ဆာလဖျူရစ်အက်ဆစ်
ဆာလဖျူရစ်အက်ဆစ် (အင်္ဂလိပ်: Sulfuric acid) သည် ရှိသမျှ အက်ဆစ် အပေါင်းတို့တွင် အရေးပါအရာရောက်ဆုံး အက်ဆစ်ဖြစ်သောကြောင့် ကမ္ဘာပေါ်ရှိမည်သည့်လုပ်ငန်းများ၌မဆို ထိုအက်ဆစ်မပါလျှင် မပြီးနိုင်သလောက် ဖြစ်လေသည်။ ဆာလဖျူရစ်အက်ဆစ်သည် ဆီကဲ့သို့သော အရည်ဖြစ်၍ အရောင်အဆင်းလည်းမရှိ၊ အနံလည်းမရှိချေ။[၆] ရေထက်နှစ်ဆ နီးပါးမျှပို၍လေးပြီး အက်ဆစ်အပြင်းရည်သည် အောက်ဆီဂျင်ဓာတ် ပေးစွမ်းနိုင်သော ဓာတ်ပစ္စည်းဖြစ်သည့်ပြင်၊ ရေနှင့် အလွန်ပေါင်းစပ်လွယ်၏။ စိုစွတ်ထိုင်းမှိုင်းသော ဓာတ်ငွေ့ပုလင်းထဲသို့ ထိုဆာလဖျူရစ် အက်ဆစ်ရည်ထည့်လိုက်သောအခါ ဓာတ်ငွေ့တွင် ရှိနေသော ရေငွေ့ကို ဆာလဖျူရစ် အက်ဆစ်က စုပ်ယူလိုက်သဖြင့် ခြောက်သွား၏။ ထို့ကြောင့် ဤအက်ဆစ် သည် စိုစွတ်ထိုင်းမှိုင်းနေသော ပစ္စည်းများကို ခြောက်အောင် လုပ်ပေးနိုင်သော ဓာတ်ပစ္စည်းတစ်ခု အဖြစ်ဖြင့်လည်း အသုံးဝင်၏။ မည်မျှ လောက် ရေနှင့်ပေါင်းစပ်လွယ်သနည်းဟူမူ သကြား၊ ကော်မှုန့်၊ စက္ကူ၊ သစ်သားစ၊ ဝါဂွမ်းစသောပစ္စည်းများပေါ်သို့ ဆာလဖျူရစ်အက်ဆစ်ရည်ကို အစက်ချပေးလိုက်လျှင်ပင် ထိုပစ္စည်းများတွင်ရှိသော ရေကို အက်ဆစ်က ထုတ်ယူလိုက်သောကြောင့် ကာဗွန်အမည်းသာလျှင် ကျန်ရစ်သည်ကို တွေ့ရသည်။ ထိုအက်ဆစ်ကို ရေနှင့်ရောစပ်သောအခါ အပူဓာတ် ပေါ်လာ၏။ အပူဓာတ် ပေါ်လာကြောင်းကို ဤသို့သိအပ်၏။ ရေရှိသော ခွက်တစ်ခွက်ထဲသို့ ဆာလဖျူရစ်အက်ဆစ်အပြင်း ရည်ကို တဖြည်းဖြည်း လောင်းထည့်၍ မွှေပေးလိုက်သောအခါ ရေပူလာသည်ကိုတွေ့ရ၏။ အက်ဆစ်အပြင်းရည်ထဲသို့ ရေအစက်အနည်းငယ် ချပေးလိုက်လျှင်လည်း ရေသည်တမုဟုတ်ခြင်း အလွန်ပူလာသဖြင့် တခါတရံ အက်ဆစ်ရည်သည်ပင်လျှင် စင်၍ထွက်လာတတ်၏။ ထို့ကြောင့် အက်ဆစ်အပြင်းရည်ကို အပျော့ရည်ပြုလုပ်လိုသောအခါ အက်ဆစ်ထဲသို့ ရေကိုမလောင်း ထည့်ဘဲ၊ ရေထဲသို့သာ အက်ဆစ်ရေကို တဖြည်းဖြည်းလောင်း ထည့်၍ မွှေပေးရလေသည်။ အသားပေါ်သို့ အက်ဆစ်ကျရောက် လျှင် အသားကိုလောင်တတ်သည်။ ဆာလဖျူရစ်အက်ဆစ် ချက်ယူကြရာ၌ အသုံးပြုသော နည်းနှစ်နည်းမှာ ခဲဖြင့်စီမံထားသော အခန်းတွင် ချက်သော နည်းဟောင်းနှင့် ဓာတ်ကူပစ္စည်းကိုသုံး၍ ချက်ယူသော နည်း သစ်ဖြစ်၏။ ဆာလဖျူရစ်အက်ဆစ် မော်လီကျူးတစ်ခုတွင် ဟိုက်ဒရိုဂျင်အက်တမ်နှစ်ခု၊ ဆာလဖာ (ကန့်) အက်တမ်တစ်ခု နှင့် အောက်ဆီဂျင် အက်တမ်လေးခုပါဝင်လျက်ရှိ၍၊ ထိုအက်ဆစ်၏ ဓာတုသင်္ကေတမှာ H2SO4 ဖြစ်၏။ ဆာလဖျူရစ်အက်ဆစ်ကို ချက်ယူသော ပထမနည်း ဟောင်းတွင် လိုအပ်သောပစ္စည်းများမှာ (၁) ဆာလဖာ ဒိုင်အောက်ဆိုက် SO2 (၂) နိုင်ထရစ် အောက်ဆိုက် NO (၃) လေ (၄) ရေနွေးငွေ့ သို့မဟုတ် ရေတို့ ဖြစ်ကြ၏။ ပထမ၌ လေထဲတွင်ပါသော အောက်ဆီဂျင်သည် နိုက်ထရစ်အောက် ဆိုက်နှင့် ပေါင်းလိုက်သောအခါ နိုင်ထရိုဂျင် ပါအောက်ဆိုက် ရ၏။ ဆာလဖာ ဒိုင်အောက်ဆိုက်နှင့် လေတို့ကို ထိုသို့ရခဲ့သော နိုက်ထရိုဂျင် ပါအောက်ဆိုက် NO2 နှင့် ရေနွေးငွေ့ တွင်ရော၍ ချက်လိုက်သောအခါ ဓာတ်ဖောက်ပြန်မှုများ ဖြစ်ပေါ်လာပြီးလျှင် နောက်ဆုံး၌ ဆာလဖျူရစ်အက်ဆစ် H2SO2 ရည်ကိုရရှိသည်။ နိုက်ထရိုဂျင် ပါအောက်ဆိုက် NO2 နှင့် ဆာလဖာ ဒိုင်အောက်ဆိုက် SO2 တို့ကိုရော၍ ချက်သော အခါ NO2 မှ အောက်ဆီဂျင်ဓာတ် ကွဲထွက်လာပြီးလျှင် SO2 နှင့်ပေါင်းစပ်သဖြင့် SO2 သည် ဆာလဖာထရိုင် အောက်ဆိုက် SO3 ဖြစ်လာ၍ NO2 သည် နိုက်ထရစ်အောက်ဆိုက် NO ဖြစ်လာလေသည်။ ဖြစ်လာပုံမှာ- SO2 + NO2 = SO3 + NO
တဖန် SO3 နှင့် ရေနွေးငွေ့တို့ရောစပ်ကြရာမှ H2SO2 ကို ရရှိပုံမှာSO3 + H2O = H2SO4 နိုက်ထရစ်အောက်ဆိုက် NO သည် လေထဲမှ အောက်ဆီ ဂျင်ဓာတ်ကို ရသောကြောင့် နိုက်ထရိုဂျင်ပါအောက်ဆိုက် NO2 အဖြစ်သို့ တဖန်ပြောင်းလဲသွားပြီးလျှင် SO2 နှင့်ပေါင်းစပ်ပြန် ၏။ ဤသို့လျှင် ဓာတ်ပေါင်းစပ်မှုတို့သည် အဆက်မပြတ် ဖြစ် နေလေသည်။ ဖြစ်နေပုံမှာ- ရရှိပုံမှာ- တွင်းထွက်ရေနံစိမ်းသည် အညစ်အကြေးများနှင့် ရောနှော လျက်ရှိရာ ဆာလဖျူရစ်အက်ဆစ်ဖြင့် စင်ကြယ်အောင် ပြုလုပ် ပေးရ၏။ ဤအက်ဆစ်ကို ဓာတ်မြေဩဇာများ ပြုလုပ်ရာ၌ လည်းများစွာ အသုံးပြုရ၏။ ထိုဓာတ်မြေဩဇာကို ဟူပါဖော့ စဖိတ်ဟုခေါ်၏။ ထို့ပြင် ဓာတ်ပစ္စည်းများ ပြုလုပ်ရာ၌၎င်း၊ သံနှင့် သံမဏိလုပ်ငန်းများ၌လည်းကောင်း၊ ကျောက်မီးသွေးမှဓာတ်ပစ္စည်း များချက်လုပ်သော လုပ်ငန်းများ၌လည်းကောင်း၊ ပေါက်ကွဲစေတတ်သည့် ခဲယမ်းမီးကျောက်များ ပြုလုပ်ရာ၌လည်ကောင်း၊ ရက်ထည်များပြုပြင် လုပ်ကိုင်ရာ၌လည်ကောင်း၊ ပိုးတုအထည်များ စီမံပြုလုပ်ရာ၌လည်ကောင်း သံမပါ သည့်သတ္တုဗေဒလုပ်ငန်းများ၌လည်ကောင်း၊ အခြားအထွေအထွေလုပ်ငန်း များ၌လည်ကောင်း ဤအက်ဆစ်ကို အသုံးပြုကြရ၏။ ဤမျှမကသေး ဆာလဖျူရစ်အက်ဆစ်သည် ဟိုက်ဒရို ကလောရစ်အက်ဆစ် HCI နိုက်ထရစ် အက်ဆစ် HNO3 နှင့် အခြား အက်ဆစ်များခပ်ယူရာ၌လည်ကောင်း အဝတ်လျှော်ဆိုဒါနှင့် ဖော့စဖောရပ်များပြုလုပ်ရာ၌လည်ကောင်း၊ များစွာအသုံးဝင်သေး၏။ ဤမျှအသုံးဝင်သော်လည်း ဤအက်ဆစ်ကို တနေရာမှ တနေရာသို့ အမြောက်အမြား သယ်ယူပို့ဆောင်ရန် အလွန် ခက်ခဲသည့်အတွက် အများအစားအသုံးပြုကြသော လုပ်ငန်းရှင် ကြီးများသည် များသောအားဖြင့် မိမိတို့ဖာသာ အက်ဆစ်ကို ချက်ယူကြလေသည်။[၇] ကိုးကား
|
Portal di Ensiklopedia Dunia