဂ္ဂဟိတ်မဲ့ 'စပယ်'ဟူ၍ ၎င်း၊ ဦးဝန်ပြုစုသော မြန်မာသတ်ညွှန်းကျမ်းတွင် 'စံပယ်' ဟူ၍လည်းကောင်း အမျိုးမျိုး ရေးကြသည်ကို တွေ့ရပေသည်။ စံပယ်ပုံများ
ကိုးကား
|
Portal di Ensiklopedia Dunia