ဆေးပညာ
![]() ဆေးပညာဆိုသည်မှာ ကုသခြင်းနှင့် ဆိုင်သော သိပ္ပံပညာသာ မက အနုပညာတစ်မျိုးဟုလည်း ခေါ်ဆိုနိုင်သည်။ ဆေးပညာတွင် ကာကွယ်ခြင်းနှင့် ကုသခြင်းဖြင့် လူသားတို့၏ ကျန်းမာရေးကို ထိန်းသိမ်းရန် သို့ ပြန်လည်တည်ဆောက်ရန် အတွက် အမျိုးမျိုးသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆိုင်သော လုပ်ငန်းစဉ်များပါဝင်နေသည်။ ခေတ်သစ်ဆေးပညာတွင် ကျန်းမာရေးသိပ္ပံ (health science)၊ ဇီဝဆေးပညာ သုတေသတန နှင့် ကျန်းမာရေး နည်းပညာတို့ကို အသုံးပြု၍ ပုံမှန်အားဖြင့် ဆေးပေးခြင်း၊ခွဲစိတ်ခြင်းနှင့် အခြားကုသနည်းလမ်းများဖြင့် ထိခိုက်မှုနှင့် ရောဂါတို့ကို ဆန်းစစ်ရန်နှင့် ကုသရန် အသုံးပြုသည်။ ဆေးပညာ၏ အင်္ဂလိပ်ဝေါဟာရ medicine သည် လက်တင်ဘာသာစကား ars medicina မှ ဆင်းသက်လာပြီး ကုသခြင်း အနုပညာဟု အဓိပ္ပာယ်ရသည်။ ဆေးဖက်ဆိုင်ရာ နည်းပညာနှင့် လက်တွေ့ကုသရေးတွင် ကျွမ်းကျင်မှု (clinical expertise) တို့မှာ ခေတ်သစ်ဆေးပညာ၏ ကျောရိုးများဖြစ်သော်လည်း တကယ်တမ်း အောင်မြင်စွာကုသနိုင်ရေးအတွက်မူ လူနာနှင့် မျက်နှာချင်းဆိုင်၍ သာမန်လူသားတို့၏ ခံစားမှုနှင့် အရေးတယူဂရုစိုက်မှု အစရှိသောအရာများကို ပြသရန်လိုပြီး အင်္ဂလိပ်တွင် "bedside manner" ဟုခေါ်ကြသည်။ သမိုင်းကြောင်း![]() သမိုင်းမတိုင်မီက ဆေးပညာတွင် သစ်ပင်များထွက်ပစ္စည်းအသုံးပြုကုထုံးများ၊ တိရစ္ဆာန်တို့၏ အစိတ်အပိုင်းများ နှင့် တွင်းထွက်ပစ္စည်းများအသုံးပြုကုထုံးများ ပါဝင်ခဲ့သည်။ များသောအားဖြင့် ထိုအရာများကို ရိုးရာဓလေ့ထုံးစံအတိုင်း ဘုန်းကြီးများ၊ ရှားမင်းများ၊ ဆေးသမားများက မျက်လှည့်ဆန်သော အရာဝတ္ထုများအဖြစ်အသုံးပြုခဲ့ကြသည်။ လူသိများထင်ရှားသော စိတ်ပိုင်းဆိုင်ရာကုထုံးများမှာ သက်မဲ့အရာဝတ္ထုများတွင် ဝိဉာဉ်ကိန်းအောင်းနေသည် ဟူသော အယူအဆ၊ ကွယ်လွန်ပြီးဘိုးဘွားတို့၏ဝိဉာဉ်ဖြင့် နတ်ဘုရားများ ဘာသာတရားများကို တိုင်တည်ကုသခြင်း၊ တစ်ဦးချင်းစီအား လျှို့ဝှက်သောစွမ်းအားများကို အသုံးပြုကုသခြင်းနှင့် ထူးဆန်းသောနည်းဖြင့် အမှန်တရားကိုရယူခြင်း စသည်တို့ဖြစ်ကြသည်။ ဆေးပညာနှင့်ဆက်စပ်သော