မန်လည်ဆရာတော်![]() မန်လည်ဆရာတော်သည် အထက်မြန်မာနိုင်ငံ၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ် မန်လည်မြို့၌ အဖ သစ်ကုန်သည် ဦးထင်ညို၊ အမိ ဒေါ်ဖြေတို့မှ မြန်မာ သက္ကရာဇ် ၁၂ဝ၃ ခုနှစ်၊ နှောင်းတန်ခူး လဆန်း ၁၂ ရက်၊ အင်္ဂါနေ့ ညဉ့် ၃ ချက်တီးကျော်တွင် ဖွားမြင်သည်။ ငယ်နာမည်မှာ မောင်မာ ဖြစ်သည်။ ထိုသူငယ် အသက် ၃-နှစ် အရွယ်တွင် ဖခင် ဦးထင်ညို ကွယ်လွန်ခဲ့လေသည်။ မန်လည်ဆရာတော် လောင်းလျာ မောင်မာကို အသက် ၁၂-နှစ်အရွယ်ရောက်သောအခါ ဝန်းသိုမြို့ တောင်ပေါ်ကျောင်း ဝန်းသိုစော်ဘွား၏ နောင်တော် ဘုန်းတော်ကြီး ဦးပန်းအောင်ထံ၌ အပ်နှံ၍ စာသင်စရာ၊ တစ်နှစ်အတွင်းမှာပင် မြန်မာစာ အခြေခံရခဲ့သဖြင့် သွက်သွက်လက်လက် ရွတ်ဖတ်နိုင်လေသည်။ ကဗျာလင်္ကာများကို အထူးဝါသနာပါခဲ့သည့် အလျှောက် ရှေးပညာရှိများ ရေးသားသောပျို့ကဗျာများကို သင်ကြားကြည့်ရှု လေ့လာခဲ့ရာ ၁၆ နှစ် အရွယ်မတိုင်မီပင် ဒွေးချိုး၊ လေးချိုး၊ တေးထပ်၊ ရတု စသည်များကို လျင်မြန်စွာ ရေးသား စပ်ဆိုနိုင်လေသည်။ အသက် ၁၅ နှစ် အရွယ်တွင် မိခင် ဒေါ်ဖြေ ကွယ်လွန်အနိစ္စ ရောက်ပြီးနောက် ၁၆ နှစ်သား အရွယ်ရောက်မှ ဝန်းသိုစော်ဘွားကြီး၏ နောင်တော် ဘုန်းကြီးဦးပန်းအောင်ထံမှာပင် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိတော်မူလေသည်။ သာမဏေဘွဲ့ကား ရှင်ဇဝနတည်း။ ရှင်သာမဏေ အဖြစ်ဖြင့် ၆ ဝါ တိုင်တိုင် အရှင် နန္ဒမဉ္ဇူ ထံ၌ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာကျမ်းဂန်များကို သင်ကြားရာ၊ ပါရမီဉာဏ် ထက်သန်သည့်အလျောက် ရဟန်းအဖြစ်သို့ မရောက်မီပင် သင်ရိုးကျမ်းများကို တစ်ဖက်ကမ်းခတ် တတ်မြောက်လေသည်။ ရှင်ဇဝနသည် သက္ကရာဇ် ၁၂၂၅ ခုနှစ်ဦး၊ အသက် ၂၂ နှစ် သာသာရှိမှ ဥပသမ္ပဒ ရဟန်းအဖြစ်သို့ ရောက်လေသည်။ ရဟန်းဘွဲ့မှာလည်း ရှင်ဇဝနပင် ဖြစ်သည်။ ရဟန်းဖြစ်၍ တစ်ဝါ ရတော်မူပြီးသောအခါ မူလ ရဟန်းခံခဲ့ရင်း ဖြစ်သောသိမ်ကို ဝိနယကုက္ကုစ္စသဘောထားဖြင့် သံသယ မကင်းမရှင်း ရှိပြန်သည်နှင့် ၁၂၂၅ ခုနှစ် တပေါင်းလပြည့် ကျော် ၅ ရက်နေ့တွင် မဲဇာမြစ်အတွင်းဥဒကုက္ခေပနဒီသိမ်၌ သံဃာတော် ၁ဝ ပါးနှင့်တစ်ကွ ဒုတိယအကြိမ် ဥပသမ္ပဒကံအားဖြင့် ရဟန်းခံတော်မူပြန်လေသည်။ ရဟန်းဝါကို ဒုတိယရဟန်းခံပြီးနောက်မှ ရေတွက်တော်မူသည်။ ရဟန်းဆယ်ဝါ ရတော်မူသောအခါ ဉာဏ်မီးတောက်စအချိန်တွင် ပညာရင်နို့ သောက်စို့ရာဖြစ်သော ဆရာအရှင်၏ ကျေးဇူးကို ဆပ်သောအားဖြင့် မဃဒေဝလင်္ကာသစ်ကို စတင် ရေးသားတော်မူလေသည်။ သို့သော် ပြီးဆုံးအောင် မရေးသားနိုင်ဘဲ ရှိခဲ့ရာ၊ ၁၂၆၆ခုနှစ်တွင်မှ တဖန်ဆက်လက်ရေးသားရာ၊ ထိုနှစ်မှာပင် အောင်မြင်ပြီးဆုံးခြင်းသို့ ရောက်ခဲ့လေသည်။ ၁၂၇၉ ခုနှစ်တွင် အင်္ဂလိပ် အစိုးရတို့ လှူဒါန်းသောအဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်ကို ခံယူတော်မူသည်။ ဆရာတော် ဘုရားကြီး ရေးသားတော်မူအပ်သော မဃဒေဝလင်္ကာသစ်ကြီးသည် ထုံးတီးနည်းနာ အဖြာဖြာနှင့် ဇာတ်၊နိပါတ်၊ရာဇဝင်၊ ဆေးကျမ်း၊ဓာတ်ကျမ်း၊ နက္ခတ်ကျမ်း၊ ဗေဒင်ကျမ်းစသော လောကီ လောကုတ္တရာ ဗဟုသုတ အနှစ်သာရတို့နှင့် ပြည့်ဝစုံလင်သည်ဖြစ်ရကား ဤလင်္ကာတစ်စောင်တည်းနှင့်ပင် ဆရာတော်ဘုရားကြီးမှာ ကဗျာပါရဂူမြောက်ကြောင်း ထင်ရှားပေသည်။ ဤလင်္ကာကြီးတွင် ဖွဲ့နွဲ့ထားပုံမှာ လွန်စွာ ခမ်းနားလှသည့်ပြင် ခွဲထားသတ်ပုံများကို ဖော်ပြရေးသားထားရာ၊ သတ်ပုံကျမ်းကြီး တစ်စောင်ကဲ့သို့ လည်း လွန်စွာ အသုံးဝင်လေသည်။ ဆရာတော်ဘုရားကြီးသည် မဃဒေဝလင်္ကာသစ်ကြီးအပြင် ပုစ္ဆာဝိသဇ္ဇနာ ကျမ်းများနှင့် သုတ် ပါဠိတော်နိသျ အမျိုးမျိုး ကျမ်းပေါင်း ၃ဝ ကျော်ခန့်ကိုလည်း ရေးသားတော်မူခဲ့သည်။ လေးချိုး၊ ဒွေးချိုး၊ သံချိုများကိုလည်း ဖွဲ့နွဲ့ရေးသားခဲ့လေသည်။ ဆရာတော်ဘုရားသည် သိမ်မွေ့နက်နဲသည့်အရာ၌ သိမ်မွေ့နက်နဲလှပ၍၊ ကြမ်းကြမ်းတမ်းတမ်း ဖော်ပြရန် လိုအပ်သည့် နေရာ၌ ကြမ်းတမ်းစွာ ရေးသားဖွဲ့နွဲ့နိုင်သည်။ ထေရုပ္ပတ္တိအဖ မြို့စာရေး ဦးထင်ညိုနှင့် အမိ ဒေါ်ဖြေတို့မှ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မန်လည်မြို့တွင် မြန်မာ သက္ကရာဇ် ၁၂၀၃ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက်နေ့ အင်္ဂါနေ့ည သုံးနာရီကျော် ဝိသာခါနက္ခတ် ထွန်းပချိန်တွင် ဖွားမြင်တော်မူခဲ့သည်။
