မောင်းထောင်ရွာ၊ ဘုတလင်မြို့နယ်
မောင်းထောင်ရွာ (အင်္ဂလိပ်: Maunghtaung)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ မောင်းထောင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၃၁၇၄ ဖြစ်သည်။ [၁] စစ်ကိုင်းမြို့နယ်ရှိမောင်းထောင်ရွာ နှင့် ကွဲပြားစေရန် ရှေးအခါက မောင်းထောင်ကြီးရွာ ဟုလည်း ခေါ်ကြသည်။ စည်ကားသည့် ရှေးဟောင်း ရွာကြီးတရွာဖြစ်သည်။ တိုက်နယ်ဆေးရုံ၊ အထက်တန်းကျောင်းများ ရှိသည်။ တောင် နှင့် မြောက် သုဿန်နှစ်ခုရှိသည်။ ဘုရားကျောင်းကန် များစွာရှိသည်။ ရှေးဟောင်းသမိုင်းဝင် ဘလ္လာတိယ ရေကန်တော်ကြီးမှာ ထင်ရှားသည်။ ဘလ္လာတိယကန်တော်ကြီးမောင်းထောင်ရွာ၏ သမိုင်းဝင်ဘလ္လာတိယကန်တော်ကြီးသည် ရွာအရှေ့ဘက် တစ်မိုင်ခန့်ကွာတွင်တည်ရှိသည်။ ကန်တော်ကြီးကိုရပ်ရွာက ထိန်းသိမ်းစောင့်ရှောက်ထားသည်။ ငါးဧကခန့် ကျယ်ဝန်းပြီး ကန်ရေကို မျက်မှောက်ခတ်အထိ သုံးစွဲနေကြဆဲဖြစ်သည်။ ဘလ္လာတိယကန်တော်ကြီးမူလအလှူရှင်မှာ မောင်းထောင်ရွာသား မင်းဆရာ တွင်းသင်းမင်းကြီး မဟာစည်သူ ဦးထွန်းညိုဖြစ်သည်။ အနောက်ဘက်ကန်ဘောင်ပေါ်တွင် အလှူရှင် တွင်းသင်းမင်းကြီးမဟာစည်သူဦးထွန်းညိုအကြောင်းနှင့် ဘလ္လာတိယကန်တော်ကြီးသမိုင်းကို ဖော်ပြထားသည့် မျက်မှောက်ခေတ်ထိုးကျောက်စာတစ်ချပ်ကိုလည်းတွေ့နိုင်သည်။ ကျောက်စာဖော်ပြထားချက်အရ တွင်းသင်းမင်းကြီးမဟာစည်သူဦးထွန်းညိုကို သက္ကရာဇ် ၁၀၈၈ ခုနှစ်တွင်မွေးသည်။ ညောင်ရမ်းခေတ်နှောင်း ဟံသာ၀တီပါမင်းလက်ထက်တွင် ရဟန်းအဖြစ် ဇာတိရွာမောင်းထောင်တွင် သီတင်းသုံးနေခဲ့ပြီး အလောင်မင်းတရားကြီးနန်းတက်ချိန်တွင် လူဝတ်လဲပြီးဘုရင်ထံအခစားဝင်ပါသည်။ အလောင်းမင်းတရားကြီးက ဦးထွန်းညိုကို သားတော်ဗဒုံမြို့စားမင်းသား ( ဘိုးတော်ဘုရား ) ၏ဆရာအဖြစ်ခန့်အပ်ပြီး မဟာသင်္ခယာဘွဲ့ကိုချီးမြှင့်သည်။ ၎င်းနောက် မဟာစည်သူဘွဲ့ချီးမြှင့်ပြီး တွင်းသင်းတိုက်ဝန်အဖြစ်ခန့်ထားရာမှ တွင်းသင်းမင်းကြီးမဟာစည်သူဦးထွန်းညိုအဖြစ်ထင်ရှားလာခဲ့သည်။ တစ်ခါတွင် ဘိုးတော်ဘုရား၏မြေးတော် အိမ်ရှေ့မင်း စစ်ကိုင်းမင်းသား ( တချို့မှတ်တမ်းများတွင် သားတော်အိမ်ရှေ့မင်း ရွှေတောင်မင်းသားဟုဖော်ပြသည်) နှင့် အိမ်ရှေ့မိဖုရားတို့စိတ်သဘောထားမတိုက်ဆိုင်ဖြစ်ပြီး မသင့်မမြတ်ဖြစ်ကြသည့်အခါ ထွင်းသင်းမင်းကြီးမဟာစည်သူဦးထွန်းညိုက ချစ်ခြင်းမေတ္တာဖွဲ့ဘလ္လာတိယပျို့ကိုရေးသားဆက်သွင်းရသည်။ အဆိုပါဘလ္လာတိယပျို့ကြောင့် အိမ်ရှေ့မောင်နှံတို့ ပြန်လည်သင့်မြတ်လာခဲ့ကြပြီး ပျို့ရေးသားဆက်သွင်းသူ တွင်းသင်းမင်းကြီးမဟာစည်သူဦးထွန်းညိုကိုလည်း ဆုတော်ငွေချီးမြှင့်ခဲ့သည်။ ဦးထွန်းညိုက အဆိုပါဆုတော်ငွေများကို ကိုယ်ကျိုးအတွက်အသုံးမပြုဘဲ သူ့ဇာတိမောင်ထောင်ရွာအကျိုးအတွက် ယခုမြင်တွေ့နေကြရသည့် ရေကန်ကြီး (ဘလ္လာတိယကန်) ကိုတူးဖော်ရန်အသုံပြုခဲ့ကြောင်း အဆိုပါကျောက်စာတွင်ဖော်ပြထားသည်။ သမိုင်းဝင်ရေကန်ကြီး အနီးအနားဝန်းကျင်တွင် ရှေးဟောင်းစေတီပုထိုးဘုရားအမြောက်အများတည်ရှိနေသည်။ ညောင်ရမ်းခေတ်နှောင်း နှင့် ကုန်းဘောင်ခေတ်ဦး လက်ရာများဖြစ်ကြသည်။ ထူးခြားထင်ရှား မောင်းထောင်သားများမောင်းထောင်ရွာသည် ညောင်ရမ်းခေတ်မှစပြီး ကိုလိုနီခေတ်ထိ ခေတ်အဆက်ဆက် ရဟန်းပညာရှိ လူပညာရှိအမြောက်အများပေါ်ထွန်းခဲ့ရာ ရွာဖြစ်သည် ။ စိတ္တကျော်သူဦးဩ ၊ တွင်းသင်းမင်းကြီးမဟာစည်သူဦးထွန်းညို၊ မောင်းထောင်သာသနာပိုင်ဆရာတော်ကြီးများ၊ သံချိုဆရာကြီးမောင်းထောင်ဦးကျော်လှ၊ မောင်းထောင်ဦးကောက် စသူတို့မှာ ခေတ်အဆက်ဆက်ထင်ရှားခဲ့သည့် မောင်းထောင်ရွာဇာတိ ပညာရှိများဖြစ်ကြသည်။ ကိုးကား
|
Portal di Ensiklopedia Dunia