မန်ချူးရီးယား![]() မန်ချူးရီးယားသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံပိုင်
ပြည်နယ်တစ်ခုဖြစ်၍ တရုတ်နိုင်ငံ၏ အရှေ့မြောက်ဘက်အစွန်တွင် တည်ရှိသည်။ မန်ချူးရီးယားဟူသည်ကား မန်ချူးတို့၏ ဌာနီဟုအဓိပ္ပာယ်ရကာ အမေရိကန်နှင့် ဥရောပတိုက်သားတို့က ခေါ်ဝေါ်သောအမည်
ဖြစ်ပေသည်။ မန်ချူးလူမျိုးတို့သည် တရုတ်ပြည်ကို
၁၉၁၁ ခုနှစ်တိုင် နှစ်ပေါင်း ၃ဝဝ ကျော် အုပ်စိုးသွားသူများဖြစ်ကြ၏။ ဂျပန်တို့သိမ်းပိုက်ပြီးသည်နောက်တွင် မန်ချူးရီးယားကို မန်ချူးကိုးဟု ပြောင်းလဲခေါ်
ဝေါ်သည်။ အဓိပ္ပာယ်မှာ မန်ချူးတို့၏ ဌာနီပင် ဖြစ်
၏။ တရုတ်လူမျိုးတို့ကမူ အရှေ့တောင်ပိုင်းဒေသဟု
အဓိပ္ပာယ်ရသော တုန်းပေ ဟူသော အမည်ဖြင့်
ခေါ်ဝေါ်လေသည်။ မန်ချူးရီးယားနှင့် တရုတ်နိုင်ငံကို တောင်များဖြင့် စည်းတား ခြားနားလျက်ရှိသည်။
သယံဇာတပစ္စည်းများ ကြွယ်ဝသောကြောင့် အိမ်နီးချင်း နိုင်ငံများဖြစ်သော ရုရှနှင့် ဂျပန်တို့သည် မန်ချူးရီးယားကို မျက်စောင်းထိုးလျက်ရှိကာ ပိုင်ဆိုင်မှုအတွက် ရုရှ၊ တရုတ်တို့အချင်းပွားကြရပေသည်။ ထို့ကြောင့် ကမ္ဘာအရှေ့ဖျား သမိုင်းတွင် အရေးပါ ထင်ရှားသော ပြည်နယ်ဖြစ်၏။ မန်ချူးရီးယား ပြည်နယ်သည် အကျယ်အဝန်းအားဖြင့်
၅ဝ၃,ဝ၁၃ စတုရန်းမိုင်းရှိ၍ တရုတ်နိုင်ငံ စုစုပေါင်း အကျယ်အဝန်း၏ ၈ ပိုင်း ၁ ပိုင်း ဖြစ်သည်။
မန်ချူးရီးယား ပြည်နယ်သည် မြေဩဇာကောင်းသော
မြေပြန့်ဖြစ်၍ တောင်ကြီး တောင်ငယ်နှင့် မြစ်ပင်လယ်တို့ဖြင့် ပတ်ရံလျက်ရှိသည်။ တည်နေရာအားဖြင့်သော်ကား အရှေ့နှင့် အရှေ့တောင်ဘက်တွင် မြောက်ကိုရီးယားနိုင်ငံ၊
မြောက်ဘက်တလွှားတွင် ရုရှား ဆိုက်ဘေးရီးယား၊ အနောက်မြောက် ယွန်းယွန်းတွင် မွန်ဂိုးလီးယား၊ အနောက်တောင်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊
တောင်ဘက်တွင် ပင်လယ်ဝါတို့ဖြင့် ပတ်ရံလျက် ရှိသည်။ ယာလူးမြစ်သည် မြောက်ကိုရီးယားနိုင်ငံနှင့် မန်ချူးရီးယားပြည်နယ်ကို ပိုင်းခြားထား၍ အထက်တွင် အာမူးမြစ်သည် ဆိုက်ဘေးရီးယား နှင့် မန်ချူးရီးယားကို ပိုင်းခြားထားသည်။ ပြည်
နယ်၏ ရုံးစိုက်မြို့တော်မှာ မုကဒင်မြို့ဖြစ်၏။ အခြား
မြို့ကြီးများကား ဒိုင်ရင်၊ ပို့အာသာ၊ ကီရင်တို့ ဖြစ်လေသည်။ မန်ချူးရီးယား ပြည်နယ်သည် မြေပြန့်လွင်ပြင်ကြီးဖြစ်၍ တသီးတခြား တည်ရှိသော တောင်တန်းကြီး ၃ ခုဖြင့်ဝန်းရံလျက်ရှိသည်။ မြေပြန့် လွင်ပြင်တွင် အပိုင်း ၃ ပိုင်းရှိ၏။ မြို့ကြီးပြကြီးများနှင့်
လယ်ယာစိုက်ပျိုးရေးအတွက် အကောင်းဆုံးဒေသတို့သည် တောင်ပိုင်းတွင် တည်ရှိသည်။ မြောက်ပိုင်းသည် မြက်ခင်းပြန့်ကြီး ဖြစ်ပြီးလျှင် တတိယပိုင်းဖြစ်သော အရှေ့ဘက်သည် တောင်ကြားဒေသဖြစ်၍ အရေးမပါလှပေ။ မန်ချူးရီးယား ပြည်နယ်၏ အနောက်ဘက်တွင် ခင်ဂန် တောင်တန်းသည် အဆက်မပြတ်သလောက်ပင် တောက်လျှောက် သွယ်တန်း၍ တည်ရှိသည်။ ထိုတောင်တန်းသည် မန်ချူးရီးယား ပြည်နယ်ကို မွန်ဂိုးလီးယားမှ ပိုင်းခြားလိုက်လေသည်။ ထိုတောင်တန်းအပြင် မန်ချူးရီးယား ပြည်နယ်၏ မြောက်ဘက်တွင် မွန်ဂိုးလီးယားမှ စတက်လွင်ပြင် တစ်စိတ်တစ်ဒေသလည်း တည်ရှိသည်။ မန်ချူးရီး ယားပြည်နယ်၏ မြောက်ဘက်အစွန်းတွင် ခင်ဂန် တောင်တန်းကြီးသည် အရှေ့တောင်ဘက်သို့ ချိုးဆင်း သွားပြီးလျှင် ခင်ဂန် တောင်ကလေးများဟု တွင်လာ သည်။ တတိယ တောင်တန်းဒေသသည် ပြတ်တောင်း ပြတ်တောင်းတည်ရှိသောတောင်စဉ်ဖြစ်၍ ပင်လယ်တွင်း၌ ဆက်လက်ပေါ်လာကာ ကွမ်တွန်ပင်လယ် ကျွန်းဆွယ်ဟု တွင်ပေသည်။ ယင်းကို လီယိုတွန် ကျွန်းဆွယ်ဟူ၍လည်းခေါ်ပေသည်။ မန်ချူးရီးယား ပြည်နယ်တွင် အရေးပါသော မြစ်များမှာ လီယို၊ ဟန်၊ ဆွန်ဂါရီ၊ နွန်နီ၊ ယာလူးတို့ဖြစ်၏။ လီယိုနှင့် ဟန် တို့သည် မန်ချူးရီးယားပြည်နယ်၏ အနောက်တောင်ပိုင်းသို့ စီးဆင်း၍ လီယိုတွန် ပင်လယ်ကွေ့တွင်းသို့ စီးဝင်သည်။ နွန်နီနှင့် ဆွန်ဂါရီမြစ်တို့သည် မြောက်ပိုင်းရှိ လယ်ယာခြံမြေများအဖို့ ရေရစေသည်။ ရာသီဥတုအားဖြင့်သော်ကား မန်ချူးရီးယား ပြည်နယ် သည် ဆောင်းအခါတွင် အေးချမ်း၍ လေပြင်းထန်ကာ နှင်းမုန်တိုင်းလည်း ကျတတ်ပေသည်။ မြောက်ပိုင်း တွင် ဆောင်းအခါ၌ တစ်ခါတစ်ရံ သုညအောက် ၄၉ ဒီဂရီ အထိပင် ရောက်သည်။ နွေအခါတွင် မပူလှဘဲ ပျမ်းမျှ ၇၅ ဒီဂရီဖာရင်ဟိုက်ခန့်တွင် တည်သည်။ မိုးနည်းပါး၍ နွေအခါတွင် မိုးရွာလေ့ရှိသည်။ တရုတ်နိုင်ငံတွင် မန်ချူးရီးယား ပြည်နယ်သည် မိမိနယ်၌ လိုသည်ထက် စားနပ်ရိက္ခာ ပို၍ ထွက်သော တစ်ခုတည်းသော ဒေသ ဖြစ်၏။ အခြားအခြားသော ပြည်နယ်များတွင်ကား ထွက် သော စားနပ်ရိက္ခာတို့မှာ မိမိပြည်နယ်တွင်းရှိ လူများအတွက်ပင် မလုံလောက်ဘဲရှိ၏။ မန်ချူးရီးယားပြည်နယ်၌ အဓိက စိုက်ပျိုး