ဓာတုအလီ

ဓာတုအလီ

ဓာတုအလီ (၃၀ နိုဝင်ဘာ ၁၉၄၁ - ၂၅ ဇန္နဝါရီ ၂၀၁၀) ဟု ထင်ရှားသောဆက်ဒမ်ဟူစိန်၏လက်ရုံးတစ်ဆူဖြစ်သည့် ဝမ်းကွဲညီ အလီ ဟာဆန် အယ်လ် မာဂျစ်အား လူမျိုးသုဉ်းသတ်ဖြတ်မှု စွဲချက်ဖြင့် ၂၀၁၀ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကြိုးပေးကွပ်မျက်ခဲ့သည်။ လူသတ်မှုနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှု ၁၃ မှုတွင် ပြစ်မှုထင်ရှားသဖြင့် ကြိုးပေးကွပ်မျက်ခဲ့ကြောင်း အီရတ်အစိုးရက ပြောကြားခဲ့သည်။ အီရတ်ရှိ ကာ့ဒ်လူမျိုး ၅၀၀၀ အား ဓာတုအဆိပ်ငွေ့ဖြင့် သတ်ဖြတ်ခဲ့မှု အပါအဝင် သီးခြားပြစ်မှု လေးခုဖြင့် သေဒဏ်လေးကြိမ်ချမှတ်ခံခဲ့ရသည်။

ဓာတုအလီကို ၂၀၀၃ ခုနှစ်က ဖမ်းဆီးမိ ခဲ့ပြီးနောက် အမေရိကန်တွင် ထိန်းသိမ်း စစ်ဆေးနေခဲ့ခြင်းဖြစ်ပြီး ကြိုးမပေးမီ ၂၄ နာရီ အလိုတွင်မှ ကြိုးပေးရန် အီရတ်အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ၁၉၈၈ ခုနှစ်က အီရတ်ရှိ ကာ့ဒ်လူမျိုး တစ်သိန်းကျော်ကို ဟူစိန်အစိုးရကသတ်ဖြတ်ခဲ့သည့် အန်ဖဲလ်လှုပ်ရှားမှုတွင် အယ်လ်မာဂျစ်သည် ဟာလဘ်ဂျာရွာကို အဆိပ်ငွေ့ဖြင့် တိုက်ခိုက်ခဲ့ကာ ဖျက်ဆီးခဲ့သောကြောင့် ဓာတုအလီဟု အမည်တွင်ခဲ့သည်။ ယင်းဆောင်ရွက်မှုသည် အရပ်သားတို့အား အဆိပ်ငွေ့ဖြင့် တိုက်ခိုက်မှုများထဲတွင် အဆိုးရွားဆုံး အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့သည်။

၁၉၉၁ ခုနှစ်တွင် ရှီးယိုက်မူဆလင်များက ဆက်ဒမ်ဟူစိန်ကိုတွန်းလှန်ရန်ကြိုးပမ်းမှုအား နှိမ်နင်းပစ်ခဲ့ခြင်း၊ ၁၉၉၉ ခုနှစ်က ဘဂ္ဂဒက်တွင် ဖြစ်ပေါ်ခဲ့သော တော်လှန်ရေးလှုပ်ရှားမှုကို နှိမ်နင်းခဲ့ခြင်းတို့ကြောင့်လည်း အယ်လ်မာဂျစ်ကို သီးခြားစီ သေဒဏ်ချမှတ်ခဲ့သည်။ ၁၉၉၁ ခုနှစ်က ရှီးယိုက်မူဆလင်များ၏ ထကြွမှု ကို နှိမ်နင်းခဲ့ရာ၌ ရှီးယိုက်မူဆလင် ၁၀၀,၀၀၀ အထိ သေဆုံးခဲ့သည်။

အီရတ်ဆွန်နီအာရပ် ဒုတိယသမ္မတ တာရစ်အယ်လ်ဟာရှီမီက သေဒဏ် ချမှတ်ထားမှုနှင့်ပတ်သက်ပြီး လက်မှတ်ထိုးရန် နှောင့်နှေးနေသောကြောင့် အယ်လ်မာဂျစ်နှင့်အခြား တရားခံများအား ကြိုးမပေးနိုင် ဖြစ်နေခဲ့သည်။ အီရတ်ဥပဒေအရ ကြိုးပေးကွပ်မျက်ရန် သမ္မတနှင့် ဒုတိယသမ္မတနှစ်ဦး ပါဝင်သော သမ္မတကောင်စီဝင်အားလုံးက လက်မှတ်ထိုးရန် လိုအပ်သည်။

ကိုးကား

Weekly Eleven News Journal

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya