ဘတ်ဂွန်းဟဲ
ဘတ်ဂွန်းဟျဲ (အင်္ဂလိပ်: Park Geun-hye) (ပတ်ဂွန်ဟေး၊ ပတ်ဂွမ်ဟီး ဟုလည်းစာလုံးပေါင်း)[၂] [၃] သည် ကိုရီးယားသမ္မတနိုင်ငံ (တောင်ကိုရီးယား)၏ (၁၁) ယောက်မြောက် သမ္မတဖြစ်သည်။ နိုင်ငံတော်သမ္မတအဖြစ် ၂၀၁၃ခုနှစ်မှ ၂၀၁၇ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ကာ အကျင့်ပျက်ခြစားမှုဖြင့် သမ္မတရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။[၄] တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးသမ္မတဖြစ်ကာ ရာထူးမှထုတ်ပယ်ခံခဲ့ရသည့် ပထမဆုံးသော သမ္မတဖြစ်သည်။ ယခင်သမ္မတဟောင်း ပတ်ချုန်ဟီး ၏ သမီးလည်းဖြစ်သည်။ဘတ်ဂွန်းဟဲသည် မိခင်ဖြစ်သူ သမ္မတကတော် Yuk Young-soo လုပ်ကြံခံရပြီးနောက် လစ်လပ်နေသော First Lady တာဝန်များကို ထမ်းဆောင်ခဲ့သေးသည်။ ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် ၂၀၁၈ခုနှစ် ဧပြီလ ၆ရက်နေ့တွင် ထောင်ဒဏ် (၂၄)နှစ် ချမှတ်ခံခဲ့ရသည်။ သို့သော် ၂၀၂၁ခုနှစ် ဒီဇင်ဘာ (၂၄)ရက်နေ့တွင် သမ္မတ မွန်ဂျေအင်း က အထူးလွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ ထို့ကြောင့် ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၃၁ရက်နေ့တွင် ပြစ်ဒဏ်အားလုံးမှ လွတ်မြောက်လာခဲ့သည်။[၅] အစောပိုင်းဘဝနှင့် ပညာရေးဘတ်ဂွန်းဟျဲကို ၁၉၅၂ခုနှစ် ဖေဖော်ဝါရီလ ၂ရက်နေ့တွင် ဗိုလ်ချုပ်ကြီး ပတ်ချုန်ဟီးနှင့် ဇနီးဖြစ်သူ Yuk Young soo တို့က မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူ ပတ်ချုန်ဟီးမှာ ၁၉၆၁ခုနှစ် မေ ၁၆ အာဏာသိမ်းပွဲတွင် အဓိကနေရာမှ ပါဝင်သော အာဏာသိမ်းစစ်ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။[၆] ထို့နောက် ၁၉၆၃ခုနှစ်မှ ၁၉၇၉ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဘတ်ဂွန်းဟျဲသည် သမီးအကြီးဆုံးဖြစ်ကာ မောင်တစ်ယောက်နှင့် ညီမတစ်ယောက် ရှိသည်။ ၁၉၅၃ခုနှစ်တွင် မိသားစုလိုက် ဆိုးလ်မြို့သို့ ပြောင်းရွှေ့ခဲ့ကြသည်။ ၁၉၇၀ပြည့်နှစ်တွင် အထက်တန်းပြီးမြောက်ပြီး ဆိုဂန်တက္ကသိုလ်မှ အီလက်ထရောနစ်အင်ဂျင်နီယာ ဘာသာရပ်ဖြင့် အင်ဂျင်နီယာဘွဲ့ ရရှိခဲ့သည်။ ထို့နောက် ပြင်သစ်တွင် ထပ်မံပညာသင်ကြားနေစဉ် မိခင်ဖြစ်သူ First Lady လုပ်ကြံခံခဲ့ရသဖြင့် ကိုရီးယားသို့ ပြန်လာခဲ့သည်။ ထို့နောက် မိခင်ဖြစ်သူ၏ First Lady လုပ်ငန်းတာဝန်များကို သမီးအကြီးဆုံးအနေဖြင့် တာဝန်ယူခဲ့သည်။ ၁၉၇၉ခုနှစ် အောက်တိုဘာ ၂၉ရက်နေ့တွင် ဖခင်ဖြစ်သူ သမ္မတ ပတ်ချုန်ဟီး လုပ်ကြံခံခဲ့ရပြန်သည်။ ၁၉၈၇ခုနှစ်တွင် ထိုင်ဝမ်ရှိ တရုတ်ယဉ်ကျေးမှုတက္ကသိုလ်မှလည်းကောင်း၊ Pukyong National University မှလည်းကောင်း၊ KAIST မှလည်းကောင်း ဂုဏ်ထူးဆောင်ပါရဂူဘွဲ့များ ရရှိခဲ့သည်။ ၁၁ယောက်မြောက်သမ္မတ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၏ (၁၁)ယောက်မြောက် သမ္မတ ဖြစ်လာခဲ့သည်။ ထိုနေ့ညသန်းခေါင်ယံမှစ၍ ယခင်သမ္မတ အီမြောင်ဘတ်ထံမှ တာဝန်ဝတ္တရားများအား ဆက်ခံခဲ့သည်။ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်းကို အမျိုးသားလွှတ်တော် အဆောက်အဦးရှေ့၌ ကျင်းပခဲ့ကာ လူပေါင်း (၇၀,၀၀၀) ကျော်တက်ရောက်ခဲ့ပြီး ကိုရီးယားသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးသော ကျမ်းကျိန်ပွဲဖြစ်သည်။ ထိုပွဲသို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ် အပါအဝင် နိုင်ငံပေါင်း (၂၄)နိုင်ငံမှ အစိုးရထိပ်တန်းအရာရှိ အချို့ တက်ရောက်ခဲ့ကြသည်။ သမ္မတအဖြစ် ပထမဆုံးမိန့်ခွန့်ပြောကြားစဉ်က စီးပွားရေး သာယာဝပြောမှု၊ ပြည်သူများ၏ ပျော်ရွှင်မှု၊ ယဉ်ကျေးမှု ကြွယ်ဝမှု တို့အတွက် ခေတ်သစ်တစ်ခုစတင်ရန် ၎င်း၏အစီအစဉ်များကို ပြောကြားခဲ့သည်။ ထို့အပြင် မြောက်ကိုရီးယားအနေဖြင့် ၎င်းတို့၏ နယူးကလီးယားလက်နက်ကို စွန့်လွှတ်ကာငြိမ်းချမ်းရေးလမ်းစဉ်နှင့် အပြန်အလှန်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လမ်းကြောင်းတစ်ခုပေါ်တွင် လျှောက်လှမ်းရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ကိုရီးယားလူမျိုးများအားလုံး ချမ်းသာမှုနှင့် လွတ်လပ်မှုကို ခံစားနိုင်ရန် ကိုရီးယားကျွန်းဆွယ် ပေါင်းစည်းရေး အရေးကိစ္စများနှင့် ပက်သက်၍ အခြေခံအုတ်မြစ် ဖြစ်သည့် ကိုရီးယားကျွန်းဆွယ် ယုံကြည်မှုတည်ဆောက်ရေးကို တည်ဆောက်ကာ ထိုမှတစ်ဆင့် အိပ်မက်များအကောင်အထည်ဖော်ရန် မျှော်လင့်ကြောင်း ပြောခဲ့သည်။ ရာထူးရယူပြီးနောက် ၂၀၁၃ခုနှစ် မေလတွင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့သည်။ ဤသည်မှာ ၎င်း၏ ပထမဆုံးသော ပြည်ပသို့သွားရောက်သည့် နိုင်ငံတော်အဆင့်ခရီးစဉ်ဖြစ်သည်။ ၎င်း၏အရှေ့မှ သမ္မတများကဲ့သို့ပင် အမေရိကန်နှင့် ဆက်ဆံရေးကို