ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက်ဂျွန်ပေါလ်
ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ် (အင်္ဂလိပ်: Pope John Paul II; လက်တင်: Ioannes Paulus II; အီတလီ: Giovanni Paolo II; ပိုလန်: Jan Paweł II) သည် ကသလစ်အသင်းတော် (ဂိုဏ်း) ၏ ခေါင်းဆာင်တစ်ပါးနှင့် ဗာတီကန်စီးတီး၏ ဦးသျှောင်ပုဂ္ဂိုလ်တစ်ပါးအဖြစ် ၁၉၇၈ မှ ကွယ်လွန်သောနှစ် ၂၀၀၅ အထိ ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။ ငယ်အမည်မှာ ကာရော ယူးဇက်ဗ် ဗောရ်တီဝ (Karol Józef Wojtyła) ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးအဖြစ် ၁၉၇၈ ဒုတိယအကြိမ် ပုပ်ရဟန်းမင်းရေးရာ ဆွေးနွေးမှုညီလာခံပွဲမှ ရွေးချယ်ခဲ့သည်။ ယခင် ပုပ်ရဟန်းမင်း ဆဋ္ဌမမြောက် ပေါလ် ကွယ်လွန်ခဲ့၍ ၎င်းနေရာကိုဆက်ခံရန် ပထမမြောက် ဂျွန်ပေါလ်ကို ၁၉၇၈ ဩဂုတ်လတွင် ရွေးချယ်ခဲ့ရာ ပထမမြောက် ဂျွန်ပေါလ်သည် (၃၃) ရက်သာ ပုပ်ရဟန်းမင်းအဖြစ် တာဝန်ယူခဲ့ပြီး ကွယ်လွန်ခဲ့သည်။ ထို့ကြောင့် ၁၉၇၈ တွင် ဒုတိယမြောက် ကာဒီနယ်ရဟန်းများ ညီလာခံပြု၍ ရွေးချယ်ခဲ့ရာ ဒုတိယမြောက် ဂျွန်ပေါလ်ကို ပုပ်ရဟန်းမင်းအဖြစ် တင်မြှောက်နိုင်ခဲ့ပေသည်။ ကာဒီနယ် (Cardinal) ဆိုသည်မှာ ရိုမန်ကသလစ်ဂိုဏ်း၏ ထိပ်ပိုင်းခေါင်းဆောင် အထူးသိက္ခာတော်ရ ဆရာတော်များဖြစ်ကြသည်။ ကာဒီနယ် ဗောရ်တီဝကို ဆွေးနွေးမှုညီလာခံ၏ တတိယမြောက်နေ့တွင် ခန့်အပ်နိုင်ခဲ့ကြ၍ ယခင်ရဟန်းမင်းကို ဂုဏ်ပြုသောအားဖြင့် ဂျွန်ပေါလ်ဟူသော အမည်နာမကို ရွေးချယ်ပေးခဲ့ကြသည်။[၇][၈] ဒုတိယမြောက် ဂျွန်ပေါလ်ကို ၎င်း၏ဇာတိ ပိုလန်နှင့် ဥရောပ၏အခြားသောနေရာများတွင် ကွန်မြူနစ်အုပ်စိုးမှုစနစ် ကျဆုံးစေရန် ကူညီခဲ့သူအဖြစ် အသိအမှတ်ပြုကြသည်။[၉] ဒုတိယမြောက် ဂျွန်ပေါလ်သည် ကသလစ်အသင်းတော်ကို ရဟူဒီ (ဂျူး) ဘာသာ၊ အစ္စလာမ်ဘာသာ၊ အရှေ့ပိုင်း ရှေးရိုးစွဲအသင်းတော်များနှင့် ဆက်ဆံရေးကောင်းမွန်စေရန် သိသိသာသာ ကြိုးပမ်းခဲ့ကာ ရှင်သန်နေထိုင်မှုဘဝအခွင့်အရေး၊ သန္ဓေတားခြင်း၊ ရဟန်းမ ပြုပေးခြင်းနှင့် မေထုန်မှီဝဲမှုကင်းရှင်းသည့် ရဟန်း စသည့်တို့အပေါ် အသင်းတော်၏အဆုံးအမများကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ "ဒုတိယမြောက် ဗာတီကန် ခရစ်ယာန်အသင်းတော်များညီညွတ်ရေးအဖွဲ့" (Second Vatican Council) ကို ပြုပြင်ပြောင်းလဲရေးများကို ထောက်ခံခဲ့သော်လည်း ဂျွန်ပေါလ်ကို ယေဘုယျအားဖြင့် ရှေးရိုးစွဲဝါဒီဟူ၍ အနက်ယူကာ သတ်မှတ်ရှုမြင်ကြသည်။[၁၀][၁၁] သမိုင်းတွင် ခရီးသွားလာမှုအများဆုံးသော ခေါင်းဆောင်များထဲက တစ်ဦးဖြစ်၍ နိုင်ငံပေါင်း (၁၂၉) နိုင်ငံအထိ ပုပ်ရဟန်းမင်းဘဝဖြင့် သွားလာခဲ့သည်။ ၎င်း၏ အလေးထားဆောင်ရွက်မှုတစ်ခုအဖြစ် "လူသားအားလုံးသည် မြင့်မြတ်၏" (universal call to holiness) ဟူဆိုသော လုပ်ငန်းအစိတ်အပိုင်းအဖြစ် ကွယ်လွန်သူပေါင်း (၁,၃၄၀) ကို သူတော်သူမြတ်အဖြစ် ဂုဏ်ပြုချီးမြှင့်ခဲ့သည် (beatification) ။[၁၂] ထို့အပြင် ကွယ်လွန်သူပေါင်း ၄၈၃ ဦးကို သူတော်စင် (canonised as saint) အဖြစ် ဂုဏ်ပြုချီးမြှောက်ခဲ့သည်။ ဤပမာဏသည် ၎င်းမတိုင်မီ ငါးရာစုကြာကြာ ထမ်းဆောင်ခဲ့ကြသော ပုပ်ရဟန်းမင်းများ၏ လုပ်ဆောင်မှုထက် ပို၍များပြားသည်။ ၎င်းကွယ်လွန်ချိန်တွင် အသင်းတော်၏ ကာဒီနယ်ရဟန်းအများစုကို ခန့်အပ်ခြင်း၊ ကမ္ဘာအနှံ့ရှိ နယ်မြေကို တာဝန်ယူသော ဘုန်းတော်ကြီးများ (bishop) များကို ခန့်အပ်ခြင်း (သို့) ပူးတွဲခန့်အပ်ခြင်း၊ ဘာသာရေးအခမ်းအနားဆောင်ရွက်ရန် ရဟန်းပြုပေးခြင်း (priest) စသည့်ကိစ္စရပ်များစွာ လုပ်ဆောင်ပြီးဖြစ်လေသည်။[၁၃] ပုပ်ရဟန်းမင်း နဝမမြောက် ပီးယာ့စ် (Pope Pius IX]) ပြီးနောက် ခေတ်သစ်သမိုင်းတွင် သက်တမ်းအရှည်ကြာဆုံးသော ပုပ်ရဟန်းမင်းဖြစ်သည်။ ပိုလန်တွင် မွေးဖွားခဲ့သော ဒုတိယမြောက် ဂျွန်ပေါလ်သည် ၁၆ ရာစုမှ ပုပ်ရဟန်းမင်း အာဒရီယန် (Pope Adrian VI) မှစ၍ အီတလီလူမျိုးမဟုတ်သည့် ပထမဆုံးပုပ်ရဟန်းမင်းဖြစ်သည်။ ၎င်းကွယ်လွန်အပြီး တစ်လကြာသောအခါ ဂျွန်ပေါလ်ကို သူတော်စင်အဖြစ် ချီးမြှောက်ရန်အကြောင်းဖြစ်ခဲ့ပြီး ရိုးရာစဉ်ဆက်အရ ငါးနှစ်ခန့်စောင့်ဆိုင်းခဲ့ကြသည်။ ၂၀၀၉ ဒီဇင်ဘာ ၁၉ တွင် နောက်ဆက်ခံသူ ပုပ်ရဟန်းမင်း ဘက်နစ်ဒစ် (Benedict XVI) က ဂျွန်ပေါလ်ကို အလွန်မွန်မြတ်သူ (venerable) အဖြစ် ကြေညာခဲ့ကာ ၂၀၁၁ မေ ၁ (Divine Mercy Sunday : မြင့်မြတ်သော မဟာဂရုဏာ တနင်္ဂနွေ)တွင် သူတော်သူမြတ် (သီလစင်ကြယ်သူ) အဖြစ် သတ်မှတ်ခဲ့သည်။ ထိုသို့သတ်မှတ်ရာတွင် "သူတော်စင်ဆိုင်ရာ အကြောင်းတရားများ အကဲဖြတ်ကော်မတီ" (Congregation for the Causes of Saints) က ထည့်သွင်းစဉ်းစားအကဲဖြတ်သည့် ဖြစ်ရပ်များရှိသည်။ ပထမအံ့ဖွယ်ဖြစ်ရပ်သည် ပြင်သစ်ရဟန်းမတစ်ဦးကို ပါကင်ဆန်ရောဂါမှ ပျောက်ကင်းစေရန် ဆုတောင်းမှုပြု၍ ကုသခြင်း၊ ဒုတိယဖြစ်ရပ်ကို ၂၀၁၃ ဇူလိုင် ၂ တွင် သက်သေထူနိုင်၍ နှစ်ရက်ကြာသောအခါ ပုပ်ရဟန်းမင်း ဖရန့်စစ်က အတည်ပြုပေးကာ ၂၀၁၄ ဧပြီ ၂၇ တွင် ပုပ်ရဟန်းမင်း ဂျွန် (၂၃ ဦးမြောက်) နှင့်အတူ သူတော်စင် (saint) အဖြစ် သတ်မှတ်ခဲ့ကြသည်။[၁၄] ၂၀၁၄ စက်တင်ဘာတွင် ဤသူတော်စင်ပုပ်ရဟန်းမင်းနှစ်ပါးအတွက် "ကမ္ဘာ့အနှံ့ ရိုမန်ရိုးရာ အထွေထွေပြက္ခဒိန်" (General Roman Calendar) တွင် အမှတ်တရနေ့ရက် (optional) အဖြစ် ထည့်သွင်းခဲ့သည်။[၁၅] ရိုးရာအရ သူတော်စင်နေ့များသည် ကွယ်လွန်သည့်နေ့နှစ်ပတ်လည်များတွင် ကျင်းပလေ့ရှိသော်လည်း ဒုတိယမြောက် ဂျွန်ပေါလ် (အောက်တိုဘာ ၂၂) ပုပ်ရဟန်းမင်းအဖြစ် အခမ်းနားကျင်းပသည့်နေ့ကိုသာ ရွေးချယ်ပြုလုပ်ကြသည်။[၁၆][၁၇] ကွယ်လွန်ပြီးနောက် အချို့ကသလစ်ဘာသာဝင်များက "ကြီးကျယ်သော သူတော်စင် ဂျွန်ပေါလ်" (St. John Paul the Great) ဟူ၍ သတ်မှတ်ကြသော်လည်း ဤသည်မှာ တရားဝင်အသိမှတ်ပြု ဘွဲ့ထူးမဟုတ်ပေ။ [၁၈][၁၉][၂၀][၂၁] ကိုးကား
|
Portal di Ensiklopedia Dunia