ဘအေး၊ ဦး(ပြည်ထောင်စု ရွှေတံဆိပ်ဆုရှင်)ဦးဘအေး(ပြည်ထောင်စု ရွှေတံဆိပ်ဆုရှင်) (ခရစ် ၁၉၂၀-၁၉၈၁)ဦးဘအေးကို အဖ ဦးဘိုးမျှင်၊ အမိ ဒေါ်သစ်တို့မှ ၁၉၂၀ ပြည့်နှစ်၊ ဧပြီလ (၂၃)ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ ရန်ကုန်မြို့ရှိ စိန်ဖီးလစ် အင်္ဂလိပ် အလယ်တန်းကျောင်း [ယခု အထက(၂) ဗိုလ်တထောင်]တွင် စတင်ပညာသင်ကြားသည်။ ၁၉၃၆ ခုနှစ်တွင် ရန်ကုန်တက်ကသိုလ်သို့ ရောက်ရှိခဲ့ပြီး ၁၉၄၀ ပြည့်နှစ်တွင် ဝိဇ္ဇာ (အင်္ဂလိပ်စာဂုဏ်ထူး)ဘွဲ့ကို ရရှိသည်။ ၁၉၃၈-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းအယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ ဥပဒေဝိဇ္ဇာဘွဲ့ကိုလည်းရရှိသည်။ ၁၉၄၀-၄၂ ခုနှစ်အတွင်း အင်္ဂလိပ်စာနည်းပြဆရာအဖြစ် အမှုထမ်းသည်။ ၁၉၄၂ ခုနှစ် မှစ၍ ပျဉ်မနားနယ်စီး ရဲဗိုလ်မှူး၊ ဗမာ့ကာကွယ်ရေးတပ်မတော်နှင့် နယ်ဘက်ဆိုင်ရာ ဆယ်သွယ်ရေးအရာရှိ အဖြစ်လည်းကောင်း၊ ၁၉၄၃-၄၅ခုနှစ်အတွင်း ရွှေကျင်နယ်စီးရဲဗိုလ်မှူးအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ပြီးနောက် ရန်ကုန်မြို့မ ရဲဝန်ထောက်ဖြစ်လာသည်။ ၁၉၄၅-ခုနှစ်၊ မတ်လ တော်လှန်ရေးတွင် ပါဝင်ခဲ့၍ မော်ကွန်းဝင် တတိယအဆင့် ရရှိခဲ့သည်။ ၁၉၄၇ မှ ၁၉၄၈ ခုနှစ်အထိ ဒုတိယရဲချုပ်၊ ၁၉၆၇-၇၂ ခုနှစ် ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးဝန်ကြီးဌာနအတွင်းဝန်၊ ၁၉၆၂-၇၄ ခုနှစ်အတွင်း ဗဟိုလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီအဖွဲ့ အတွင်းရေးမှူးစသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၆၇-၇၂ ခုနှစ်အတွင်း ဗဟိုဥပဒေ စိစစ်ရေးအဖွဲ့ဝင်၊ ၁၉၆၇-၇၂ ခုနှစ်အတွင်း ဗဟိုမြေယာကော်မတီအဖွဲ့ဝင်၊ ၁၉၇၁-၇၂ ခုနှစ်အတွင်း နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မရှင်အဖွဲ့ဝင်၊ ၁၉၇၁-၇၆ ခုနှစ်အတွင်း ဗဟိုပြည်သူ့အလုပ်သမားကောင်စီ၊ ၁၉၇၄ ခုနှစ် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ရေးအဖွဲ့ငယ်၏ အတွင်းရေးမှူးစသည့် တာဝန်များကို ဆောင်ရွက်ခဲ့သည်။ ၁၉၇၄ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ပြည်သူ့ဝန်ထမ်း ရွေးချယ်လေ့ကျင့်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်အဖြစ် ဆောင်ရွက်သည်။ ၁၉၇၈ ခုနှစ်၊ ဇန်နဝါရီလတွင် နှလုံးရောဂါကြောင့် အငြိမ်းစား ယူခဲ့သည်။ ဦးဘအေးသည် ရဲပုညကုသလအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ်၎င်း၊ နာယကအဖြစ်၎င်း ဆောင်ရွက်ခဲ့သည်။ အိန္ဒိယ၊ အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊ ဟောင်ကောင်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံများသို့ သွားရောက်၍ လေ့လာဆည်းပူးခဲ့သည်။ ဦးဘအေးသည် ဝဏ္ဏကျော်ထင်ဘွဲ့၊ သီရိပျံချီဘွဲ့နှင့် ပြည်ထောင်စုရွှေတံဆိပ် (သူရသတ္တိနှင့် အမှုထမ်းကောင်း) တို့ကိုလည်း ရရှိခဲ့သည်။
ကိုးကား |
Portal di Ensiklopedia Dunia