ကောင်းမွန်အောင် ထိန်းသိမ်းခဲ့သည်။ ထို့နောက် ဇွန်လတွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကာ သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သည်။ ၎င်း၏သက်တမ်းတွင် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးမှာ သိသာစွာ တိုးတက်လာခြင်း မရှိခဲ့ပေ။ ![]() ရာထူးမှ ထုတ်ပယ်ခံရခြင်း၂၀၁၆ခုနှစ်တွင် သမ္မတက သူနှင့် ကာလကြာရှည် ရင်းနှီးခဲ့သော အမျိုးသမီးမိတ်ဆွေတစ်ဦးဖြစ်သော ချွိုင်စွန်စီကို နိုင်ငံရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခွင့်ပြုခဲ့ကြာင်း စွပ်စွဲချက်များ ပေါ်ပေါက်လာခဲ့သည်။ ထို့အပြင် ချွိုင်စွန်စီသည် သမ္မတ၏ အာဏာကို အလွဲသုံးစားပြုလုပ်ကာ ကုမ္ပဏီများထံမှ ငွေကြေးများ ရယူခဲ့သည်။ ချွိုင်စွန်စီသည် နိုင်ငံရေးရာထူးခန့်အပ်မှုများတွင်ပါ ဝင်ရောက်စွက်ဖက်ပြီး သမ္မတအား မည်သည့်အဝတ်အစားဝတ်ရမည်ကိုပင် စီစဉ်ပေးကြောင်း စွပ်စွဲခံခဲ့ရသည်။ ထို့နောက် သမ္မတ ဘတ်ဂွန်းဟျဲအား ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ကာ နိုဝင်ဘာလတွင်ပြသော ဆန္ဒပြပွဲတစ်ခု၌ လူ (၄၀,၀၀၀)ခန့် ဆန္ဒပြခဲ့ကြသည်။[၇] သမ္မတကို ရုပ်သေးရုပ်အဖြစ် စွပ်စွဲခဲ့ကြကာ လူဦးရေ သန်းချီ၍ပါသော ဆန္ဒပြပွဲများကို ဆင်နွှဲပြီး သမ္မတကို ရာထူးမှ နုတ်ထွက်ကာ အစစ်ဆေးခံရန် ဆန္ဒပြခဲ့ကြသည်။[၈]သမ္မတက အားလုံးမှာ သူ့အမှားဖြစ်ပြီး သူ့အနေဖြင့် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကာ သူ၏ကံကြမ္မာကို လွှတ်တော်ထံတွင် ပုံအပ်ထားကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ပါတီမှမူ အခြေအနေများဆိုးရွားမလာမီ နုတ်ထွက်သင့်ကြောင်း ပြောကြားခဲ့ကာ ပြိုင်ဖက်ပါတီများမှမူ သမ္မတအနေဖြင့် စွပ်စွဲပစ်တင်မှုများကို ရှောင်လွှဲရန် ကြိုးစားနေကြောင်း ပြောကြားခဲ့သည်။ ၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင် ၎င်းအား စွပ်စွဲပြစ်တင်ရန်အတွက် လွှတ်တော်တွင် မဲခွဲခဲ့ကြရာ လွှတ်တော်အမတ် သုံးပုံနှစ်ပုံက ထောက်ခံသဖြင့် ဒီဇင်ဘာလ ၉ရက်နေ့တွင် ဘတ်ဂွန်းဟျဲအား သမ္မတ၏ အခွင့်အာဏာ၊ ရာထူးတာဝန်များကို ရပ်ဆိုင်းထားလိုက်သည်။ [၉][၁၀] တောင်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ၎င်းအား ရာထူးမှ ထုတ်ပယ်ခဲ့သည်။ တရားသူကြီး (၈)ဦးစလုံးမှ ဘတ်ဂွန်းဟျဲသည် ရာထူးရှိစဉ်က ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေများကို ဆိုးဝါးစွာ ချိုးဖောက်သည်ဟုဆိုကာ ကန့်ကွက်သူမရှိ အမိန့်ချခဲ့သည်။ ထိုသို့ချမှတ်ပြီးနောက် သမ္မတအား ထောက်ခံသူများနှင့် ရဲများ တရားရုံးရှေ့တွင် ပဋိပက္ခဖြစ်ကာ (၂)ဦးသေဆုံးခဲ့ကြသည်။[၂] သူသည် တောင်ကိုရီးယားနိုင်ငံသမိုင်း၌ စွပ်စွဲပြစ်တင်၍ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသော ပထမဆုံးသမ္မတ ဖြစ်လာခဲ့သည်။တရားရုံးမှ ရာထူးမှထုတ်ပယ်လိုက်ပြီးနောက်တွင် သမ္မတသည် အိမ်ပြာတော်မှ ကိုယ်ပိုင်နေအိမ်သို့ ထွက်ခွာခဲ့သည်။ ၎င်း၏နေရာကို ဝန်ကြီးချုပ် ဟွမ်ကျိုအန်းက ယာယီဆက်ခံခဲ့သည်။ ထို့နောက် ၂၀၁၆ခုနှစ် မေလတွင် သမ္မတရွေးကောက်ပွဲ ကျင်းပခဲ့သည်။[၃] ပြစ်ဒဏ်ကျခံရခြင်းနှင့် လွတ်မြောက်လာခြင်းရာထူးမှ အထုတ်ခံရပြီးနောက်တွင် ၎င်းအား အာဏာအလွဲသုံးစားမှု၊ အကျင့်ပျက်ခြစားမှုတို့အတွက် အမှုပေါင်း (၁၈)မှုဖြင့် တရားစွဲဆိုခဲ့သည်။ ၎င်းနှင့်အတူ အခြားသူများပါ စွဲဆိုခံခဲ့ရသည်။ ပြစ်ဒဏ်ထင်ရှားမှုကြောင့် ၂၀၁၈ခုနှစ်တွင် တရားလွှတ်တော်ချုပ်က ၎င်းကို ထောင်ဒဏ် (၂၄)နှစ် ချမှတ်ခဲ့သည်။ ထို့အပြင် ဒဏ်ကြေး ဝမ် (၁၈) ဘီလီယံ ကျခံခဲ့ရသည်။[၁၁] ၎င်းကိုဆက်ခံသော သမ္မတ မွန်ဂျေအင်း လက်ထက် ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၂၄ရက်နေ့တွင် ၎င်းအား အထူးလွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ မွန်ဂျေအင်းက ဘတ်ဂွန်းဟျဲ၏ ကျန်းမာရေးအခြေအနေ ယိုယွင်းလာမှုကို ထောက်ရှု၍ အထူးလွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဖြစ်ကာ အတိတ်မှဖြစ်ရပ်များကို ကျော်လွှားပြီး အမျိုးသားစည်းလုံးညီညွတ်မှုကို မြှင့်တင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။ ဘတ်ဂွန်းဟျဲက လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပက်သက်၍ မည်သည်မျှမပြောသော်လည်း သမ္မတမွန်ဂျေအင်းအား ကျေးဇူးတင်ကြောင်းနှင့် လူထုအားစိုးရိမ်စေခဲ့မိ၍ တောင်းပန်ကြောင်း ရှေ့နေမှတစ်ဆင့် ပြောကြားခဲ့သည်။ ဘတ်ဂွန်းဟျဲအား လိုလားသူများက ၎င်းတက်ရောက်ကုသနေသော ဆေးရုံရှေ့တွင် အောင်ပွဲခံခဲ့ကြပြီး မလိုလားသူ (၂၀၀)ခန့်က ဆန္ဒပြခဲ့ကြသည်။[၅] ကိုးကား
|
Portal di Ensiklopedia Dunia