ဘုရားကိုးဆူဝစ်ရှင်နရီ၊ အခမဲ့အဘိဓာန်တွင် ဘုရားကိုးဆူ ကို ရှာဖွေကြည့်ရှုပါ။ ဘုရားကိုးဆူဘုရားကိုးဆူ ဆိုသည်မှာ (၁)ဘုရား (၂) ရှင်သာရိပုတ္တရာ (၃) ရှင်မောဂ္ဂလာန် (၄)ရှင်ကောဏ္ဍည(၅) ရှင်အာနန္ဒာ (၆) ရှင်ဂဝံပတိ (၇) ရှင်ရာဟုလာ (၈) ရှင်ရေဝတ (၉) ရှင်ဥပါလိဟူ၍ ဘုရားတစ်ပါးနှင့် ရဟန္တရှစ်ပါးကို ပေါင်း၍ ပူဇော်သည်ကို အစွဲပြုကာ ဘုရားကိုးဆူခေါ်ဆိုခြင်း ဖြစ်သည်။
ယင်းဘုရားကိုးဆူ၌ ဘုရားတစ်ပါးနှင့် ရဟန္တာ ရှစ်ပါးဖြစ်၍ ဘုရားချည် မဟုတ်ဘဲလျက် ဘုရားကိုးဆူ ဆိုရာမှာ ပြဋ္ဌာန်းသော ဘုရားကို အစွဲပြု၍ ပဓာနနည်းအားဖြင့် လည်းကောင်း၊ သို့မဟုတ် ဘုရားနှင့် ရဟန္တာကား ဒက္ခိဏေယျ ပူဇာရဟ ( မြတ်သောအလှူကို ခံယူထိုက်သဖြင့် ပူဇော်ထိုက် သော ) လက္ခဏာချင်း တူရကား နေတ္တိ ပါမ္ဗိတော်၊ ဟာရ တစ်ဆယ့်ခြောက်ပါးတွင် ပြဆိုအပ်သော လက္ခဏာဟာရ နည်းအားဖြင့် လည်းကောင်း ရဟန္တာကို ဘုရားနှင့် အတူထား၍ ဘုရားကိုးဆူ ခေါ်ဆိုခြင်း ဖြစ်လေသည်။ ထိုသို့ယူခဲ့သော် ယင်းရဟန္တာ ရှစ်ပါးသာမဟုတ်၊ ရဟန္တာအများကိုပင် ဘုရားဟူသော အနက်အဓိပ္ပာယ်ဖြင့် ယူသင့်ပေသည်။ ထိုသို့ယူသင့်သော်လည်း ရဟန္တာအများကို မယူဘဲ အရပ်ရှစ်မျက်နှာ အနေအထားဖြင့် အသင့်လျော်ဆုံး ဖြစ်သော ယင်းရဟန္တာရှစ်ပါးကိုသာ ဘုရားကိုးဆူ ပူဇော်ရာ၌ ယူအပ်လေသည်။ ဘုရားကိုးဆူပူဇော်သော အလေ့အထမှာလည်း သက္ကရာဇ် ၇၆၇ ခုနှစ်လောက်က ဇင်းမယ်ပြည်တွင် တရုတ်တို့ နှောင့်ယှက်လာသောအခါ၊ ရွတ်ဖတ်နာယူသူတို့ကို ဘေးကြီးမှ လွတ်ကင်းအေးချမ်းရန် ရှင်သီလဝံသ ရေးသားအပ်သော ဥပ္ပါတသန္တိကျမ်း ဖြစ်ပေါ်လာပြီးနောက်၊ ပိန္ထကတ်တော်၌ ကျွမ်းကျင်လိမ္မာသော ဆရာတော်တို့ညွှန်ကြားစီမံချက်အရ ဖြစ်ပေါ်လာဟန် တူသည်။ အကြောင်းကား ဘုရားကိုးဆူ ပူဇော်ရာ၌ ဘေးအန္တရာယ် ကင်း၍ ကောင်းကျိုးချမ်းသာ ဖြစ်စေခြင်းငှာ ဥပ္ပါတသန္တိကျမ်းကို ရွတ်ဖတ်လေ့ ရှိသော ကြောင့်ဖြစ်သည်။ တစ်ကြောင်းလည်း ဇင်းမယ်ပြည်တွင် နှစ်ပေါင်းများ စွာ ရှေးအခါကပင် (၁) တနင်္ဂနွေ (၂) တနင်္လာ (၃) အင်္ဂါ (၄) ဗုဒ္ဓဟူး (၅) စနေ (၆) ကြာသပတေး (၇) ရာဟု (၈) သောကြာ (၉) ကိတ်ဟူသော ဂြိုဟ်ကြီး ကိုးလုံးကို ပူဇော် သော