မက်မွန်သီးမက်မွန်သီးမက်မွန်သီးသည် အသားများ၍ အရည်ရွှမ်းပြီးလျှင် အနံ့အလွန်မွှေးကြိုင်သော အသီးမျိုးဖြစ်သည်။ ပုံသဏ္ဌာန်မှာ ခပ်လုံးလုံးဖြစ်၍ အသီး၏ အလယ်ခေါင်တွင် မာသော အစေ့ တစ်စေ့ မြုပ်လျက်ပါရှိသည်။ အရွယ်နှင့် အရောင်မှာ အသီးအမျိုးကိုလိုက်၍ အမြင့် ၁ဝ ပေမှ ပေ၂ဝ ခန့် အထိ ရှိတတ်သည်။ ယင်းသည် မက်မန်းသီးပင်၊ တရုတ်ဆီးသီးပင်၊ ချယ်ရီပင်များနှင့်အတူ ရိုဇေး စီအီးမျိုးရင်းတွင် ပရူးနပ်မျိုးစု၌ ပါဝင်သည်။ ယင်း၏ ရုက္ခဗေဒအမည်မှာ ပရူးနပ်ပါစီကာ ဖြစ်၏။ အပင်၏ အနေအထားနှင့်တကွ အသွင်အပြင်ရော အလေ့အထပါ ဗာဒမ်ပင်နှင့် အလွန်တူသည့်ပြင် မျိုးချင်းလည်းတူကြသည်။ မက်မွန်ပင်သည် တရုတ်နိုင်ငံ၌ မူလပေါက်ရောက်၍ မြေထဲပင်လယ်ဒေသနှင့် ကမ္ဘာအရပ်ရပ်ရှိ ပူနွေးသော သမပိုင်းဒေသများသို့ ပျံ့နှံ့ရောက်သွားလေသည်။ မက်မွန်ပင်များကို သမိုင်းမတင်မီ ခေတ်ကတည်းက ပြုပြင်စိုက်ပျိုးလာခဲ့ကြရာ ယခုအခါ အရိုင်းသက်သက် ပေါက်နေသည်ဟူ၍ မည်သည့်အရပ်တွင်မျှ မတွေ့ရပေ။ မက်မွန်သီးသည် ကမ္ဘာ့သစ်သီး ဈေးကွက်တွင် ပန်းသီးနောက် ဒုတိယလိုက်လာသည်။ မက်မွန်ပင်စိုက်ပျိုးသော ခြံသမားများသည် အပင်ကို မြင့်မြင့်မထားဘဲ အကိုင်းအခက်များကို ချိုင်၍ ၁၂ ပေထိ လောက်သာထားသည်။ သို့မှသာ အသီးခူးရာ၌လည်းကောင်း၊ ပိုးသတ်ဆေးဖျန်းရာ၌လည်းကောင်း သက်သာလွယ်ကူသည်။ အရွက်များသည် လှံစွပ်ပုံကဲ့သို့ သေးသွယ်၍ အဖျားချွန်သည်။ အရောင်မှာ စိမ်း၍ တောက်၏။ နွေကူးရာသီသို့ ရောက်သည့် အခါ လှပ၍နူးညံ့သော ပန်းရောင်အပွင့်ကလေးများဖြင့် ပင်လုံးကျွတ်ပွင့်ကြသည်။ အပွင့်များပွင့်ပြီးနောက်မှ အရွက်များထွက်သည်။ မက်မွန်သီးအမျိုးပေါင်း များစွာရှိရာ အားလုံးလောက်သည် နွေရာသီအလယ်လောက်မှ ဆောင်းကူးရာသီထိ မှည့်ကြသည်။ နွေကူးဦးရာသီလောက်တွင် စောစောပွင့်သော အပွင့်များ ကို နှင်းခါးရိုက်တတ်သဖြင့် အသီးမတင်ချေ။ ထို့ကြောင့် နှင်းခါးလွတ်သောနေရာများတွင်သာ အမြောက်အမြားစိုက်ကြသည်။ မက်မွန်သီးထဲတွင် မာသောအစေ့တစ်စေ့ရှိရာ ထိုအစေ့ထဲတွင် မျိုးစေ့ရှိ၏။ ထိုမျိုးစေ့မှ အပင်ပေါက်၏။ သို့သော် များသောအားဖြင့် မျိုးစေ့ကိုစိုက်၍ ပေါက်သောအပင်မှ အသီးသည် မူလမျိုးစေ့ရသောအပင်မှ သီးသည့်အသီးလောက် မကြီးချေ။ ညံ့သွားတတ်သည်။ ထို့ကြောင့် ခြံသမား၊ ဥယျာဉ်သမား များသည် အပင်သစ်များကို အဖူးကူးခြင်းဖြင့် စိုက်ပျိုးကြသည်။ မက်မွန်စေ့ အမြောက်အမြားကို ပျိုးခင်းတွင်ပျိုး၍ ကြီးလာသော အခါ တစ်နေရာသို့ ပြောင်း၍စိုက်ကြသည်။ ထို့နောက် အခြားအပင်ကြီးများမှ အဖူးကိုယူ၍ ထိုပျိုးပင်များ၏ ပင်လုံးတွင် ကူးပေးလိုက်လေသည်။ အဖူးများသည် ပင်လုံးထဲတွင်ပေါက်၍ အညှောက်များ ထွက်လာသည့်အခါ မူလပျိုးပင်များ၏ အညွန့်များကို ဖြတ်လိုက်တော့၏။ ကူးသော အဖူးများမှထွက်လာသော အကိုင်းအခက်သစ်များသည် အပင်သစ်၏ အညွန့်အတက် များဖြစ်လာသည်။ ထိုအပင်သစ်မှသီးသော အသီးများသည် အဖူးများယူသော မူလအပင် အသီးများကဲ့သို့ တထေရာတည်း တူကြသည်။ ခြံများ ဥယျာဉ်များတွင် မက်မွန်ပင်များကို အတန်း လိုက်စိုက်၍ တစ်တန်းနှင့်တစ်တန်းသည် များသောအားဖြင့် ပေ ၂ဝ ကွာသည်။ တစ်ပင်နှင့် တစ်ပင်လည်း ပေ ၂ဝ ခွာ၍ စိုက်ကြသည်။ မက်မွန်ပင်သည် ရေမတင်သော နုံးမြေပွများ၌အဖြစ် ထွန်းဆုံးဖြစ်သည်။ စ၍စိုက်ပျိုးသည်မှ ၃ နှစ် ခန့်အတွင်း အသီးသီး၏။ မက်မွန်ပင်များသည် အပင်ပိုးများကျရောက်တတ်သဖြင့် သက်တမ်းတိုသည်။ ထို့ကြောင့် ဂရုပြုစိုက်ပျိုးကြရသည်။ ပိုးသတ်ဆေးနှင့် အပင်ရောဂါဆေးများကို မပြတ်ဖျန်း ပေးရသည်။
ကိုးကား
|
Portal di Ensiklopedia Dunia