ဓမ္မသတ်တက္ကသိုလ်
ဓမ္မသတ်တက္ကသိုလ် (Thammasat University - TU; ထိုင်း- มธ.; ထိုင်း- มหาวิทยาลัยธรรมศาสตร์, RTGS: Mahawitthayalai Thammasat) သည် ထိုင်းနိုင်ငံရှိ ပြည်သူပိုင် သုတေသနတက္ကသိုလ်တစ်ခုဖြစ်ပြီး ဘန်ကောက်မြို့ရှိ ထာဖရာကျန် (Tha Phra Chan) ဧရိယာ၊ ရန်ဆစ် (Rangsit)၊ ပတ္တရားမြို့နှင့် လမ်ပန်း(Lampang) ခရိုင်တို့တွင် ကျောင်းဝင်း (campus) များရှိသည်။ တက္ကသိုလ်နာမည်၏ ထိုင်းအသံထွက်သည် သမ္မာဆတ် ဖြစ်သည်။ ၂၀၂၄ ခုနှစ်အထိ ဓမ္မသတ်တက္ကသိုလ်တွင် ဘာသာရပ်ဌာန၊ ကောလိပ်၊ အင်စတီကျူးရှင်း ၃၃ ခုနှင့် ပညာရေးဝန်ထမ်း ၂,၀၀၀ ဦးတို့တွင် ကျောင်းသား ၃၉,၀၀၀ ကျော် တက်ရောက်ပညာသင်ကြားလျက်ရှိသည်။ ဓမ္မသတ်သည် ထိုင်းနိုင်ငံ၏ ဒုတိယအသက်အကြီးဆုံး တက္ကသိုလ်ဖြစ်သည်။ ၁၉၃၄ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ၏ အမျိုးသားတက္ကသိုလ်အဖြစ် တရားဝင်တည်ထောင်ခဲ့ပြီး ၎င်း၏ တည်ထောင်သူ ပရီဒီ ဘာနိုမျွန်း (Pridi Banomyong) က "ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးသိပ္ပံတက္ကသိုလ်" (ထိုင်း- มหาวิทยาลัยวิชาธรรมศาสตร์และการเมือง; RTGS: Mahawitthayalai Wicha Thammasat Lae Kanmueang) ဟု အမည်ပေးခဲ့သည်။ ၎င်းသည် ပထမဆုံးနှစ်တွင် ဥပဒေနှင့် နိုင်ငံရေးဘာသာရပ်များကို ကျောင်းသား ၇,၀၉၄ ဦးဖြင့် လွတ်လပ်စွာဝင်ခွင့်ပြုသော (open university) တက္ကသိုလ်တစ်ခုအဖြစ် စတင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် တက္ကသိုလ်သည် ၎င်း၏ လွတ်လပ်စွာဝင်ခွင့်မူဝါဒကို ရပ်ဆိုင်းခဲ့ပြီး ကျောင်းဝင်ခွင့်အတွက် အမျိုးသားဝင်ခွင့်စာမေးပွဲကို ဖြေဆိုရန် လိုအပ်သည့် ထိုင်းနိုင်ငံ၏ ပထမဆုံးတက္ကသိုလ်ဖြစ်လာခဲ့သည်။ ယနေ့ခေတ် ဓမ္မသတ်သည် ကျောင်းဝင်းလေးခုတွင် မတူညီသော ဘာသာရပ်ဌာနနှင့် ကောလိပ် ၃၃ ခု၌ ပညာရေးအစီအစဉ် ၂၄၀ ကျော်ကို ပေးအပ်လျက်ရှိသည်။ စတင်တည်ထောင်ခဲ့သည်မှ နှစ်ပေါင်း ၈၀ ကျော်ကာလအတွင်း ဓမ္မသတ် တက္ကသိုလ်သည် ဥပဒေနှင့် နိုင်ငံရေးအတွက် လွတ်လပ်စွာဝင်ခွင့်ပြုသော တက္ကသိုလ်တစ်ခုမှ နယ်ပယ်အသီးသီးတွင် အဆင့်အားလုံး၏ ပညာရေးဒီဂရီများကို ပေးအပ်နိုင်သော နိုင်ငံတကာတက္ကသိုလ်တစ်ခုအဖြစ် ပြောင်းလဲတိုးတက်လာခဲ့သည်။ ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်းသား ၃၀၀,၀၀၀ ကျော်ကို မွေးထုတ်ပေးခဲ့ပြီးဖြစ်သည်။ တက္ကသိုလ်၏ ကျောင်းသားဟောင်းများတွင် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အချို့၊ ထိပ်တန်းနိုင်ငံရေးသမားများ၊ အစိုးရအရာရှိများ၊ ထိုင်းဘဏ်၏ အုပ်ချုပ်ရေးမှူးများနှင့် ဥပဒေပညာရှင်များ ပါဝင်သည်။ တက္ကသိုလ်၏ မူလကျောင်းဝင်းဖြစ်သည့် ထာဖရာကျန် (Tha Phra Chan) ကျောင်းဝင်းသည် ဘန်ကောက်မြို့၊ ဖရားနခွန် (Phra Nakhon) တွင် တည်ရှိသည်။ ဤကျောင်းဝင်းသည် ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ရာနေရာများနှင့် နီးကပ်စွာတည်ရှိပြီး ၁၉၇၃ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့ အရေးအခင်းနှင့် ၁၉၇၆ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့ လူသတ်ပွဲ ဖြစ်ပွားရာနေရာလည်း ဖြစ်ခဲ့သည်။ ဘွဲ့ကြိုအစီအစဉ်အများစုကို အာရုံစိုက်ထားသည့် ရန်ဆစ် (Rangsit) တက္ကသိုလ်နယ်မြေ (campus) သည် ပထုမ်ဌာနီခရိုင်၊ ခလောင်းလောင်းမြို့နယ်(Khlong Luang) တွင် တည်ရှိသည်။ ဓမ္မသတ်တွင် လမ်ပန် (Lampang) နှင့် ပတ္တရားမြို့ တို့တွင် ပိုမိုသေးငယ်သော ဒေသဆိုင်ရာ ကျောင်းဝင်းများလည်း ရှိသည်။ |
Portal di Ensiklopedia Dunia