မောင်တောတိုက်ပွဲ
၂၀၂၄ မေလ ၂၁ ရက်နေ့တွင် အာရက္ခတပ်တော် (AA) သည် မောင်တောမြို့နယ်တွင် ထိုးစစ် စတင်ခဲ့သည်။ ဤစစ်ဆင်ရေးသည် ခန့်မှန်းခြေအရ ခြောက်လကြာမြင့်ခဲ့ပြီး၊ နောက်ဆုံးတွင် ၂၀၂၄ ဒီဇင်ဘာ ၈ ရက်နေ့တွင် မြို့နယ်ကို သိမ်းပိုက်ရာတွင် အောင်မြင်ခဲ့သည်။ ထိုကြောင့် ဘင်္ဂလားဒေ့ရှ် နှင့် တိုင်းနယ်စပ် အလျား ၂၇၁ ကီလိုမီတာလုံး၌ အာရက္ခတပ်တော်က ထိန်းချုပ်မှု အပြည့်အဝ ရရှိလာခဲ့သည်။[၄][၅] နောက်ခံမောင်တောမြို့နယ်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တည်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အဓိကမြို့နယ်တစ်ခုဖြစ်ကာ ရိုဟင်ဂျာအသိုက်အဝန်းများ အများစုနေထိုင်သည်။ တိုက်ပွဲမဖြစ်ပွားမီက မြန်မာ့တပ်မတော်သည် မောင်တောတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့များမှ တဆင့် စခန်းငယ်များစွာကို ထိန်းချုပ်ထားခဲ့သည်။ အချိန်မှတ်တမ်းတိုက်ပွဲသည် အာရက္ခတပ်တော် မှ မောင်တောမြို့ကို ထိန်းချုပ်ရန် အကြီးစား ထိုးစစ်တစ်ရပ် စတင်ခဲ့သည့် ၂၀၂၄ ခုနှစ် မေလ ၂၁ ရက်နေ့တွင် စတင်ခဲ့သည်။[၆][၇] မောင်တောမြို့၏ နယ်နိမိတ်အနားရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းနှစ်ခုဖြစ်သော လေးမိုင်ရွာရှိ တပ်ရင်း ၄ နှင့် မြို့သူကြီးရပ်ရှိ တပ်ရင်း ၅ တို့ကို တိုက်ပွဲများ ဦးတည်ခဲ့သည်။ AA တပ်သည် မောင်တောမြို့ကို အဖက်ဖက်မှ ဝန်းရံထိုးစစ်ဆင်ပြီး စစ်ကောင်စီတပ်များကို ကြိတ်အနယ်ဖြစ်စေခဲ့သည်။[၈][၉] ပထမနေ့တွင် အစိုးရ စစ်တပ်က မိုးမလင်းမီ ရွှေဗဟိုနှင် ဗောဓိကုန်းရွာများအပါအဝင် မောင်တော၏ အနီးနားရှိကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး AA တပ်၏ လှုပ်ရှားမှုများကို တားဆီးရန် ကြိုးစားခဲ့သည်။ ထိုတိုက်ခိုက်မှုများကြောင့် ပြည်သူများသို့ထိခိုက်မှုရှိသော်လည်း အေအေတပ်၏ လှုပ်ရှားမှုများကို ရပ်တန့်စေနိုင်ခြင်း မရှိခဲ့ပါ။[၁၀] ဇွန်လတွင် AA သည် တိုက်ပွဲများကို ပိုမိုအရှိန်မြင့်စွာ ပြုလုပ်ခဲ့ပြီး၊ မောင်တောရှိ ကျန်ရစ်သော ပြည်သူ ၂၀,၀၀၀ ကို ဇွန် ၁၆ ရက်နေ့ ည ၉ နာရီနောက်ဆုံးထားကာ ထွက်ခွာရန် သတိပေးခဲ့သည်။ စစ်ကောင်စီတပ်များသည် လမ်းမများ၊ အိမ်များတွင် အတားအဆီးများ၊ ကတုတ်ကျင်းများ ပြုလုပ်ပြင်ဆင်ထားခဲ့သည်။ ဇွန်လနှောင်းပိုင်းတွင် မြို့ပတ်လည်ရှိ စခန်းများအားလုံးကို အေအေက သိမ်းပိုက်နိုင်ခဲ့ပြီး မြို့အား သီးခြားဖြစ်စေခဲ့သည်။[၁၁][၁၂] ဩဂုတ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ပြီး ဩဂုတ် ၂၄ မှ ဩဂုတ် ၂၆ အထိ သုံးရက်ကြာ တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ အဆိုပါကာလအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ကျော်သေဆုံးကာ ဒါဇင်ခန့် ဖမ်းဆီးခံခဲ့ရသည်။[၁၃] ဖမ်းဆီးရမိသော လက်နက်များအသုံးပြုကာ လက်ကျန် စစ်စခန်းများကို အေအေက ဆက်လက် တိုက်ခိုက်ခဲ့သည်။[၁၄] ၅၅ ရက်ကြာ တိုက်တွဲများ ဖြစ်ပွားပြီးနောက် ၂၀၂၄ ဒီဇင်ဘာ ၇ ရက်နေ့တွင် အပြင်ဖက် ခံစစ်စခန်းများကို အေအေက ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။[၁၅] နောက်တစ်ရက်ဖြစ်သော ဒီဇင်ဘာလ ၈ ရက်နေ့တွင် အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကို သိမ်းပိုက်ကာ ဗိုလ်ချုပ်ကြီးသူရိန်ထွန်းအား ဖမ်းဆီးရမိခဲ့သည်။ လက်နက်ချသော စစ်ကောင်စီတပ်သားများမှာ ဒဏ်ရာရနေကြပြီး အဝတ်ဖြူများဝှေ့ရမ်းလျက်ရှိသည်ကို ဗီဒီယိုတစ်ခုတွင် မြင်တွေ့ရသည်။ အမှတ်၅ နယ်ခြားစောင့်စခန်း ကျဆုံးခြင်းနှင့်အတူ အေအေသည် ၂၇၁ ကီလိုမီတာအရှည်ရှိသော ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်နှင့် မောင်တောမြို့ကို အလုံးစုံ ထိန်းချုပ်ရရှိခဲ့သည်။[၁၆][၁၇][၁၈] ကိုးကား
|
Portal di Ensiklopedia Dunia