နန်ကျင်း တက္ကသိုလ်
နန်ကျင်း တက္ကသိုလ် (အင်္ဂလိပ်: Nanjing University; NJU သို့မဟုတ် NU, ရိုးရှင်းတရုတ်: 南京大学; ရိုးရာတရုတ်: 南京大學; ပင်ယင်: Nánjīng Dàxué, Nánkīng Tàhsüéh. တရုတ် အတိုကောက် 南大; pinyin: Nándà, Nanda) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်ကျင်းမြို့ အရှေ့မြောက်ဘက် ယန်ဇီမြစ်ကမ်းနံဘေးတွင် တည်ရှိသော ရှေးကျသည့် တက္ကသိုလ်တစ်ခု ဖြစ်သည်။ ဤတက္ကသိုလ်သည် ချူမင်းဆက်ခေတ်ကတည်းက စတင်တည်ရှိခဲ့သော တက္ကသိုလ်ဖြစ်ပြီး တရုတ်နိုင်ငံတွင် ပထမဦးဆုံးပေါ်ပေါက်ခဲ့သော သုတေသန အထူးပြု တက္ကသိုလ် တစ်ခုလည်း ဖြစ်သည်။ သမိုင်းကြောင်းအစောပိုင်း တည်ထောင်မှုခရစ်နှစ် ၂၅၈ ခုနှစ် ချူမင်းဆက်ခေတ်တွင် ချူမင်းဆက် ဘုရင်ဂျင်းက တရုတ်နိုင်ငံ၏ ထင်ရှားသော ပညာရှင်ဖြစ်သူ ကွန်ဖြူးရှပ်၏ အတွေးအခေါ် အယူအဆများကို သင်ယူနိုင်ရန်အတွက် အခန်းပေါင်း ၁၅၅ ခန်း ပါဝင်သော စာသင်ကျောင်းတစ်ကျောင်း ဆောက်လုပ်ခဲ့စေခဲ့ခြင်းဖြင့် စတင်ခဲ့သည်။ ဘုရင်ဂျင်းသည် ဤကျောင်းတော်ကို သာမန်မိသားစုများထဲမှ ကျောင်းသားတစ်ယောက်ကျနှုန်းဖြင့် စာသင်ကြားခွင့်ပေးခဲ့ပြီး စာပေသင်ကြားခွင့်ရရှိသူသည် နန်းတော်တွင် အမှုထမ်းခွင့်ကိုပါ ရရှိခဲ့သည်။ အဆိုပါ နန်ကျင်းဘုရင့်ကျောင်းသည် ဟန်မင်းဆက်ခေတ်အချိန်အထိ ရှိခဲ့ကာ တိုင်းပြည်အတွင်းတွင် အတော်ဆုံး ကျောင်းသားများကို မွေးထုတ်ပေးနိုင်ခဲ့ပြီး တရုတ်နိုင်ငံအတွင်းတွင် ထင်ရှားသော ကျောင်းတစ်ကျောင်း ဖြစ်ခဲ့သည်။ ထိုစဉ်က အဓိက သင်ကြားပေးခဲ့သည်မှာ ကွန်ဖြူးရှပ်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအတွေးအခေါ်နှင့် ကိုယ်ခံပညာတို့ ဖြစ်သည်။ ခရစ်နှစ် ၄၇၀ တွင် နန်ကျင်းဘုရင့်တက္ကသိုလ်သည် ဘာသာရပ်ငါးခုကို စတင် သင်ကြားခဲ့သည်။ စာပေ၊ သမိုင်း၊ ကွန်ဖြူးရှပ်လေ့လာရေး၊ ဇာန်လေ့လာရေးနှင့် ယင်ယန်းလေ့လာရေး စသည်တို့ကို သင်ကြားရုံသာမက သုတေသနများကိုလည်း ပြုလုပ်လာခဲ့သည်။ တက္ကသိုလ်အဓိပတိဖြစ်သော ဝမ်ဂျင် (Wang Jian) သည် နိုင်ငံရပ်ခြားတွင် ပညာသင်ကြားခဲ့ကြသော သိပ္ပံပညာများရှင်များကိုလည်း တက္ကသိုလ်တွင် လာရောက်ပညာသင်စေခဲ့ပြီး အစဉ်အလာ အတွေးအခေါ်များနှင့် သိပ္ပံပညာတို့ကို အတူပူးတွဲ လေ့လာစေကာ တရုတ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတွင် နန်ကျင်း ဘုရင့်ကျောင်းက တစ်ဖက်တစ်လမ်းမှ ပါဝင်ခဲ့သည်။ ၁၃၈၁ ခုနှစ်တွင် နန်ကျင်းဘုရင့်တက္ကသိုလ်မှ Imperial Central University ဟု အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့ကာ တက္ကသိုလ် ပရဝုဏ်ကိုလည်း တိုးချဲ့ခဲ့ပြီးနောက် အခြေခံကောလိပ် ၃ ကျောင်း ကိုလည်း တိုးချဲ့ခဲ့သည်။ သင်ကြားသော ဘာသာရပ်များတွင် သမိုင်း၊ စာပေ၊ သင်္ချာ၊ ဥပဒေ၊ လက်ရေးလက်သား၊ ဗိသုကာပညာရပ်များကိုလည်း သင်ကြားခဲ့ပြီး နိုင်ငံတစ်ဝန်းလုံးမှ ကျောင်းသားပေါင်း ၉ ထောင်ကျော်ကို ရွေးချယ်လက်ခံခဲ့သည်။ ယင်းနောက်တွင် ယခင်အမည်ဟောင်းဖြစ်သော နန်ကျင်းဘုရင့်တက္ကသိုလ် အမည်ကို ပြန်လည်ခေါ်ဝေါ်ခဲ့သည်။ နန်ကျင်းတက္ကသိုလ်သည် ချူခေတ်၊ ဟန်ခေတ်တလျှောက်လုံးတွင် အောင်မြင်သော တက္ကသိုလ်ဖြစ်ခဲ့ကာ တက္ကသိုလ်၏ သင်ကြားရေး၊ အုပ်ချုပ်ရေးများကို တက္ကသိုလ်အဓိပတိနှင့် ဌာနမှူးများက အဓိကတာဝန်ယူဆောင်ရွက်ခဲ့သော လွတ်လပ်သည့် တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ယနေ့ခေတ်၁၉၀၂ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ သင်ကြားမှုနည်းစနစ်များကို ကိုးကားပြုပြီး ယခင်ရှိနှင့်သော သင်ရိုးညွှန်းတမ်းများကို ပြုပြင်ပြောင်းလဲကာ နန်ကျင်းအကယ်ဒမီကျောင်း (School of Nanjing Academy) အမည်ဖြင့် ခေတ်မီသော တက္ကသိုလ်အဖြစ် ဖွင့်လှစ်ခဲ့သည်။ တက္ကသိုလ်အဓိပတိ လီ ကွီဇင်း (Li Ruiqing) သည် တရုတ်နိုင်ငံတွင် ပထမဦးဆုံးသော ခေတ်သစ်အနုပညာဌာနကို တည်ထောင်ခဲ့သည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဖြစ်လာပြီး ၁၉၁၅ ခုနှစ်နောက်ပိုင်းတွင် နန်ကျင်းတက္ကသိုလ်သည် ပိုမိုခိုင်မာသော တက္ကသိုလ်တစ်ခုဖြစ်လာခဲ့ပြီး သဘာဝသိပ္ပံဆိုင်ရာ ဘာသာရပ်များကို သင်ကြားနိုင်လာခဲ့သည်။ အနောက်ဥရောပနိုင်ငံများတွင် သိပ္ပံပညာသင်ကြားခဲ့ကြသော ပညာရှင်များက နန်ကျင်းတက္ကသိုလ်တွင် လာရောက် အမှုထမ်းသောအခါတွင် နန်ကျင်းတက္ကသိုလ်သည် ပိုမိုတောင့်တင်းခိုင်မာသော တက္ကသိုလ်အဖြစ် ၁၉ရာစု တရုတ်နိုင်ငံတွင် ရပ်တည်နိုင်ခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် နန်ကျင်းတက္ကသိုလ်၌ အရှေ့တိုင်းပညာရေးစင်တာ (Oriental Education Centre) ကို ဖွင့်လှစ်ခဲ့ကာ အရှေ့တိုင်းနှင့် အနောက်တိုင်း ယဉ်ကျေးမှုနှင့် အတွေးအခေါ် ဖလှယ်ရေးအစီအစဉ်များကို ပြုလုပ်ခဲ့ကာ ပညာရှင်များ၊ ပညာတော်သင်များစွာ လာရောက်ခဲ့ကြသည်။ လာရောက်ခဲ့ကြသော ပညာရှင်များထဲတွင် အမေရိကန်အတွေးအခေါ်ပညာရှင် ဂျွန်ဂျူဝီ (John Dewey)၊ ဗြိတိသျှ အတွေးအခေါ်ပညာရှင် ဘာထရန် ရပ်ဆဲလ် (Bertrand Russell)၊ ဂျာမန် အတွေးခေါ်ပညာရှင် ဟန့် ဒါအစ် (Hans Driesch)၊ အိန္ဒိယ ကဗျာဆရာ ရာဘင်ဒြာနတ် တဂိုး (Rabindranath Tagore) တို့ပါဝင်ခဲ့သည်။ တရုတ်- ဂျပန်စစ်ပွဲအတွင်းတွင် နန်ကျင်းတက္ကသိုလ်ကို ချောင်ဒူ ဒေသသို့ ပြောင်းရွေ့ခဲ့သော်လည်း ဆေးသိပ္ပံ၊ စိုက်ပျိုးရေးသိပ္ပံ၊ သိပ္ပံနည်းပညာကျောင်းတို့ကို တိုးချဲ့နိုင်ခဲ့သည်။ ထို့အပြင် ၁၉၄၉ ခုနှစ်တွင် တရုတ်နိုင်ငံ ပြည်တွင်းစစ်ဖြစ်ပွားနေချိန်တွင် CPC တပ်မတော်၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့ကာ သင်ကြားရေးများကို အရှိန်မပြတ်လည်ပတ်နိုင်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် တရုတ်နိုင်ငံသမိုင်း၌ အထင်အရှားဖြစ်ခဲ့တဲ့ ယဉ်ကျေးမှု တော်လှန်ရေးကို နန်ကျင်းတက္ကသိုလ်မှ စတင်ခဲ့ကာ တက္ကသိုလ်ကောင်စီဘုတ်အဖွဲ့ဝင် ဆရာများအပါအဝင် ကျောင်းသားများက ဦးဆောင်လှုပ်ရှားခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် နန်ကျင်းတက္ကသိုလ် ဒဿနိကဗေဒဌာနမှ ဘုတ်အဖွဲ့ဝင်ဆရာတစ်ဦးဖြစ်သော ဟူ ဖူမင်း (Hu Fuming) က Debate on Standards for Judging the Truth ဟူသည့် စာတမ်းကို တစ်နိုင်ငံလုံးတွင် ရေးသားထုတ်ဝေဖြန့်ချိခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့ပြီး ယဉ်ကျေးမှုတော်လှန်ရေးကို လက်ခံခဲ့ကာ လွတ်လပ်သော အတွေးအခေါ်များ နေရာယူနိုင်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ယဉ်ကျေးမှုတော်လှန်ရေး အဆုံးသတ်ခဲ့ကာ နန်ကျင်းတက္ကသိုလ်တွင် ယခင်က ဖွင့်လှစ်ခဲ့ဖူးသော ဆေးသိပ္ပံ အပြင် အခြားသော မဟာဌာနများကို ပြန်လည်ဖွင့်လှစ်ခဲ့နိုင်ခဲ့သည်။ ၂၀ဝ၉ ခုနှစ်တွင် နန်ကျင်းဆေးတက္ကသိုလ်အဖြစ် ဇန်လင်း ပရဝုဏ် (Xianlin Campus) သို့ ပြောင်းရွေ့ခဲ့သည်။ ဌာနများသက်တမ်းအားဖြင့် နှစ်ပေါင်း ၁၅၀ဝခန့် ရှိနေပြီဖြစ်သော နန်ကျင်းတက္ကသိုလ်တွင် ကျောင်း ၁၉ ကျောင်း၊ မဟာဌာန (၄)ခု၊ အင်စတီကျူ့(၄)ခု တို့အပြင် ဂျွန်ဟော့ကင်း တက္ကသိုလ်နှင့် တွဲဖက်ဖွင့်လှစ်ထားသော တရုတ်- အမေရိကန် လေ့လာရေးစင်တာ (Hopkins-Nanjing Center) တို့ရှိသည်။ နန်ကျင်းတက္ကသိုလ်၏ ကျောင်းပရဝုဏ်သည် နန်ကျင်းမြို့အလယ်တွင် တည်ရှိပြီး အဓိက ကျောင်းပရဝုဏ် ၂ ပိုင်းရှိသည်။ မြောက်ပိုင်း ဥယျာဉ်ဒေသမှာ ဟန်ကု လမ်းမကြီး (Hankou Road) အပါအဝင် စာသင်ကြားသော ခန်းမများနှင့် သုတေသန စင်တာများ တည်ရှိသည်။ တောင်ပိုင်း ဥယျာဉ်ဒေသတွင် ကျောင်းသားများ၏ အိပ်ဆောင်များနှင့် ကျောင်းဝန်ထမ်းများ၏ အိပ်ဆောင်များ တည်ရှိသည်။ နန်ကျင်းတက္ကသိုလ်သည် ယန်ဇီမြစ်ကမ်းဘေးတွင်ရှိသလို ကျူဇန် တောင်၊ ကျူပါးတောင်စသော သဘာဝ ပတ်ဝန်းကျင် အားဖြင့်လည်း