မြင့်သိန်း
တရားဝန်ကြီးချုပ် ဦးမြင့်သိန်း(၁၉၀၀-၁၉၉၄)[၁]သည် ပထမဦးဆုံးသော တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး[၂][၃]နှင့် ၁၉၂၅ မှ ၁၉၃၁ အထိ မြို့မကျောင်းအုပ်ဆရာကြီးဖြစ်ခဲ့သည်။[၄] နိုင်ငံတော်အစိုးရမှ သတိုးမဟာသရေစည်သူဘွဲ့၊ အဂ္ဂမဟာသရေစည်သူဘွဲ့ ချီးမြှင့်ခြင်းခံရသောပုဂ္ဂိုလ်ဖြစ်သည်။ ဘဝဖြစ်စဉ်အဖ အရေးပိုင်၊ ဒုတိယကော်မစ်ရှင်နာမင်းကြီး ဦးဖိန်း (ကေအက်စ်အမ်၊ အေတီအမ်) နှင့် အမိ ဒေါ်မိမိ တို့မှ မြင်းခြံမြို့တွင် ၁၉၀၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့၌ ဖွားမြင်သည်။ မွေးချင်း ခုနစ်ယောက်ရှိသည်။ ထိုမွေးချင်းများမှာ- ပထမဆုံး နိုင်ငံခြားရေးဝန်ကြီး ဦးတင်ထွဋ် (b. ၁၈၉၅ - d. ၁၉၄၈)၊ တရားလွှတ်တော်ချုပ် တရားသူကြီး ဦးကျော်မြင့်၊ ရန်ကုန်တက္ကသိုလ်၏ ပထမဆုံးပါမောက္ခချုပ် ဒေါက်တာထင်အောင် ( b. ၁၉၀၉ - d. ၁၉၇၈) တို့ဖြစ်ပြီး ဦးမြင့်သိန်းအပါအဝင် ညီအစ်ကို ၄ ဦးစလုံးမှာ အင်္ဂလန်မှ ဘားအက်လော (Bar-at-Law) ဝတ်လုံဘွဲ့များရ၍ ထူးချွန်ထက်မြက် ထင်ရှားသူများ ဖြစ်ကြသည်။ ညီမသုံးဦးအနက် အကြီးဆုံးဒေါ်မြမူမှာ မြန်မာစာပါမောက္ခ ဦးဧမောင်၏ဇနီး ဖြစ်၍ အလတ် ဒေါ်ခင်စောမူမှာ အိုင်စီအက်စ် ဦးဘတင့်၏ဇနီး ဖြစ်သည်။ အငယ်ဆုံး ဒေါ်တင်စောမူမှာ အင်္ဂလိပ်စာပါမောက္ခ ဖြစ်သည်။ ဦးဖိန်းသည် အလွန်အရပ်နိမ့်သော်လည်း သူ၏အရည်အချင်းနှင့် ဝီရိယမှာ လွန်စွာမြင့်မားသည်။ ၎င်း၏ သား လေးယောက်နှင့် သမီး သုံးယောက်စလုံးမှာ ပညာထူးချွန်ပြီး မြန်မာပြည်တွင် လွန်စွာထင်ရှားလာခဲ့သည်။ ဦးမြင့်သိန်းသည် ဟာသဉာဏ်ရွှင်သူတစ်ဦးဖြစ်သည်။ ခင်မင်သူမိတ်ဆွေများက Uncle Monty ဟု ခေါ်ဝေါ်လေ့ရှိကြသည်။ ပညာရေးCambridge တက္ကသိုလ်မှ M.A. ဘွဲ့၊ B.L (Bachelor of Law) ဘွဲ့နှင့် Inns of Court in London မှ ဝတ်လုံတော်ဘွဲ့ တို့ကို ဆွတ်ခူးခဲ့သည်။ ဂျီစီဘီအေလူကြီး သမာဓိမြို့ဝန် ပန်းကန်စက်ဦးသော်၏ ဖိတ်ကြားချက်အရ ရန်ကုန်မြို့ မြို့မအမျိုးသားကျောင်းတွင် ကျောင်းအုပ်ကြီးအဖြစ် အမျိုးသားစိတ်ဓာတ်အပြည့်ဖြင့် လာရောက်ဆောင်ရွက်ခဲ့သည်။ ပညာရေးနယ်ပယ်၌ အမျိုးသားရေးစိတ်ဓာတ်အပြည့်ဖြင့် ကျောင်းအုပ်ကြီးတာဝန်ထမ်းဆောင်ပြီးသော် ဦးမြင့်သိန်းသည် တရားရုံးတော်၌ ကြိုးကြိုးပမ်းပမ်း အမှုလိုက်လေသည်။ ပထမဆုံး မြန်မာသံအမတ်ကြီး၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်ပြည်၊ နန်ကင်းသို့ ဦးမြင့်သိန်းအား ပထမဆုံး မြန်မာသံအမတ်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ဝန်ကြီးချုပ်ဦးနုအစိုးရ က ဦးမြင့်သိန်းအား နန်ကင်းသို့ စေလွှတ်ရခြင်းမှာ စစ်ကြိုခေတ်က ချုံကင်းသို့ မြန်မာချစ်ကြည်ရေးအဖွဲ့ဝင်အဖြစ် သွားရောက်ခဲ့ဖူးသောကြောင့်ဖြစ်သည်။ ၁၉၄၉ ခုနှစ် စက်တင်ဘာလတွင် မြန်မာသံရုံးပေါ် လွှတ်တင်ထားသော ဆင်တူရိုးမှားဖြစ်နေသည့် မြန်မာနိုင်ငံအလံအား ချန်ကေရှိတ် တရုတ်အလံထင်ပြီး မော်စီတုံး၏တပ်နီက အမြောက်ဖြင့်ပစ်မည်စိုး၍ ဦးမြင့်သိန်းသည် မြန်မာနိုင်ငံအလံကို အနည်းငယ် ရွေ့ပြောင်းခွင့်ပြုရန် မြန်မာအစိုးရထံသို့ အကြောင်းကြားခဲ့ဖူးသည်။ ဦးမြင့်သိန်း၏ သံတမန်ရေးရာ ကျွမ်းကျင်မှုများကြောင့် မော်စီတုံး၏တပ်နီက တရုတ်ပြည်သူ့ သမ္မတနိုင်ငံတည်ထောင်ကြောင်း ကြေညာသောအခါ မြန်မာနိုင်ငံအစိုးရက ပထမဦးဆုံး အသိအမှတ်ပြုခဲ့သည်။ ၁၉၅ဝ ပြည့်နှစ် ဇွန်လတွင် ပီကင်းသို့ ပထမဦးဆုံးသော မြန်မာသံအမတ်ကြီးအဖြစ် ဦးမြင့်သိန်းသည် ထပ်မံစေလွှတ်ခြင်းခံရသည်။ ၁၉၅၂ ခုနှစ်ကုန် အထိ ပီကင်းသံရုံး၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ဦးမြင့်သိန်းသည် ချန်ကေရှိတ် အမျိုးသားအစိုးရလက်ထက်သာမက မော်စီတုံးအစိုးရလက်ထက်၌ပင် စေလွှတ်ခြင်းခံရသည့် ထူးခြားသောသံအမတ်ကြီး ဖြစ်သည်။ တရားဝန်ကြီးချုပ်ပြည်တော်ပြန်ပြီးနောက် တရားလွှတ်တော်ချုပ်၌ တရားဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။ များမကြာမီ တရားလွှတ်တော်ချုပ် တရားဝန်ကြီးချုပ် ဖြစ်လာသည်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းယူပွဲ၌ အခြားနိုင်ငံရေးခေါင်းဆောင်များနှင့်အတူ အထိန်းသိမ်းခံရခဲ့သည်။ ထို့နောက် ဦးမြင့်သိန်းသည် အကျဉ်းထောင်မှလွတ်မြောက်ခဲ့သည်။ သို့ရာတွင် စိတ်ဓာတ်မကျပဲ လူမှုရေး ပညာရေး နယ်ပယ်တို့၌ သွက်လက်ထက်မြက်စွာ ဆက်လက်လှုပ်ရှားခဲ့သည်။ အိမ်ထောင်ရေး၁၉၂၅ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ Lincoln’s Inn တွင် ပညာသင်ကြားစဉ် ဒေါ်ဖွားမှီနှင့် တွေ့ဆုံခဲ့ပြီး များမကြာမီ ထိမ်းမြှားလက်ထပ်ခဲ့သည်။ ဒေါ်ဖွားမှီသည် ဗြိတိသျှ လွှတ်တော်ချုပ်တွင်ပင် အမှုလိုက်နိုင်ခွင့်ရသော ပထမဦးဆုံး မြန်မာလူမျိုး အမျိုးသမီးရှေ့နေဖြစ်သည်ဟု ကမ္ဘာ့ပထမအမျိုးသမီးရှေ့နေများစာရင်းတွင် ထည့်သွင်းဖော်ပြခြင်းခံရသည်။ ၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရအာဏာသိမ်းယူပွဲ၌ အခြားနိုင်ငံရေးခေါင်းဆောင်များနှင့်အတူ ဦးမြင့်သိန်း အထိန်းသိမ်းခံရစဉ် ကာလအတွင်း ဇနီးဖြစ်သူ ကွယ်လွန်ခဲ့သည်။ ဦးမြင့်သိန်းသည် နိုင်ငံခြားရေးဝန်ကြီး စဝ်ခွန်ချို၊ အခြားစော်ဘွားတို့နှင့် ခင်မင်ရင်းနှီး၍ နွေရာသီချိန် တောင်ကြီး ကလောမြို့များ၌ တွေ့ဆုံလေ့ရှိသည်။ မြို့မဟောင်းကြီးများ၊ တရားရေးဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များနေအိမ်သို့လည်း သွားရောက်လည်ပတ်လေ့ရှိသည်။ အသက်အရွယ်ကြီးသည့်တိုင်အောင် မှတ်ဉာဏ်ကောင်းသည်ဟု ဆိုကြသည်။[၅] ကွယ်လွန်ခြင်းအသက် ၉၀ ကျော် ထင်ရှားကျော်ကြားလှသောပုဂ္ဂိုလ်ကြီးသည် ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့တွင် ဘဝတစ်ပါးသို့ပြောင်းသွားခဲ့သည်။[၂] သို့ရာတွင် လူပင်သေသော်လည်း နာမည်မသေသောသူဟု ပြောစမှတ်ပြုကြသည်။ ကိုးကား
|
Portal di Ensiklopedia Dunia