အလေ့အထရှိခဲ့ဟန်တူသည်။ နက္ခတ်ဗေဒင်ကို အယူ အဆရှိသောသူတိုင်း ဂြိုဟ်ကြီးကိုးလုံး ကိုစောင့်သော နတ် တို့တွင် တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ သောမဂြိုဟ်လေးလုံးကို စောင့်သော နတ်တို့သည် မကောင်း ကျိုးကို ပေးတတ်သည်ဟု ယူဆကြသည်။ ယူဆကြသည့် အတိုင်း မကောင်းကျိုးပျောက်၍ ကောင်းကျိုးရောက်အောင် ပူဇော်ကြခြင်း ဖြစ်လေသည်။ ဥပ္ပါတသန္တိကျမ်းပေါ်ပြီးနောက် နှစ်ပေါင်း တစ်ရာ့ ငါးဆယ်ကျော်၊ သက္ကရာဇ် ၉၁၉ ခုနှစ်သို့ရောက်သောအခါ၊ ဟံသာဝတီ ဆင်ဖြူရှင်များ မင်းတရားကြီးသည် ဇင်းမယ်ကို အောင်နိုင်၍ သားတော် နော်ရထာကို ဇင်းမယ်ဘုရင်အဖြစ် လွှဲအပ်အုပ်ချုပ်စေသည်။ ထိုအခါ ပိန္ထကတ်တော်မှစ၍ စာပေကျမ်းဂန် ကျွမ်းကျင်လိမ္မာ သော ပုဂ္ဂိုလ်အများထွန်းကား ခဲ့သည်။ ယင်းဘုရင်လက်ထက် ပိန္ထကတ်တော်၌ ကျွမ်းကျင် လိမ်မာသော ဆရာတော်တို့သည် ဤဇင်းမယ်ပြည်၌ ဂြိုဟ်ကြီး ကိုးလုံးကို ပူဇော်ကြသည်ကား လောကီအကျိုးမျှသာ ရည်ရွယ် ကြသည်။ တပည့်လိမ္မာသည် ဆရာကို သရက်ပင်ရင်း၌ ရေချိုး စေသဖြင့် ဆရာရေချိုးခြင်းကိစ္စ၊ သရက်ပင် ရေလောင်းခြင်း ကိစ္စ နှစ်ကိစ္စပြီးစေသော( အတ္ထသေဝနဂရု သိနန ) နည်းဖြင့် အကျိုးစီးပွားများရာ သကဲ့သို့၊ ဂြိုဟ်ကြီးကိုးလုံး ပူဇော်ရာဝယ် ဘုရားကိုးဆူ ကို ထည့်သွင်းပူဇော်စေရလျှင် ဂြိုဟ်ကြီးကိုးလုံး ပူဇော်ခြင်းကိစ္စ၊ ဘုရားကိုးဆူ ပူဇော်ခြင်းကိစ္စ နှစ်ကိစ္စပြီးစေ၍ အကျိုးစီးပွား များရာသည်ဟူသော ရည်ရွယ်ချက်ဖြင့် ပြည်သူ ပြည်သားတို့အား ဂြိုဟ်ကြီးကိုးလုံးနှင့် တွဲဘက်၍ ဘုရားကိုးဆူ ကိုပါ တစ်ပြိုင်တည်း ပူဇော်ရန် စီမံပေးကြသည်။ ထိုအခါက စ၍ ဘုရားကိုးဆူ ပူဇော်ရန် စီမံပေးကြသည်။ ထိုအခါကစ၍ ဘုရားကိုးဆူ ပူဇော်ခြင်း အလေ့အထ ဖြစ်ပေါ်လာဟန် တူ သည်။ နောက်မြန်မာနိုင်ငံသို့ရောက်လာကာ ယနေ့ထက်တိုင် ပူဇော်လျက် ရှိလေသည်။ ပူဇော်လာသောအခါ ဘုရားကိုးဆူထားရန် အစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်သည်။
ဘုရားကိုးဆူ ပူဇော်ရာ၌ ဘုရားကိုးဆူ သက်သက် လည်း ပူဇော်နိုင်သည်။ ဂြိုဟ်ကြီးကိုးလုံးနှင့် တစ်နေရာတည်း တွဲဘက်၍လည်း ပူဇော်နိုင်သည်။ တစ်နေရာစီခွဲ၍လည်း ပူဇော်နိုင်သည်။ ပူဇော်သောအခါ ဂြိုဟ်ကြီးကိုးလုံးကို ထားရန်မှာ အောက်ပါအစီအစဉ်အတိုင်း ဖြစ်သည်။