စာပေပရိယတ္ထိ သင်ယူခြင်းဆရာတော် အလောင်းအလျာ ရှင်ဇဝနသည် မိမိဇာတိမြေ မန်လည်သို့ ပြန့်လာခဲ့ပြီး ဆရာရင်းဖြစ်သူ လေးထပ်ကျောင်းတိုက်၊ ဂိုဏ်းအုပ်ဆရာတော် ရှင်နန္ဒမဉ္ဇူထံတွင် စာပေ ကျမ်းဂန်များ လေ့လာ သင်ယူခဲ့သည်။ ရှင်ဇဝနသည် ဘွဲ့မည်နာမနှင့် လိုက်ဖက်အောင် ဉာဏ်ပညာ ထက်မြက်သည့် ဗီဇရှိသူပီပီ သာမဏေ ၆ ဝါတွင် ဗုဒ္ဓစာပေ ကျမ်းဂန်များ အတော်အတန် တတ်မြောက်ခဲ့သည့်ပြင် လေးချိုး၊ ကဗျာ၊ လင်္ကာ၊ ပျို့၊ ရတု၊ ဧချင်း၊ မော်ကွန်းများကိုလည်း ကောင်းစွာ ဖွဲ့ဆို ရေးသာနိုင်ခဲ့သည်။
စာပေပို့ချခြင်းထို့နောက် မန်လည်မြို့သို့ ပြန်လည်ကြွရောက်တော်မူပြီး မြို့ဝန်ဦးပု ဆောက်လုပ် လှူဒါန်းသည့် သမန္တပါသာဒိက မဟာဝိဟာရပြာသာဒ် ကျောင်းတော်ကြီးတွင် သီတင်းသုံး နေထိုင်လျက် ပိဋကတ် ကျမ်းစာများကို သာမက စာပေ လင်္ကာ ပျို့ ကဗျာကျမ်းများ၊ ဇာတ်နိပါတ်၊ မဟာဝန်၊ ရာဇဝင်ကျမ်းများ၊ နက္ခတ်ဗေဒင်၊ အဂ္ဂိရတ်ကျမ်းများ၊ သာသန္တရကျမ်း၊ နီတိကျမ်းများကို လေ့လာ ဆည်းပူးခဲ့သည်။ ဉာဏ်ပညာ ဗီဇာကလည်း ထက်မြက်၊ ဝါသနာ အရင်းခံကလည်းရှိ၊ လုံ့လ ဝီရိယကလည်း ကြီးမားသည့် ဆရာတော်သည် စာပေ ကျမ်းဂန်များကို ပါရဂူမြောက်အောင် တတ်မြောက် ကျွမ်းကျင်ခဲ့သည်။ ဆရာတော်သည် စာပေ ကျမ်းဂန်များကို သာမက၊ ဘင်္ဂလီ၊ နာဂရီ၊ သီဟိုဠ် စသည် ဘာသန္တရကျမ်းများ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ သျှတ္တရကျမ်း၊ စစ်ချီစစ်တက် သေနင်္ဂဗျူဟာ ကျမ်းများကိုလည်း ဒိုးဒိုးဒေါက်ဒေါက် ပြောဆို ညွှန်ပြနိုင်တော်မူသော ပါရမီရှင် တဦးဖြစ်သည်။ ဆရာတော်ကြီးသည် စာပေ ပိဋကတ် ကျမ်းများကိုလည်း စေတနာ ပြင်းပြ ထက်သန်စွာဖြင့် လုံ့လကြီးစွာ စိုက်ထုတ်ကာ စာသင် စာချ ဆောင်ရွက်တော်မူခဲ့သည်။