မနုဿဗေဒပညာ သည် သမိုင်းမတိုင်မီက ရှိခဲ့သော အမျိုးမျိုးသော ဆေးကုသမှုစနစ်များနှင့် လူ့အသိုင်းအဝိုင်း ဆက်နွယ်နေမှု ကိုလေ့လာသော ပညာဖြစ်သည်။ ဆေးပညာနှင့်ဆိုင်သော ရှေးဦးပိုင်းမှတ်တမ်းများကို အိန္ဒိယတိုက်တွင် ရှိသော အာယုဗေဒ ဆေးပညာ၊ ရှေးခေတ် အီဂျစ်ဆေးပညာ၊ တရုတ်ရိုးရာဆေးပညာ၊ အမေရိကား နှင့် ရှေးခေတ်ဂရိဆေးပညာတို့တွင် တွေ့ရသည်။ ဆေးပညာ၏ ဖခင်ကြီးဖြစ်သော ဟစ်ပိုကရေးတီး (Hippocrates) သည် ကျိုးကြောင်းဆက်စပ် တွေးခေါ်မှုနှင့်ဆိုင်သော နောက်ပိုင်းခေတ် ဆေးပညာ၏ အခြေခံအုတ်မြစ်များကို ချခဲ့ကြသည်။ ဟစ်ပိုကရေးတီးသည် ဆရာဝန်များ လိုက်နာရန် ကျင့်ဝတ်နှင့်ကျမ်းကျိန်လွှာ ဟစ်ပိုကရေးတစ် အုတ်သ်(Hippocratic Oath) ကို စတင် မိတ်ဆက်ခဲ့ပြီး ထိုကျမ်းကျိန်လွှာကို ယခုတိုင် အသုံးပြုနေဆဲဖြစ်သည်။ ထို့ပြင် ဟစ်ပိုကရေးတီးသည် ရောဂါများကို acute, chronic, epidemic & endemic ဆိုပြီး အမျိုးအစားခွဲခဲ့သည့် ပထမဆုံးလူ ဖြစ်ပြီး ဆေးပညာအခေါ်အဝေါ်များဖြစ်သည့် "exacerbation, relapse, resolution, crisis, paroxysm, peak, and convalescence" တို့ကို သုံးစွဲခဲ့သည်။ ဂရိသမားတော် ဂေလင် (Galen) သည် ရှေးခေတ်ဆေးပညာလောက၏ ကြီးကျယ်မိသားစုသော ခွဲစိတ်ဆရာဝန် တစ်ဦး ဖြစ်ခဲ့ပြီး ဦးနှောက်ခွဲစိတ်ခြင်း၊ မျက်စိခွဲစိတ်ခြင်းတို့ အပါအဝင် ခွဲစိတ်ခြင်း မြောက်မြားစွာကို ပြုလုပ်ခဲ့သည်။ ၇၅၀ CE နောက်ပိုင်းတွင် မူစလင်အာရပ်တို့သည် ဟစ်ပိုကရေးတီး၊ ဂေလင်၊ ဆပ်ရှလျူးတာ (Sushruta) တို့၏ လုပ်ဆောင်ချက်များကို အာရေဗျ ဘာသာစကားသို့ပြန်ဆိုခဲ့ပြီး၊ အစ္စလာမ် သမားတော်များသည် ဆေးပညာသုတေသန လုပ်ငန်းများကို သိသိသာသာ ပြုလုပ်ခဲ့ကြသည်။ အစ္စလာမ် ဆေးပညာလောက၏ ဦးဆောင်လမ်းပြဖြစ်သူ ပညာရှင် အစ်ဘင်စီနာ (Avicenna) ကိုလည်း အင်လတတ် (Imhotep) နှင့် ဟစ်ပိုကရေးတီး နည်းတူ ဆေးပညာ၏ ဖခင်ဟု ခေါ်ဆိုကြသည်။ သူ၏ The Canon of Medicine မှာ ဆေးပညာ သမိုင်းတလျောက် အကျော်ကြားဆုံးသော စာအုပ်များအနက်မှ တစ်အုပ်ဖြစ်သည်။ ရေးဇစ်စ် (Rhazes) သည် အလယ်ခေတ် အနောက်ပိုင်း နှင့် အစ္စလာမ် ဆေးပညာ (medieval Western & medieval Islamic Medicine) တွင် နာမည်ကြီးနေသော ဂရိတို့၏ Humorism သီအိုရီကို မမှန်ကြောင်း မေးခွန်းထုတ်ခဲ့သည့် ပထမဆုံးသူ ဖြစ်သည်။ သူသည် ဝက်သက် (measles) နှင့် ကျောက်ရောဂါ (small pox) ကို ပထမဆုံး အမျိုးအစားခွဲခဲ့သည့်သူ ဖြစ်သည်။ အစ္စလာမ်တို့၏ ဘီအမ်ရတ်ဆတန် (Bimarestan) ဆေးရုံများမှာ အစောဆုံး ပြည်သူ့ဆေးရုံများ ဖြစ်သည်။ အာရပ်တို့ ဆေးပညာ ထွန်းပေါက်ခဲ့သော်လည်း ၁၄ ရာစုနှင့် ၁၅ ရာစုတွင် ဖြစ်ပွားသည့် မဲသေရောဂါ (Black Death) ကြောင့် ဥရောပကဲ့သို့ပင် အရှေ့အလည်ပိုင်းတွင် သေကြေမှုများစွာ ရှိခဲ့သည်။ အချို့က ဥရောပ ဆေးပညာသည် ပလိပ်ကပ်ရောဂါကို ကုသရာတွင် ပိုသာသည်ဟု ငြင်းခုံခဲ့ကြသည်။ ခေတ်သစ်ဆေးပညာခေတ် အစောပိုင်းတွင် ဆေးပညာနှင့် ခန္ဓာဗေဒ ပညာရှင်များဖြစ်သည့် ဂါဘလီရေ ဖလိုပီရို (Gabriele Falloppio) နှင့် ဝီလီယံ ဟာဗီ (William Harvey) တို့သည် ဥရောပမှ ပေါ်ထွန်းခဲ့သည်။ ၁၄ ရာစုနှင့် ၁၅ ရာစု ပလိပ်ကပ်ရောဂါ ဖြစ်ပွားချိန်တွင် ဆေးပညာ အတွေးခေါ်များမှာ ယခင် ရှေးရိုးစွဲ ယူဆမှုများမှ သိပ္ပံနည်းကျ ဆေးပညာဘက်ကို တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ "ယခင်က ထင်ပေါ်ကျော်ကြားသူတို့က မှန်သည်ဟု ပြောသည့်အတွက် မှန်သည်။ ထိုသူတို့ ပြောသည့်အတိုင်း ဖြစ်သည်။ ထိုသူတို့ ပြောသည်မှ သွေဖည်ခဲ့ပါက မှားယွင်းသည်" ဟူသော ရှေးယူဆချက်များကို ငြင်းပယ်လာကြသည်။ ဗက်စလီးရက်စ် (Vesalius) ကဲ့သို့ သမားတော်များကလဲ အရင်က မှားယွင်းသော ယူဆချက်များကို မှန်ကန်အောင်၊ အချို့ယူဆချက်တို့ကို ပိုကောင်းအောင် ပြုလုပ်ခဲ့ကြသည်။ အန်ဒရေးယက် ဗက်စလီးရက်စ် (Andreas Vesalius) သည် အလွန်ကျော်ကြားခဲ့သော ခန္ဓာဗေဒစာအုပ်, De humani corporis fabrica, ကို ရေးသားခဲ့သည်။ ပြင်သစ် ခွဲစိတ်ပညာရှင် အွန်ပရော့စ် ပါလီ (Ambroise Paré) ကို ခွဲစိတ်ပညာရပ်၏ ဖခင်ဟု သတ်မှတ်ကြသည်။ ၁၆၇၆ တွင် အန်တိုနီ ဖှန် လူဝင်ဟွတ် (Antonie van Leeuwenhoek) က ဘက်တီးရီးယားနှင့် ပိုးမွားငယ်များကို အနုကြည့်မှန်ပြောင်းဖြင့် ရှာဖွေတွေ့ရှိခဲ့ပြီး microbiology ဘာသာရပ်ကို စတင်ပေါ်ပေါက်စေခဲ့သည်။ ၁၆၂၈ ခုနှစ်တွင် ဝီလီယံ ဟာဗီ (William Harvey) မှ သွေးလှည့်ပတ်မှုစနစ်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ကျောက်ရောဂါ ကာကွယ်ဆေးကို အက်ဝေါ့ ဂျန်နာ (Edward Jenner) က ၁၈ ရာစုနောက်ပိုင်းတွင် တွေ့ရှိပြီးနောက် သိပ္ပံနည်းကျသော ခေတ်သစ်ဆေးပညာက လွှမ်းမိုးလာခဲ့သည်။ ဘက်တီးရီးယားပိုးမွှားများ ကူးစက်ပြန့်ပွားပုံကို ၁၈၈၀ တွင် တွေ့ရှိခဲ့ပြီး၊ ၁၈၉၀ ခုနှစ်တွင် ပိုးသတ်ဆေးကို ဖော်ထုတ်နိုင်ခဲ့သည်။ သိပ္ပံနှင့် နည်းပညာ တိုးတက်လာသည့်အလျောက် ကုသရာတွင်လည်း ယခင် ဆေးမြစ်၊ ဆေးဥ၊ ဆေးပင်၊ တိရစ္ဆာန်၊ လူတို့၏ ကိုယ်အစိတ်အပိုင်းများ၊ အရည်များကို အသုံးပြုရာမှ ဆေးဝါးများကို ပြုလုပ်ပြီး သုံးစွဲလာကြသည်။ ဆေးဝါးအများစုကို ဆေးမြစ်များ၊ ဆေးပင်များမှ ပြုလုပ်ကြသည်။ အက်ဝေါ့ ဂျန်နာ (Edward Jenner) နှင့် လူးဝစ် ပတ်စ်တိုး (Louis Pasteur) မှ ကာကွယ်ဆေးကို တွေ့ရှိခဲ့သည်။ ၁၉၀၈ ခုနှစ်တွင် အဆိပ်ရှိသော ဆိုးဆေးများကို ဘက်တီးရီးယားများက စုပ်ယူပြီး၊ လူ့ခန္ဓာဆဲလ်များက စုပ်ယူခြင်း မရှိသည်ကို တွေ့ရှိပြီး ပထမဆုံး ပိုးသတ်ဆေး (Arsphenamin) ကို ဖော်ထုတ်ခဲ့သည်။ ပထမဆုံး ပိုးသတ်ဆေး အုပ်စုမှာ ဆာဖာလ် (Sulfa) ဆေးအုပ်စု ဖြစ်သည်။ ဆေးဝါးပညာရပ်မှာလည်း ပိုမို ရှုပ်ထွေးနက်နဲလာပြီး လူ၏ဇီဝဖြစ်စဉ်ကို ဦးတည်သော ဆေးဝါးများကို ခေတ်သစ်နည်းပညာများဖြင့် ဖော်ထုတ်လာကြသည်။ ဆေးဝါးများ၏ မကောင်းသည့် အာနိသင်ကိုလဲ နည်းနိုင်သမျှနည်းအောင် ပြုလုပ်လာကြသည်။ လူသားမျိုးရိုးဗီဇ (Human Genetics) အကြောင်းကို သိရှိလာပြီး ဗီဇ (Gene) မကောင်းမှုကြောင့် ဖြစ်လာသော ရောဂါများ (Genetic Disorders) ကိုလဲ သိရှိလာသည်။ အဖြစ်များသော Genetic Disorders များ၏ မကောင်းသော Gene များကိုလဲ သိရှိလာပြီ ဖြစ်ပြီး Genetics နည်းပညာနှင့် Molecular Biology နည်းပညာမှာ ခေတ်သစ်ဆေးပညာတွင် အလွန်အရေးပါလာသည်။ ဆေးပညာယူဆချက်များမှာလည်း အတွေ့အကြုံပေါ်အခြေခံသည့် ဆေးပညာ (Evidence-based Medicine) အဖြစ် ကူးပြောင်းလာပြီး၊ တကမ္ဘာလုံးတလျောက် အချက်အလက်များ ကောက်ယူခြင်း၊ စမ်းသပ်ခြင်း၊ ပြန်လည်သုံးသပ်ခြင်း တို့ဖြင့် ဆေးပညာကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နေကြသည်။ လက်တွေ့အသုံးချ ဆေးပညာဆေးပညာကို အသုံးပြုပြီး ဆရာဝန် တစ်ဦးသည် လူနာ၏ ရောဂါကို ရှာဖွေခြင်း၊ ကုသခြင်းနှင့် ရောဂါ မဖြစ်ပွားစေရန် ကာကွယ်ခြင်းတို့ကို လုပ်ဆောင်သည်။ များသောအားဖြင့် ဆရာဝန်မှ လူနာအား မိတ်ဆက်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းဖြင့် ဆရာဝန်-လူနာ ဆက်ဆံရေးကို စတင်ပြီး ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ လူနာအား စမ်းသပ်ခြင်း၊ လူနာမှတ်တမ်းရေးခြင်းတို့ကို ပြုလုပ်သည်။ လူနာကို စမ်းသပ်ရာတွင် နားကြပ် (stethoscope), အာရုံကြော တုံ့ပြန်မှုကို စမ်းသပ်ရန် ပလက်စတစ်တူအသေးစား (Reflex Hammer)၊ သာမိုမီတာ (Thermometer)၊ ဓာတ်မီး အစရှိသည့် ပစ္စည်းများကို အသုံးပြုသည်။ လူနာခံစားရသော လက္ခဏာများ (symptoms)၊ လူနာကို စမ်းသပ်ပြီး တွေ့ရှိချက်များ (signs) ကို မှတ်သားပြီးနောက် လိုအပ်သော ဓာတ်ခွဲခန်း စစ်ဆေးမှုများ (သွေး၊ ဆီး၊ ဝမ်း၊ အစရှိသည်) ကို ပြုလုပ်ခြင်း၊ အသားစယူ၍ ဓာတ်ခွဲခန်းပို့ စစ်ဆေးစေခြင်း၊ ဆေးပေးခြင်း၊ အခြားကုသနည်းများဖြင့် ကုသခြင်းများကို ဆောင်ရွက်ပေလိမ့်မည်။ မေးမြန်း၊ စမ်းသပ်၊ စစ်ဆေးခြင်းမှ ရရှိလာသော အချက်များကို မူတည်၍ ဖြစ်နိုင်ချေရှိသော ရောဂါများကို သတ်မှတ်ရလေသည်။ လူနာအား သိသင့်သိထိုက်သော အချက်အလက်များကို ရှင်းပြခြင်းဖြင့် ဆရာဝန်-လူနာ ဆက်ဆံရေး ခိုင်မြဲအောင်၊ လူနာ ယုံကြည်ကိုးစားလာအောင် ဆောင်ရွက်ရပေသည်။ စမ်းသပ်၊ စစ်ဆေးတွေ့ရှိချက်များ၊ ကုသချက်များ အားလုံးကိုလဲ မှတ်တမ်းမှတ်ရာများနှင့် ထားရှိရပြီး နောင်လိုအပ်ချိန် သို့မဟုတ် တရားရင်ဆိုင်ချိန်တွင် အသုံးပြုနိုင်သည်။ လူနာကို တကြိမ်တခါထဲနဲ့ ကုသရုံသာမက လိုအပ်သလို ရက်ချိန်းပေးပြီး အခြေအနေ ပြန်လည် သုံးသပ်ခြင်းကို ပြုလုပ်ရပေသည်။ ရက်ချိန်းပြန်ပြရာတွင် စမ်းသပ်မှုများမှာ ပထမဆုံးအကြိမ်ကဲ့သို့ အချိန်မကြာပေ။
လူနာအား စမ်းသပ်ရာတွင် ဆရာဝန် သို့မဟုတ် ကျန်းမာရေး စောင့်ရှောက်မှုပေးသူသည် အမြင်၊ အကြား၊ အထိ အတွေ့၊ အနံ့အာရုံ စသည်တို့ကို အသုံးချရသည်။ အခြေခံ စမ်းသပ်မှုတွင် အဆင့် (၄) ဆင့်ရှိသည်။ ကြည့်ရှုခြင်း (inspection)၊ ကိုင်တွယ် ထိတွေ့ခြင်း (Palpation), အသံကို မူတည်ပြီး ဆုံးဖြတ်ရန် လူနာကိုယ်ပေါ် လက်ချောင်းတင်ပြီး ထိုလက်ချောင်းကို အခြားလက်တဖက်ဖြင့် ခေါက်ခြင်း (Percussion), နားထောင်ခြင်း (Ascultation) တို့ဖြစ်သည်။ စမ်းသပ်သည့် ကိုယ် အစိတ်အပိုင်းပေါ် မူတည်ပြီး အစီအစဉ်ကွဲပြားခြင်း ရှိနိုင်သည်။ ဥပမာ - အရိုးအား စမ်းသပ်ရာတွင် ကြည့်ခြင်း (look), ကိုင်တွယ်ခြင်း (feel), လှုပ်ရှားခြင်း (move) ဆိုပြီး ကွဲပြားသွားသည်။ အထက်ပါ အခြေခံ စမ်းသပ်မှုဖြင့် အောက်ပါတို့ကို စမ်းသပ်ရသည်။
လိုအပ်ပါက ဓာတ်ခွဲခန်းပို့ စစ်ဆေးခြင်း၊ ဓာတ်မှန်၊ ကွန်ပျူတာ ဓာတ်မှတ် ရိုက်ခြင်းတို့ကို အသုံးပြုနိုင်သည်။ စမ်းသပ်၊ စစ်ဆေးချက်များကို မူတည်ပြီး လူနာ ဖြစ်ပွားနေသော ရောဂါကို ရှာဖွေရသည်။ စစချင်း ရောဂါကို အတိအကျ မသိရှိနိုင်ပဲ ဖြစ်နိုင်ချေရှိသော ရောဂါများကို သတ်မှတ်ရလေသည်။ ထို့နောက် တဆင့်ပြီး တဆင့် ဖြစ်ပွားနေသော ရောဂါကို သိရှိအောင် ကြိုးစားရလေသည်။ ကုသခြင်းတွင် ဆေးပေးခြင်း၊ စောင့်ကြည့်ခြင်း၊ လိုအပ်သည့် ဓာတ်ခွဲစမ်းသပ်မှုများကို ထပ်မံလုပ်စေခြင်း၊ အထူးကု ဆရာဝန်ဆီသို့ လွှဲပေးခြင်းတို့ ပါဝင်သည်။ ရက်ချိန်းပေး ပြန်လည်ကြည့်ခြင်း ပြုလုပ်သင့်ပေသည်။ ကုသမှုခံယူရာတွင် မိနစ်အနည်းငယ်အတွင်း ပျောက်ကင်းသွားခြင်းများ ရှိသကဲ့သို့၊ ရှုပ်ထွေးသော ရောဂါများ၊ ကိုယ်ခန္ဓာ အစိတ်အပိုင်းများစွာ ပါဝင်သော ဆိုးဝါးသောရောဂါများကို ကုသရာတွင် လနဲ့ချီ ဆေးရုံတွင် ကုသခံရခြင်းများ ရှိနိုင်သည်။ နောက်ပိုင်း ရက်ချိန်း ပြန်ပြမှုများတွင် အထက်ပါအချက်များကို အကျဉ်းချုံးပြီး မေးမြန်း၊ စမ်းသပ်ခြင်း၊ လက္ခဏာသစ်များ မေးမြန်းခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ အထူးကုသို့ လွှဲပေးခြင်းများကို ပြုလုပ်နိုင်သည်။ သက်ဆိုင်သော ဆောင်းပါးများကိုးကား
|
Portal di Ensiklopedia Dunia