ဆွမ်းချက်သော နေရာကို သန့်ပြန့်စွာ ပြုလုပ်၍ သဲဖြူခင်းရာဇမတ်ကာ၊ အထက်က ပိတ်မျက်နှာကြက်ကြက်၊ ထောင့်လေးထောင့်နှင့် အလယ်မီးထွန်း၊ ထောင့်လေးထောင့်၌ ငှက်ပျောအုန်းစိုက်၊ ရာဇမတ်ပေါ်တွင် တံခွန် ကုက္ကား ကြက် လျှာထီးတံခွန် စိုက်ရမည်။ ဆွမ်းချက်မည့်သူ စောစောထ ရေချိုး၊ ခေါင်းလျှော်၊ ဝတ်ဖြူစင်ကြယ်ဝတ်၊ ငါးပါးသီလခံပြီး ရာဇမတ်လ တွင်းဝင်၊ မင်းကိုယ်ချည် ( ပရိတ်ချည် ) ပတ်မိအောင်ပတ်၊ ဆွမ်း မကျက်မီ အပြင်မထွက်နှင့်၊ ဆွမ်းကျက်မှ အပြင်ထွက်ရမည်။ ပွဲပြင်ရန် အစီအစဉ် - ကျောင်းဆောင်၊ သို့မဟုတ် စားပွဲကြီး၊ ဆီမီးဖယောင်းတိုင်၊ ထီး၊ တံခွန်၊ ကုက္ကား၊ ကြက် လျှာ၊ သစ်သီး သုံးမျိုး၊ ပန်းသုံးမျိုး၊ ယိုသုံးမျိုး၊ မုံ့ဖြူ၊ မုံ့နီ၊ ပေါက်ပေါက်၊ ကြံ၊ အုန်းငှက်ပျော၊ လက်ဘက်၊ ကွမ်းယာ၊ ဆွမ်း၊ ရေချမ်းစုံလင်အောင် စီစဉ်ရမည်။ သို့မဟုတ် မိမိတို့ စွမ်းနိုင်သလောက် စီစဉ်နိုင်သည်။ ပွဲပြင်ရာ၌ ဘုရားကိုးဆူ အတွက် ကိုးပွဲအစုံအလင်၊ ဂြိုဟ်ကြီးကိုးလုံးအတွက် ကိုးပွဲ အစုံအလင်၊ နတ်ကိုးပါး အတွက် ကိုးပွဲအစုံအလင် ညဉ့်ဦးက ပြင်ဆင်ထားရမည်။ ဆွမ်းပွဲကို နံနက် အရုဏ်တက်မှ ပြင်ဆင် ရမည်။ ပူဇော်ပုံ အစီအစဉ် - ရှေးဦးစွာ ခွင့်ပန်သော အနေ ဖြင့် ညဉ့်ဦးယံ ဘုရားပင့်၊ နောက် အရုဏ်တက်သောအခါ ထပ်၍ ဘုရားပင့်၊ နောက် အရုဏ်တက်သောအခါ ထပ်၍ ဘုရားပင့်ပြီးလျှင် ရဟန္တာရှစ်ပါးကို အစဉ် အတိုင်းပင့်၊ ပူဇော်၊ ဆုတောင်း၊ ရေစက်ချ၊ အမျှပေးဝေရမည်။ နောက်ဂြိုဟ်ကြီး ကိုးလုံးနှင့် နတ်ကိုးပါးကိုလည်း ထိုစအီစအဉ်အတိုင်းပင့်၊ ပူဇော်၊ ဆုတောင်း၊ နောက်ဂြိုဟ်ကြီး ကိုးလုံကို အစဉ်အတိုင်း ပြန်ပို့ရမည်။
ပြုစုစီရင်သည့် ကျီးသဲလေးထပ် ဆရာတော် ဘုရားကြီး ရေးသားသော သဇ္ဇနဝိလာသနီ ကျမ်းတွင် ပါသော ( ဘုရားကိုးဆူကပ် ) တို့မှ ယူ၍ ထည့်သွင်းရေးသားပါသည်။ ။ ဂြိုဟ်ကြီး ကိုးလုံး ပူဇော်နည်းကို ရှေးဆရာကြီးများ ရေးသား ထားသော နည်းကိုယူ၍ထည့်သွင်း ရေးသားပါသည်။(ဦးကြီးဖေ)[၁] ကိုးကား
|
Portal di Ensiklopedia Dunia