သာသနာပြုခရီးမန်လည်ဆရာတော်ကြီးသည် ၁၂၆၈ ခုနှစ်တွင် မိုးကုတ်မြို့သို့ သာသနာပြုကြွတော်မူသည်။ ၁၂၇၄ ခုနှစ်တွင် သီပေါမြို့ မဟာရာဇာ စော်ဘွားကြီး ပင့်လျှောက်သဖြင့် သာသနာပြု ကြွတော်မူသည်။ ၁၂၈၁ ခုနှစ်တွင် မန္တလေး၊ စစ်ကိုင်းမြို့များမှ တဆင့် ပခုက္ကူပြည်၊ ဇလွန်၊ ပုသိမ်မြို့များသို့ ဧရာဝတီမြစ်တလျှောက် ရေလမ်းခရီးဖြင့်ကြွရောက်တော် မူခဲ့သည်။ ဆရာတော်ကြီးသည် မင်းလှမြို့ (ပြည်ခရိုင်) တွင် လယ်တီဆရာတော်နှင့် တွေ့ဆုံ၍ နှစ်ပါးအတူ သီးသန့် မီးရထားဖြင့် ရန်ကုန်မြို့သို့ ဆက်လက်ကြွချီတော်မူခဲ့ရာ ရန်ကုန်မြို့ အရောက်တွင် အမြောက် ၂၁ ချက် ပစ်ဖောက် အပူဇော်ခံရသည်။ ကီလီလမ်းမှ ပုဇွန်တောင် ညောင်တုန်းကျောင်းတိုက်သို့ ကားဖြင့်ကြွချီခဲ့ရာ လမ်းဘေးဝဲရာမှ ထောင်ပေါင်းများစွာသော ပရိသတ်ကြီးက သောင်းသောင်းဖြဖြ ကြိုဆို ပူဇော်ကြသည်။
ဘဝနတ်ထံ ပျံလွန်တော်မူခြင်းဤသို့ ဂန္ထန္တရ၊ ဘာသန္တရ၊ ဒေသန္တရ ဗဟုသုတ ရတနာတိုက်ကြီး သဖွယ် ဖြစ်တော်မူသော၊ တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ပါဠိပါရဂူ ကျမ်းပြု ပညာရှိ ကဝိတစ်ဆူ ဖြစ်တော်မူသော ကျေးဇူးရှင် မန်လည် ဆရာတော် ဘုရားကြီးသည် အောက်မြန်မာပြည် သာသနာပြု ခရီးမှ အပြန် ၁၂၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်၊ နံနက် ၁ နာရီ ၃ဝ မိနစ်၊ သက်တော် ၇၉ နှစ်၊ ဝါတော် ၅၆ ဝါတွင် ဘဝနတ်ထံ ပျံလွန်တော်မူသည်။ အံ့ဩဖွယ်ရာ ထူးခြားမှုတစ်ရပ်မှာ ဆရာတော် ဘုရားကြီး၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်သည် ပုပ်သိုးပျက်စီးခြင်း မရှိဘဲ ရုပ်ကလာပ်တော်ကို အုပ်ပြာသာဒ်ကြီးထဲ၌ ထည့်သွင်း ပူဇော်ခဲ့သည်။ ဆရာတော်ကြီး၏ မပုပ်မသိုး ကြွင်းကျန်ခဲ့သော ရုပ်ကလာပ်ကို မန်လည်မြို့တွင် ယနေ့တိုင် ဖူးတွေ့ ကြည်ညိုနိုင်သည်။ မန်လည်ဆရာတော်ကြီး ပြုစုခဲ့သော စာပေလက်ရာ၊ ကျမ်းဂန်များဆရာတော် ဘုရားကြီး၏ လက်ရာ စာပေ အမြုတေများထဲမှ အထူးကောင်းမွန် ထင်ရှားသော ကျမ်းစာများ ဖြစ်သော အောက်ပါ ကျမ်းစာများကို နှောင်းခေတ် ပညာရှင်တို့က မှတ်တမ်းတင်ခဲ့ကြသည်။
ကိုးကား |
Portal di Ensiklopedia Dunia