သော ကောက်ပင်မှာ ပဲငပိ ပြုလုပ်သော ဆိုယာပဲ (ပဲကျတ်ပျဉ်) ဖြစ်၏။ ထိုပဲ၏ ၅ ပုံ ၄ ပုံကို ပဲဆီအဖြစ် လည်းကောင်း၊ ပဲဖတ်အဖြစ် လည်းကောင်း၊ ပဲစေ့အဖြစ်လည်းကောင်း နိုင်ငံခြားသို့ ထုတ်သည်။ ![]() ပဲဆီကို ပေါက်ကွဲတတ်သော ပစ္စည်းများ၊ ဆပ်ပြာနှင့် အခြားလုပ်ငန်းများတွင် အသုံးပြုသည်။ ပဲကျတ်ပျဉ်မှ တစ်ပါးလည်း မန်ချူး လူမျိုးတို့ စားသုံးသော ကေအိုလျန်ခေါ် နှံစားပြောင်းကဲ့သို့သော ကောက်ပင်တစ်မျိုးကိုလည်း အကြီးအကျယ် စိုက်ပျိုးသည်။ အနှံကိုစား၍ အရိုးကို အိမ်မိုးရန် အတွက်လည်းကောင်း၊ ထင်းမီး အဖြစ်လည်းကောင်း အသုံးချနိုင်သည်။ ယင်းတို့အပြင် ဂျုံ၊ မုယော၊ ဆေး၊ဝါဂွမ်းနှင့် ပိုက်ဆံလျှော်ပင်တို့ကိုလည်း စိုက်ပျိုး သည်။ စက်မှုလက်မှု လုပ်ငန်းကြီးပွားရေးအတွက် အလွန်အရေး တကြီး လိုအပ်သောသံနှင့် ကျောက်မီးသွေးတို့လည်း မန်ချူးရီး ယား ပြည်နယ်တွင် ထွက်သည်။ မုကဒင်မြို့ အနီးရှိ ဖူရှနယ် ကျောက်မီးသွေးတွင်းသည်ကမ္ဘာပေါ်ရှိ ကျောက်မီးသွေးတွင်းများ အနက် ကျောက်မီးသွေးကြော အကြီးဆုံး၊ အထူဆုံး ဖြစ်သဖြင့် ကျော်ကြားလေသည်။ ကျောက်မီးသွေးနှင့် သံအပြင်၊ ရွှေ၊ ကြေးနီ၊ ခဲ၊ သွပ်၊ ကျောက်ဂွမ်း၊ ဒန်၊ မဂ္ဂနီဆိုက်နှင့် မိုလစ်ဒီနမ်တို့လည်း ထွက်သည်။ ပင်လယ်ရေငန်မှဆား ရရှိသည်။ မန်ချူးရီးယား ပြည်နယ်တွင် တရုတ်နိုင်ငံတစ်ခုလုံး၏ စက်မှုလုပ်ငန်း ၄ ပုံ ၃ ပုံ စုဝေး တည်ရှိသည်။
မန်ချူးရီးယား ပြည်နယ်သို့ ဘီစီ ၂ဝဝ ခန့်က မွန်ဂိုနှင့် ထွန်ဂူလူမျိုးတို့ လာရောက်နေထိုင်ကြ၏။ တောင်ပိုင်း ကမ်းခြေ တွင် တရုတ်တို့သည် ဩဇာဖြန့်လျက်ရှိ၏။ ခရစ် ၆၆၈ ခုနှစ်တွင် မိုဟိုထွန်ဂူ လူမျိုးတို့သည် ပိုဟိုင်းပြည်ကို တည်ထောင်၏။ ယင်း ကို ခရစ် ၉၂၆ ခုနှစ်တွင် ခိတန်မွန်ဂိုတို့က ဖျက်ဆီးလိုက်သည်။ ၁၁ဝဝ ပြည့် နှစ်ကျော်တွင် ထွန်ဂူ လူမျိုးတို့ ပြန်လည်၍ အာဏာ ရလာ၏။ သူတို့ကို နာချင်မျိုးတူစုက ခေါင်းဆောင်သည်။ နာချင် တို့သည် နောင်သော် မန်ချူးတို့ ဖြစ်လာသည်။ မန်ချူးတို့သည် ခရစ် ၁၆၄၄ ခုနှစ်တိုင်အောင် တရုတ်နိုင်ငံကြီးကို စိုးမိုးအုပ်ချုပ်ခဲ့ပေသည်။ ထိုကာလအတွင်း၌ တရုတ် အများအပြား မန်ချူးရီးယား ပြည်တွင်းသို့ ဝင်ရော်လာ၏။ မန်ချူး လူမျိုးတို့သည် တရုတ်ဘာသာ စကားကို လက်ခံပြောဆိုကြသည်။ တရုတ်နိုင်ငံကို အုပ်စိုးရာ၌ အသုံးပြုသော စစ်တပ်မှ တပ်သားများ ကို မန်ချူးဘုရင်တို့သည် မန်ချူးရီးယားမှ ဖြည့်တင်းခဲ့သည်။ ထိုအခိုက်တွင် အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြသော ရုရှနှင့် ဂျပန်နိုင် ငံတို့သည် မြေဆီဩဇာ ကြွယ်ဝဖွံ့ဖြိုးသော မန်ချူးရီးယား ကို မျက်စောင်းထိုးလျက်ရှိ၏။ ရုရှသည် ဆိုက်ဘေးရီးယားကိုဖြတ်၍ မီးရထားလမ်း ဖောက်လုပ်လို၏။ တရုတ်တို့က မန်ချူးရီးယား မြောက်ပိုင်း တစ်စိတ်တစ်ဒေသကိုဖြတ်၍ ဖောက်လုပ်ခွင့်ပြုထား သည်။ ထို့ပြင်လည်း ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေပေါ်တွင် ရေမခဲသော ဆိပ်ကမ်းတစ်ခုကို ရလို၏။ ၁၈၉၈ ခုနှစ်တွင် တရုတ် နိုင်ငံသည် ရုရှအား ကွမ်တုန်ကျွန်းဆွယ်ကို အနှစ် အစိတ် ငှားရမ်း လိုက်၏။ ဂျပန်တို့သည်လည်း မန်ချူးရီးယားပြည်နယ်ကို စိတ်ဝင်စား လျက်ရှိ၏။ ၁၉ဝ၅ ခုနှစ်တွင် ဂျပန်တို့သည် ရုရှ ဂျပန် စစ်ပွဲတွင် အောင်မြင်သောကြောင့် ရုရှတို့၏ အခွင့်အရေး တစ်ခုဖြစ်သော ကွမ်တုန်ကျွန်းဆွယ် ငှားရမ်းခွင့်ကို ရရှိလိုက်ပေသည်။ ဂျပန်တို့ သည် မန်ချူးရီးယား တောင်ပိုင်းမီးရထားလမ်းကို ဖောက်လုပ်ပြီး လျှင် စက်ရုံ၊ အလုပ်ရုံ၊ သတ္တုတွင်းများကို ဖွင့်လေသည်။ သိပ္ပံ နည်းစနစ်ဖြင့် လယ်ယာစိုက်ပျိုးခြင်းကိုလည်း အားပေးသည်။ ၁၉၁၁ ခုနှစ်တွင် ရှင်းဟိုင် တော်လှန်ရေး ဖြစ်ပွားသောအခါ မန်ချူး တို့၏ နောက်ဆုံး ဧကရာဇ်ကို နန်းစွန့်စေခဲ့သည်။ စစ်ဗိုလ်ကြီးများ အုပ်စိုးသော ခေတ်တွင် မန်ချူးရီးယားကို အုပ်စိုး သူမှာ ကျန်းကျိုးလင် ဖြစ်၏။ကျန်းကျိုးလင်သည် အအုပ်အချုပ် အစီအမံ အခန့်အခွဲ ကောင်းသောကြောင့် ဂျပန်တို့က သူ့အား ဖယ်ထုတ်ရန် ဆုံးဖြတ်၏။ ကျန်းကျိုးလင်၏ နေရာကို သူ၏သား ကျန်းရွှယ်လျန့်က ဆက်ခံသည်။ ကျန်းရွှယ်လျန့်သည် ချန်ကေရှိတ်ခေါင်းဆောင်သော အမျိုးသား အစိုးရသစ်၏ ဘက်တော်သား ဖြစ်၏။ တရုတ်တို့ သည် မန်ချူးရီးယား၌ မီးရထားလမ်းများ ဖောက်လုပ်၍ တိုင်းပြည် တိုးတက် ဖွံ့ဖြိုးအောင် စိုင်းပြင်းလုပ်ဆောင်ကြသည်။ တရုတ်တို့သည် ဗဟိုအစိုးရ ခိုင်မာအောင် ဆောင်ရွက်နေကြောင်း ကို ဂျပန်တို့မြင်လတ်သော် မန်ချူးရီးယားတွင် မိမိတို့ ခြယ် လှယ်နိုင်မည် မဟုတ်ကြောင်းကို သိလေသည်။ ထိုကြောင့် ချန်ကေရှိတ် အစိုးရသစ်၏ သက်တမ်း ၃ နှစ် ကာလတွင် ဂျပန်တို့သည် မန်ချူးရီးယားကို ထိပါးတော့၏။ ဂျပန်တို့ ဖောက်လုပ်နေ သော မီးရထားလမ်းကို စောင့်ကြပ်ရန် ဟူ၍ ဂျပန်စစ်တပ်တစ်တပ်သည် မန်ချူးရီးယားတွင် အတန်ငယ် ကာလကတည်းကပင် ရှိနှင့်ခဲ့ပေသည်။ ဂျပန်တို့သည် ကျန်းရွှယ်လျန့် ပေပင်မြို့တော်သို့ သွားသည် အထိစောင့်ဆိုင်း၏။ သွားသည်ဆိုလျှင်ပင် မန်ချူးရီးယားပြည်တွင်းသို့ ဝင်စီး၏။ တရုတ်နှင့် ဂျပန်တို့၏ စစ်ပွဲသည် စင်စစ်အား ဖြင့် ၁၉၃၁ ခုနှစ်စက်တင်ဘာလ ၁၈ ရက်နေ့တွင် မုကဒင်မြို့၌ စတင်ခဲ့ပေသည်။ ၁၉၃၂ ခုနှစ်တွင် ဂျပန်တို့သည် မန်ချူးရီးယားပြည်တွင် မန်ချူးကိုးဟူ၍ အမည်တွင်သော ရုပ်သေးနိုင်ငံတစ်ခု တည်ထောင်သည်။ နောက်ဆုံး မန်ချူး ဧကရာဇ်ကို မင်းမြှောက်တင်၏။ တရုတ်နယ်ဖြစ်သော ဂျီဟောကို ပြည်ထောင်သစ်တွင် သွတ်သွင်း လိုက်၏။ ချန်ချွန် မည်သော မြို့ကို ဆင်ကင်ဟူသော အမည်သစ်ကိုပေး၍ မြို့တော်ပြု၏။ ၁၉၃၇ ခုနှစ်တွင် ဂျပန်တို့က တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက် တိုက်ခိုက်သောကြောင့် တရုတ်နှင့် ဂျပန်တို့ စစ်ဖြစ်ကြရာ ၈နှစ်တိုင်တိုင်ပင် ကြာရှည်သည်။ ထိုအတော်အတွင်း၌ ဂျပန်တို့သည် မန်ချူးရီးယားပြည်တွင်းမှ အဖိုးတန်ရိက္ခာ အထောက်အပံ့ ပစ္စည်းများကို ရရှိခဲ့လေသည်။ ၁၉၄၁ ခုနှစ်တွင် ဂျပန်တို့က အမေရိကန်တို့အပေါ် စစ်ကြေညာသောအခါ တရုတ် - ဂျပန် စစ်ပွဲသည် ဒုတိယ ကမ္ဘာစစ်ကြီး၏ တစ်စိတ်တစ်ဒေသ ဖြစ်လာ၏။ အမေရိကန်တို့သည် မန်ချူးရီးယား ပြည်တွင်းရှိ စက်ရုံ အလုပ်ရုံများကို ဗုံးကြဲ၏။ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးသောအခါ မန်ချူးရီးယားပြည်ကို ဆိုဗီယက်တပ်များက သိမ်းပိုက်လိုက်သည်။ ၁၉၄၅ ခုနှစ်တွင် ချုပ်ဆိုသော စာချုပ်အရ ဆိုဗီယက် ယူနီယံသည် မန်ချူးရီးယားပြည်၌ တရုတ်တို့အချုပ်အခြာအာဏာ ပိုင်ခြင်းကို လေးစားမည်ဟူ၍ ဖြစ်၏။ ယင်းစာချုပ်အရပင် ဆိုဗီယက် ယူနီယံသည် မန်ချူးရီးယားပြည်ရှိ အဓိက ဆိပ်ကမ်းကြီး ၂ ခုဖြစသော ဒိုင်ရင်နှင့် ပို့အာသာတို့တွင် အနှစ် ၃ဝ ငှားရမ်းခွင့် ရမည် ဖြစ်၏။ ပို့အာသာသည် မန်ချူးရီးယားပြည်၏ တစ်ခုတည်းသော ရေတပ်စခန်းလည်း ဖြစ်၏။ ထိုထက် ဆိုဗီယက် တို့သည် မန်ချူးရီးယား ပြည်နယ်ရှိ မီးရထားလမ်းအားလုံးကို ချုပ်ကိုင်ထားပေသည်။
ကိုးကား
|
Portal di Ensiklopedia Dunia