လှပသော နေရာတစ်ခုဖြစ်သည်။ နန်ကျင်းတက္ကသိုလ်သည် သက်တမ်းအားဖြင့်လည်း ကြာရှည်ခဲ့သလို နေရာဒေသအားဖြင့်လည်း နေရာပေါင်းများစွာကို ပြောင်းရွေ့ခဲ့ရသော တက္ကသိုလ်ဖြစ်သည့်အလျောက် သက်တမ်းကြာလာသည်နှင့်အမျှ ကျောင်းပိုင် စာအုပ် စာတမ်းများ၊ မှတ်တမ်းများသည်လည်း သမိုင်းသုတေသန လေ့လာရေးအတွက် များစွာအထောက်အပံ့ဖြစ်စေသည်။ ချူမင်းဆက်ခေတ်ကတည်းက ဖွင့်လှစ်ခဲ့သော ကျောင်းတော်ကြီးဖြစ်သော်လည်း တက္ကသိုလ်ကို ကမ္ဘာ့အဆင့်မီ ယှဉ်ဘောင်တန်းနိုင်သော တက္ကသိုလ်အဖြစ် ရပ်တည်ခဲ့သည်မှာ ၁၉၀၂ ခုနှစ်မှသာ ဖြစ်သဖြင့် တက္ကသိုလ်စတင်တည်ထောင်မှုကို မေလ ၂၀ ရက်နေ့ ၁၉၀၂ ခုနှစ်အဖြစ် သတ်မှတ်ထားသည်။ အဆင့်သတ်မှတ်ချက်ပညာရေးအဆင့်သတ်မှတ်အရ တရုတ်နိုင်ငံတွင် နံပါတ် ၂ နေရာတွင် ရပ်တည်နိုင်ပြီး အာရှဒေသတွင်းတွင် နံပါတ် ၄ နေရာ၊ အာရှပစိဖိတ်ဒေသတွင် နံပါတ် ၂၃ နေရာတို့တွင် ရပ်တည်လျက်ရှိသည်။[၆] ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် သဘာဝသိပ္ပံလေ့လာရေး၌ ၇၈ နေရာတွင် ရပ်တည်နေသည်။ နိုင်ငံတကာအနောက်တိုင်းစာပေနှင့် အတွေးအခေါ်လေ့လာရေးအတွက် ပထမဦးဆုံး စတင်ဖွင့်လှစ်နိုင်သော တက္ကသိုလ်ဖြစ်ကာ ဘာသာစကားအားဖြင့်လည်း အင်္ဂလိပ်ဘာသာစကား၊ ပြင်သစ်ဘာသာစကား၊ ဂျာမန်ဘာသာစကား သင်ကြားရေးဌာနများကို တရုတ်နိုင်ငံတွင် ပထမဦးဆုံး ဖွင့်လှစ်ခဲ့သော တက္ကသိုလ်ဖြစ်သည်။ နိုင်ငံတကာမှ ကျောင်းသားများစွာကို လက်ခံသင်ကြားပေးနေပြီး နိုင်ငံပေါင်း ၆၁ နိုင်ငံမှ ကျောင်းသားများ လာရောက်သင်ကြားလျက်ရှိသည်။ ထို့်အပြင် နိုင်ငံတကာမှ ပညာရှင်ပေါင်းများစွာကလည်း လာရောက်ပို့ချပေးလျက်ရှိသည်။ ၂၀၁၄ ခုနှစ်တွင် နိုင်ငံတကာမှ ကျောင်းသားပေါင်း ၃,၆၀၀ ကျော်ရှိပြီး အာရှဒေသမှ ၄၀%၊ ဥရောပနိုင်ငံများမှ ၄၀%၊ အမေရိကန်မှ ၂၀% အထိရှိသည်။ ထင်ရှားသူများနန်ကျင်းတက္ကသိုလ်မှ ကျောင်းသားဟောင်းများထဲတွင် တရုတ်နိုင်ငံ၏ ခေတ်သစ် သိပ္ပံစွန့်ဦးတီထွင်ပညာရှင် ဝိုင် အိပ်ဂျ် ဝူး (Y. H. Woo)၊ တရုတ်နိုင်ငံ၏ ပထမဆုံး ရူပဒေအမျိုးသမီး ပညာရှင် ချန်ရှိအန်ဝူ (Chien-Shiung Wu)၊ တရုတ်နိုင်ငံ၏ ဗဟိုဘဏ်စနစ်ကို တည်ထောင်ခဲ့သူ ဆု ပို ယန် (Hsu Po-Yuan)၊ စင်ကာပူနိုင်ငံ စက်မှုလုပ်ငန်းကို တည်ထောင်ခဲ့သူ တန် အိ ဖန် (Tang I-Fang)၊ ဟောင်ကောင် ရုပ်ရှင်ငန်း တည်ထောင်သူ ချောင် ချန်း (Chang Cheh)၊ တရုတ်နိုင်ငံ လူ့အခွင့်အရေးလှုပ်ရှားသူ နိုင်ငံရေးသမား ဂေါင်ကန် (Guo Quan) တို့ပါဝင်သည်။ မှတ်စုများ
ကိုးကား
|
Portal di Ensiklopedia Dunia