ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း သည် မြန်မာနိုင်ငံအခြေစိုက် ပြည်တွင်း ပရဟိတလုပ်ငန်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဧပြီလ ၁၆ က စတင်တည်ထောင်ခဲ့သည်။

စတင်ဖြစ်ပုံ

ကွယ်လွန်သူ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်၏ အသက် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကမကထပြု၍ ထူထောင်ခြင်း ဖြစ်သည်။

ပရဟိတ ဆောင်ရွက်ချက်များ

ပထမဆုံး အလှူကို မြန်မာနှစ်ဆန်းတရက်နေ့၌ ကော့မှူးမြို့နယ်တွင် ပြုလုပ်ခဲ့သည်။ ကျေးရွာသုံးရွာအတွက် ငွေ သိန်းသုံးရာကို ဒေါ်အောင်ဆန်းစုကြည်မှ မဲဖောက်လှူဒါန်းခဲ့သည်။ ကော့မှူးမြို့အနီးရှိ လယ်ကွင်းပြင်တွင် ယင်းလှူဒါန်းပွဲနှင့် မြန်မာနှစ်ဆန်း တစ်ရက်နေ့ ပျော်ပွဲရွင်ပွဲကို ကျင်းပခဲ့ပြီး နိုင်ငံကျော် တေးသံရှင်များ၊ သရုပ်ဆောင်များ ပါဝင်ဖျော်ဖြေခဲ့သည်။ ယင်းအလှူအဖြစ် ပထမဆုရရှိသော ကျေးရွာကို ငွေကျပ် ၁၇၅ သိန်း၊ ဒုတိယဆုကို ငွေကျပ် ၇၅ သိန်းနှင့် တတိယဆုကို ငွေကျပ် သိန်း ၅၀ အသီးသီးချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ပြည်သူလူထု လူမှုရေး စီးပွားရေးအတွက် အထောက်အကူပြုရေး ရည်ရွယ်ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ အနည်းဆုံး သိန်းတစ်ရာ မတည်ပြီး ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခု၌ မြန်မာပြည်အောက်ပိုင်းဒေသအချို့၌ ရေကြီးရေလျှံ ဖြစ်ပွားရာ ရေးမြို့၌ အခြေပြု၍ ရေဘေးသင့်များလိုအပ်သော အသုံးအဆောင်တို့ကို လှူဒါန်းသည်။ []

ရွေ့လျားစာကြည့်တိုက်

ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေ ဂျပန်လူမျိုး နာဆူအို မီယာရှီတိုက ဟီးနိုးကား ၂ စင်း လှူသည်။ ထိုကားတို့ဖြင့် ရွေ့လျားစာကြည့်တိုက် စသည်။ ကော့မှူးမြို့နယ်ရှိ ရွာပေါင်း ၂၁ ရွာကို ၂၀၁၃ ခု၊ ဇူလိုင်လ ၂၉ ရက်မှ စ၍ စာအုပ် လှည့်ငှားသည်။ စာအုပ်ပေါင်း ၁၅၀၀၀ ခန့်နှင့် စခြင်း ဖြစ်သည်။ ဤလုပ်ငန်းအား ဦးဆောင်သူမှာ ဖောင်ဒေးရှင်း၏ အလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာ သန့်သော်ကောင်း ဖြစ်သည်။

တစတစ ကျယ်ပြန့်လာပြီး ယာဉ် ၁၇ စီး၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း ၃၄၆ စုံ၊ စာအုပ် ၁၁၀၀၀၀ ကျော် ရှိလာသည်။ သို့ဖြစ်ရာ ၂၀၁၉ ခု၊ စက်တင်ဘာလ ၂၅ ရက်တွင် စာကြည့်တိုက်ယာဉ်၊ စက်ကိရိယာနှင့် စာအုပ်များကို ပြန်ကြားရေးဝန်ကြီးဌာနသို့ လွှဲသည်။ []

သင်တန်းကျောင်း

ကော့မှူးမြို့နယ်၊ မကျီးကန်ကျေးရွာ၊ ကော့မှူး-ကျိုက်ထော် ကားလမ်းဘေး၌ ဧည့်ကြိုဧည့်ခံသင်တန်းကျောင်း (Hospitality and Catering Training Academy) ကို ၂၀၁၄ ခု၊ အောက်တိုဘာလတွင် စဖွင့်သည်။ []

အောက်ပါသင်တန်း ၄ မျိုး ဖွင့်ထားသည် -

  • ဧည့်ကြို အခြေခံသင်တန်း
  • ဧည့်ကြို အဆင့်မြင့်သင်တန်း
  • အချက်အပြုတ် အခြေခံသင်တန်း
  • အချက်အပြုတ် အဆင့်မြင့်သင်တန်း

ကော့မှူးဒေသခံ တဝက်၊ အခြားဒေသခံများ တဝက် အချိုးဖြင့် စီမံထားသည်။ ဝင်ခွင့် အောင်မြင်ပြီးပါက သင်တန်းကြေးအခမဲ့ သင်ယူနိုင်သည်။ သင်တန်းကာလမှာ ၆ လဖြစ်ပြီး လက်တွေ့ ၂ လ ဆင်းရန် လိုသည်။ ထို့နောက်တွင် အသိအမှတ်ပြုလက်မှတ် ရမည် ဖြစ်သည်။

ကိုးကား

  1. ဒီပ (၁၃ ဩဂုတ် ၂၀၁၉) "ရေဘေးသင့်ဒေသတွေကို သွားရောက်လှူဒါန်းခဲ့တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း 4 November 2019 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ."။ MyanmarLoad။
  2. သန္တာ (၂၆ စက်တင်ဘာ ၂၀၁၉) "ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ရွေ့လျားစာကြည့်တိုက်ယာဉ်နှင့် စက်ကိရိယာပစ္စည်းများ၊ စာစောင်များကို ပြန်ကြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ် 4 November 2019 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ."။ အင်တာနက်ဂျာနယ်။
  3. သစ်ထူး (၃ ဇူလိုင် ၂၀၁၅) "ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း HCTA (Hospitality and Catering Training Academy[လင့်ခ်သေ]"။ FoodMagazineMyanmar။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya