မြန်မာအဘိဓာန်မြန်မာအဘိဓာန်သည် မြန်မာဘာသာစကားနှင့် စာပေအတွက် လိုအပ်သော အချက်များကို ကကြီး မှ အ အထိ ရေးသားပြုစုသောကျမ်း ဖြစ်သည်။ ပုံများလည်း ပါရှိသည်။ ကျမ်းထုတ်ဝေရန်အတွက် မြန်မာစာပေ ပြုစုရေးနှင့် ဘာသာပြန်ကော်မရှင် ကို ၁၉၆၃-ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ထိုကော်မရှင်ကို မြန်မာစာကော်မရှင်ဟု အမည်ပြောင်းလဲခဲ့ပြီး ယခုအခါ မြန်မာစာအဖွဲ့ အဖြစ် တည်ရှိလျက်ရှိသည်။ မြန်မာစာအဖွဲ့မှ မြန်မာအဘိဓာန်(အကျဉ်းချုပ်) ၅-တွဲကို ပြုစုထုတ်ဝေ နိုင်ခဲ့သည်။ ထိုငါးတွဲကို အခြေခံပြုပြင်၍
မြန်မာစာအဖွဲ့သည် ၁၉၇၈-ခုနှစ်မှ ၁၉၈၀-ပြည့်နှစ်အတွင်း က အက္ခရာမှ အ အက္ခရာအဆုံး မြန်မာအဘိဓာန် (အကျဉ်းချုပ်)ကို အတွဲ(၅)တွဲအဖြစ် ပြုစုထုတ်ဝေခဲ့သည်။ ၁၉၈၆-ခုနှစ်တွင် မြန်မာ စာလုံးပေါင်းသတ်ပုံကို နိုင်ငံတော်က ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ ဤပြဋ္ဌာန်းချက်နှင့်ညီညွတ်သည့် မြန်မာ အဘိဓာန် တစ်ရပ်ကို ပြုစုထုတ်ဝေရန် လိုအပ်လာရာ မြန်မာဝေါဟာရများ၏ မြစ်ဖျားခံရာကို ဖော်ပြခြင်းအားဖြင့် ယင်းတို့၏ စာလုံးပေါင်းဖြစ်စဉ်ကိုပါ သိရှိနိုင်မည့် အင်္ဂါရပ်ကိုဖြည့်စွက်၍ အဘိဓာန် တစ်အုပ် ထုတ်ဝေခဲ့သည်။ ထုတ်ဝေဖြန့်ချိရာ၌ လွယ်ကူမှုရှိစေရန် လည်းကောင်း၊ စာဖတ်ပရိသတ်ဦးရေများများလက်ဝယ်သို့ ပို့ဆောင် ပေးနိုင်ရန် လည်းကောင်း ရည်ရွယ်၍ အတွဲမခွဲဘဲ တစ်အုပ်တည်းဖြင့် ပြုစုထုတ်ဝေခဲ့သည်။ ထို့ပြင် ခရီးဆောင်မြန်မာအဘိဓာန်တစ်အုပ်ကိုလည်း ထုတ်ဝေခဲ့သည်။[၁] သမိုင်းကြောင်းအစောပိုင်းသမိုင်းမြန်မာနိုင်ငံတွင် ပင်းယခေတ်နှင့် ကုန်းဘောင်ခေတ်အတွင်း အဘိဓာန်အစောင်စောင် ပေါ်ထွက်ခဲ့သည်။ သို့သော် ယင်းအဘိဓာန်တို့သည် မြန်မာအနက်နှင့် ယှဉ်တွဲဖော်ပြထားသော ပါဠိဝေါဟာရစာရင်းမျိုးသာ ဖြစ်သည်။ ဖျာပုံမြို့နေ အရှင်ဩဘာသသည် ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ပွားမီအချိန်က မြန်မာဝေါဟာရကို မြန်မာလို အနက်ဖွင့်သော အဘိဓာန်တစ်စောင်ကို ပြုစုခဲ့သည်။ သို့သော် ယင်းအဘိဓာန်စာမူတို့သည် စစ်အတွင်းက ပျောက်ဆုံးခဲ့သည်ဟု သိရ၏။ စစ်ပြီးခေတ်တွင် ပြန်လည်ပြုစုရာ၊ ၁၉၄၇ ခုနှစ်တွင် အဘိဓာန်နှစ်တွဲ ထုတ်ဝေနိုင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် မြန်မာအဘိဓာန် စီမံကိန်းရန်ကုန်တက္ကသိုလ်တွင် ပြုစုလျက်ရှိသော တက္ကသိုလ်မြန်မာအဘိဓာန်ကိုမူ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၉၄၄ ခုနှစ်ကပင် စတင်ခဲ့သည်။ ထိုနှစ်တွင် နိုင်ငံတော်အစိုးရ၏ အကူအညီဖြင့် မြန်မာနိုင်ငံတော် ပညာ့တံခွန်အသင်းကို တည်ထောင်သည်။ အသင်း၏ ရည်ရွယ်ချက်မှာ မြန်မာ့ယဉ်ကျေးမှုအရပ်ရပ်ကို လေ့လာသုံးသပ် ပြန်လည်ဖော်ထုတ်ရန် ဖြစ်သည်။ အသင်း၏ လက်အောက်တွင် (က) ပညာစွယ်စုံဌာနနှင့် (ခ) အဘိဓာန်ဌာနဟူ၍ ဌာနနှစ်ခုရှိရာ၊ ပညာစွယ်စုံဌာနသည် မြန်မာအဘိဓာန်ကျမ်းကို ရေးသားပြုစုရန် ဖြစ်သည်။ ပညာစွယ်စုံဌာနတွင် ဦးခင်မောင် (သူကြီးဂေဇက်) က စာတည်းအဖြစ် ဆောင်ရွက်၍ အဘိဓာန်ဌာနတွင် ဦးဝန်က စာတည်းအဖြစ် ဆောင်ရွက်သည်။ အထက်ပါ ဌာနနှစ်ခုကို စစ်ဘေးသက်သာရာ ဟံသာဝတီခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည်။ အဘိဓာန်လုပ်ငန်းကိုမူ ၁၉၄၄ ခုနှစ် ဇန်နဝါရီလအတွင်း၌ စတင်ခဲ့သည်။ ကြီးကြပ်ရေးနှင့် အကြံပေးအဖွဲ့များအဘိဓာန်ဌာနကို ကြည့်ရှုကြီးကြပ်ရသော အဖွဲ့ငယ်တစ်ခုရှိ၏။ အဖွဲ့ငယ် သဘာပတိမှာ ဦးဖေမောင်တင် ဖြစ်၍ အဖွဲ့ဝင်များမှာ ဦးခင်မောင်လတ်၊ ဦးသိမ်းမောင်၊ ဦးသိန်းဟန်၊ ဦးဝန် (အဘိဓာန်စာတည်း)၊ ဦးစိန်ဝင်း (လက်ထောက်အဘိဓာန်စာတည်း) နှင့် ဦးတင် (အသင်း၏ အတွင်းရေးမှူး) တို့ ဖြစ်ကြသည်။ တစ်ဖန် အဘိဓာန်ကျမ်းပြုစုရေးတွင် အတိုင်ပင်ခံစာတည်းသုံးဦးရှိရာ ယင်းတို့မှာ ဦးဖေမောင်တင် (သဘာပတိ)၊ ဦးဘချို (ဒီးဒုတ်) နှင့် ဦးခင်မောင်လတ်တို့ ဖြစ်ကြသည်။ ပြုစုပြီးစီးသော အဘိဓာန်မူကြမ်းကို အတိုင်ပင်ခံစာတည်းတို့ထံ တင်ပြရသည်။ ပြုစုခြင်းနှင့် စစ်အတွင်း ရပ်ဆိုင်းခြင်းအဘိဓာန်စာတည်းနှစ်ဦးသည် စာပြုခုနစ်ဦး၏ အကူအညီဖြင့် ခဲယဉ်းစွာရှာဖွေဝယ်ယူထားရသော စာအုပ်များကို ဖတ်ကာ အဘိဓာန်၏ အခြေခံအုတ်မြစ်သဖွယ်ဖြစ်သော ပုဒ်စုလုပ်ငန်းကို စတင်ခဲ့သည်။ အဘိဓာန်ဌာနရှိ စာအုပ်များ၏ အရေအတွက်မှာ အလွန်နည်းပါးလှသဖြင့် ဘာသာရပ်မစုံလင်ပေ။ သို့ဖြစ်စေကာမူ ခုနစ်လအတွင်း လက်လှမ်းမီကျမ်းစာအုပ်ပေါင်း ၂၀၉ အုပ်မှ အညွှန်းစာရွက်ပေါင်း ၄၁၈၅၅ ကို စုဆောင်းနိုင်ခဲ့သည်။ အစိုးရဌာနအသီးသီးရှိ ရာထမ်းမှုထမ်းများ၊ ပြင်ပပညာရှင်များ၊ အရှေ့အာရှလူငယ်များအစည်းအရုံးဝင်များက အညွှန်းစာရွက်ပေါင်း ၁၄၃၈၅ ခုကို စုဆောင်းပေးပို့ခဲ့ကြသည်။ စုစုပေါင်း အညွှန်းစာရွက်ပေါင်း ၅၆၂၁၃ ကို စတင်ပြုစုခဲ့ကြသည်။ အနက်ဖော်လုပ်ငန်းစသည်မှ ကိုးလအကြာ (၁၉၄၅ ခုနှစ် ဧပြီလ) တွင် လေကြောင်းစစ်ဘေး ပြင်းထန်စွာ ဆိုက်ရောက်လာသဖြင့် အဘိဓာန်လုပ်ငန်းကို လုံးဝရပ်ဆဲခဲ့ရသည်။ ထိုအခါ (က) အက္ခရာမှ (င) အက္ခရာတစ်ဝက်လောက်အထိ အပြီးသတ်တည်းဖြတ်ပြုစုပြီးစီးခဲ့သည်။ ရန်ကုန်တက္ကသိုလ်သို့ လွှဲပြောင်းခြင်း၁၉၄၈ ခုနှစ်သို့ ရောက်သောအခါ မြန်မာနိုင်ငံတော် ပညာ့တံခွန်အသင်းက အဘိဓာန်ဌာနလုပ်ငန်းအရပ်ရပ်ကို ရန်ကုန်တက္ကသိုလ်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းနှစ် ဇွန်လ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၌ ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနဟူ၍ ဌာနသစ်တစ်ခုကို ဖွင့်လှစ်ကာ မြန်မာစာဌာန ကထိက ဦးဝန်အား စာတည်းမှူးအဖြစ် ခန့်အပ်လုပ်ကိုင်စေခဲ့သည်။ ဦးဝန်ကို ကူညီရန်အတွက် လက်ထောက်စာတည်းနှစ်ဦးနှင့် စာပြုခြောက်ဦးကိုလည်း မရှေးမနှောင်းပင် ခန့်အပ်ခဲ့သည်။ ဤတက္ကသိုလ်မြန်မာအဘိဓာန်ကို ပြုစုရာတွင် ပါဠိကျမ်းဂန်ဘက်မှ ပါဝင်လုပ်ဆောင်ခဲ့ကြသော ပုဂ္ဂိုလ်ကြီးများမှာ ပဌမကျော် ဦးကြီးဖေ၊ ပဌမကျော် ဦးသန့်စင်၊ ပဌမကျော် ဦးတင့်ရွှေ၊ ဦးသာတင် (မာဃ)၊ ဒဂုန်ဦးထွန်းမြင့်တို့ ဖြစ်ကြသည်။ သတ်ပုံသတ်ညွှန်းဘက်တွင် "သတ်ပုံအဘိဓာန်မိတ်လင်စုံ" ကျမ်းပြုဆရာ သတ်ပုံပညာရှင် ဦးအုန်းရွှေက တာဝန်ယူခဲ့သည်။ အခြားသော တင်မိုး (ကဗျာဆရာ)၊ ဦးတင်လှ စသော ပညာရှင်များလည်း ပါဝင်ခဲ့ကြသည်။ အကြံပေးအဖွဲ့ဌာနလုပ်ငန်းအတွက် အကြံကောင်းဉာဏ်ကောင်းများပေးရန် အကြံပေးအဖွဲ့တစ်ခုကိုလည်း ရန်ကုန်တက္ကသိုလ်ကောင်စီက ခန့်ထားခဲ့သည်။ အကြံပေးအဖွဲ့တွင်-
လုပ်ငန်းများ ပြန်လည်စတင်ခြင်းနှင့် ထုတ်ဝေခြင်းပြည်ထောင်စုမြန်မာနိုင်ငံတွင် ပထမဆုံးရေးသားပြုစုရသော အဘိဓာန်ဖြစ်သဖြင့် အဘက်ဘက်က ပြည့်စုံရန် လိုအပ်ခဲ့သည်။ ထို့ကြောင့် ဆေးကျမ်း၊ ဓာတ်ကျမ်း၊ အဂ္ဂိရတ်ကျမ်း၊ လှေအတတ်၊ လှည်းအတတ်၊ ပန်းချီဆေးရေးအတတ် အစရှိသော အတတ်ပညာဆိုင်ရာ ကျမ်းများကို ရှာဖွေဝယ်ယူကာ အဘိဓာန်ပုဒ်များကို ထပ်မံစုဆောင်းခဲ့သည်။ ထို့နောက် စစ်အတွင်းက အဘိဓာန်လုပ်ငန်း လက်ကျန်များကို ပြန်လည်လုပ်ကိုင်ခဲ့ကြသည်။ မူလက ကျောင်းသုံးအဘိဓာန်လောက်ကိုသာ ပြုစုရန် ရည်ရွယ်ခဲ့သော်လည်း အကြံပေးအဖွဲ့ဝင်တို့က အပြည့်စုံဆုံး အဘိဓာန်ကြီးကိုသာ တစ်လက်စတည်း ရေးသားပြုစုရန် အကြံပေးတိုက်တွန်းခဲ့သဖြင့် အဘိဓာန်ကြီးကို ပြုစုခဲ့ကြရသည်။ ယင်းကဲ့သို့ ပြန်လည်လုပ်ကိုင်ရာ ၁၉၄၉ ခုနှစ် စက်တင်ဘာလတွင် အဘိဓာန်ပုဒ်ပေါင်း ၃၄၆၉ ပါဝင်သော က အက္ခရာဆိုင်ရာ တက္ကသိုလ်မြန်မာအဘိဓာန် ပထမပိုင်းကို ပြုစုပြီးစီးခဲ့သည်။ အဘိဓာန်ရှေ့ပိုင်းတွင် အားပေးကူညီခဲ့ကြသော ပုဂ္ဂိုလ်များစာရင်း၊ ကိုးကားသော ကျမ်းများစာရင်း၊ အဘိဓာန်တွင် အသုံးပြုသော သင်္ကေတများစာရင်း၊ အဘိဓာန်အက္ခရာစဉ် ဇယား စသည်တို့ကို ထည့်သွင်းဖော်ပြထားသည်။ အဘိဓာန်ကိုမူ ရန်ကုန်မြို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ စာပုံနှိပ်တိုက်က ရိုက်နှိပ်ဖြန့်ချိခဲ့သည်။ အဘိဓာန်ပါဝင်မှုနှင့် ဖွဲ့စည်းပုံအဘိဓာန်ပုဒ်များကို အနက်ဖော်ပြရာ၌ အနက်အဓိပ္ပာယ် ပြားလျှင် ပြားသလောက် အနက်ဖော်ပြခဲ့သည်။ ပရိယာယ်ရှိလျှင် ပရိယာယ်အမျိုးမျိုးကိုလည်း ဖော်ပြခဲ့သည်။ ဓမ္မသတ်သုံး၊ ကဗျာသုံး၊ အရပ်သုံး၊ ဘန်းစကား၊ ပေါရာဏ၊ လွှတ်ရုံးသုံး၊ ဗေဒင်သုံး၊ ရာဇဝင်သုံး စသည်တို့ကိုလည်း ခေါင်းစဉ်စကားလုံးနောက်တွင် သင်္ကေတဖြင့် ဖော်ပြခဲ့သည်။ ခိုင်လုံသော ကျမ်းများမှ ကျမ်းကိုးစာပုဒ်ကို အသုံးပြုလျှင် ကျမ်းကိုးအတိုမှတ်၊ ကျမ်းအတွဲ၊ စာမျက်နှာ စသည်တို့ကို ဖော်ပြထားသည်။ အရင်းအမြစ်ကို ရှာဖွေတွေ့ရှိသောအခါ အနက်အဓိပ္ပာယ်နောက်ကဖြစ်စေ၊ ကောက်နုတ်ချက်ပါလျှင် ကောက်နုတ်ချက်နောက်ကဖြစ်စေ ထည့်သွင်းဖော်ပြခဲ့သည်။ နောက်ဆက်တွဲ အတွဲများ၁၉၅၄ ခုနှစ် ဇွန်လတွင် အဘိဓာန်ပုဒ်ပေါင်း ၂၆၂၅ ပါဝင်သော ခ အက္ခရာဆိုင်ရာ ဒုတိယပိုင်းကိုလည်းကောင်း၊ ၁၉၅၇ ခုနှစ် မေလတွင် အဘိဓာန်ပုဒ်ပေါင်း ၂၀၀၄ ပါဝင်သော ဂ၊ ဃ၊ င ဆိုင်ရာ တတိယပုဒ်ကိုလည်းကောင်း၊ ၁၉၆၀ ပြည့်နှစ် အောက်တိုဘာလတွင် အဘိဓာန်ပုဒ်ပေါင်း ၃၁၁၃ ပါဝင်သော စ အက္ခရာဆိုင်ရာ စတုတ္ထပိုင်းကိုလည်းကောင်း၊ ၁၉၆၃ ခုနှစ် ဩဂုတ်လတွင် အဘိဓာန်ပေါင်း ၁၉၀၉ ပါဝင်သော ဆ အက္ခရာဆိုင်ရာ ပဉ္စမပိုင်းကိုလည်းကောင်း ပြုစုပြီးစီးခဲ့သည်။ ကျန်အပိုင်းများကိုလည်း ဆက်လက်ပြုစုလျက်ရှိသည်။ ၁၉၆၅ ခုနှစ်ကုန်အထိ စာမျက်နှာပေါင်း သုံးသိန်းငါးသောင်းကျော်၊ ကျမ်းပေါင်း တစ်သောင်းကိုးထောင်ကျော် ဖတ်ရှုပြီး၍ အညွှန်းစာရွက်ပေါင်း ခြောက်သောင်းကိုးထောင်ကျော် ရရှိခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia