မြန်မာ​နိုင်ငံတော်သမ္မတ​၏ တာဝန်​နှင့် လုပ်ပိုင်ခွင့်

ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်သမ္မတ၏တာဝန်နှင့်လုပ်ပိုင်ခွင့်

၂၀၂။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်
(က) ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် ဝန်ကြီးဌာနများကို ပြင်ဆင်သတ်မှတ်ခြင်း ဖြည့်စွက်ခြင်း ပြုနိုင်သည်။
(ခ) ပြည်ထောင်စုဝန်ကြီးဦးရေကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် သတ်မှတ်ဦးရေကို တိုးခြင်း၊ လျော့ခြင်း ပြုနိုင်သည်။

၂၀၃။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံရမည်။ ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအားလည်းကောင်း၊ နိုင်ငံတော်သမ္မတမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်အားလည်းကောင်း တာဝန်ခံရမည်။

၂၀၄။ နိုင်ငံတော်သမ္မတသည်
(က) ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်။
(ခ) အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်။

၂၀၅။ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ
(က) ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းပြုနိုင်သည်။
(ခ) ချီးမြှင့်အပ်နှင်းထားသည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ပြန်လည်ရုပ်သိမ်းခြင်းပြုနိုင်သည်။

၂၀၆။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်သွယ်ခြင်း၊ သံတမန်အဆက်အသွယ်ဖြတ်တောက်ခြင်းပြုနိုင်သည်။ သို့ရာတွင် ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေမျိုး၌ နိုင်ငံတော် သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းလျက် နိုင်ငံခြားတိုင်းပြည်တစ်ခုနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်နိုင်သည်။ နိုင်ငံတော်သမ္မတသည် မိမိ၏အရေးယူဆောင်ရွက်ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူရမည်။

၂၀၈။ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်း ပြုနိုင်သည်။

၂၀၉။ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ
(က) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ရှိသော အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ (သို့မဟုတ်) နိုင်ငံအချင်းချင်းဆိုင်ရာစာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှ နုတ်ထွက်ခြင်း ပြုရမည်။
(ခ) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူရန်မလိုအပ်ဘဲ ဆောင်ရွက်ခွင့်ရှိသော အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ (သို့မဟုတ်) နိုင်ငံအချင်းချင်းဆိုင်ရာစာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှ နုတ်ထွက်ခြင်း ပြုနိုင်သည်။

၂၁၀။ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏မူဝါဒများနှင့် နိုင်ငံတော်၏အခြေအနေအရပ်ရပ်တို့ကို ပြည်ထောင်စုလွှတ်တော်အစည်းအေ၀းတွင် ဖြစ်စေ၊ ပြည်သူ့လွှတ်တော် (သို့မဟုတ်) အမျိုးသားလွှတ်တော်အစည်းအဝေးတွင်ဖြစ်စေ၊ နိုင်ငံတစ်ဝန်းလုံးသို့ဖြစ်စေ အခါအားလျော်စွာ မိန့်ခွန်းပြောကြားခွင့်၊ သဝဏ်လွှာပေးပို့ခွင့်ရှိသည်။

၂၁၁။ နိုင်ငံတော်သမ္မတသည် လိုအပ်လျှင် ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေးကိုဖြစ်စေ၊ အထူးအစည်းအဝေးကိုဖြစ်စေ ခေါ်ယူကျင်းပပေးရန် ပြည်ထောင်စုလွှတ်တော်နာယကအား အကြောင်းကြားနိုင်သည်။

၂၁၂။(က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တစ်ခုနှင့် တစ်ခုအကြား နိုင်ငံတော်၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ကိစ္စရပ်များမှအပ ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်သော အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအတွက် ဥပဒေ ကဲ့သို့ အာဏာတည်သောအမိန့်ကို ထုတ်ပြန်ခွင့်ရှိသည်။
(ခ) နိုင်ငံတော်သမ္မတသည် ပုဒ်မခွဲ(က)အရ ထုတ်ပြန်ခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ရုပ်သိမ်းခြင်းမရှိလျင် ယင်းအမိန့်ထုတ်ပြန်သည့်နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း ကျင်းပသော အနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။ ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပရန် မရှိလျင် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကို ခေါ်ယူကျင်းပစေ၍ အတည်ပြုချက်ရယူရမည်။
(ဂ) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်မရရှိလျှင် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်သည် အတည်မပြုသည့်နေ့မှစ၍ အာဏာတည်ခြင်းမှ ရပ်စဲရမည်။
(ဃ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ထိုဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို လိုအပ်သောကာလအပိုင်းအခြားအထိ ဆက်လက်အတည်ဖြစ်စေနိုင်သည်။
(င) ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ထုတ်ပြန်ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ရုပ်သိမ်းပြီးဖြစ်စေကာမူ ထိုဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို အနီးကပ်ဆုံးကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့တင်ပြရမည်။
(စ) ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ပိုင်ခွင့်မရှိသော ပြဋ္ဌာန်းချက်ပါရှိလျှင် ယင်းပြဋ္ဌာန်းချက်သည် ပျက်ပြယ်ရမည်။

၂၁၄။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းသည့်ဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ပြီး လက်မှတ်ရေးထိုးရမည်။ ယင်းသို့ လက်မှတ်ရေးထိုးပြီးသောဥပဒေများကို နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန် ကြေညာရမည်။

၂၁၅။ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း၊ မိမိအားအပ်နှင်း ထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့တည်းမဟုတ် ကျင့်သုံးဆောင်ရွက်သည့်အနေဖြင့် ပြုခဲ့သောပြုလုပ်မှု အတွက် မည်သည့်လွှတ်တော်၊ မည်သည့်တရားရုံးတွင်မျ ဖြေရှင်းရန် တာဝန်မရှိစေရ။ သို့ရာတွင် ဤကဲ့သို့ တာဝန်မရှိစေခြင်းသည် နိုင်ငံတော် သမ္မတအား ဖွဲ့စည်းပုံအခြေခံဥပဒေပါ စွပ်စွဲပြစ်တင်ခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။

ဒုတိယသမ္မတများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၄၄။ ဒုတိယသမ္မတများသည် နိုင်ငံ တော်သမ္မတအားလည်းကောင်း၊ နိုင်ငံတော်သမ္မတမှ တစ်ဆင့် ပြည်ထောင်စုလွှတ်တော်အားလည်းကောင်း တာဝန်ခံရမည်။

၄၅။ နိုင်ငံတော်သမ္မတ ပြည်ပသို့ ခရီးသွားနေချိန်တွင် နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်စဉ်အခါက ဒုတိယဆန္ဒမဲအများဆုံးရရှိသည့် ဒုတိယသမ္မတသည် နိုင်ငံတော်သမ္မတ၏ တာဝန်ဝတ္တရားများကို ယာယီပူးတွဲထမ်းဆောင်ရမည်။

၄၆။ နိုင်ငံတော်သမ္မတက တာဝန် ပေးအပ်သော ဒုတိယသမ္မတတစ်ဦးသည် ပြည်ထောင်စုအစိုးရဝန်ကြီး ဌာနများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ အရအသုံးခန့်မှန်း ခြေငွေစာရင်းများကို ဦးဆောင်စိစစ်၍ ယင်းတို့၏ အရအသုံးငွေစာရင်း လျာထားချက်ကိုလည်းကောင်း၊ ကျန်ဒုတိယသမ္မတတစ်ဦးသည် တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်အရအသုံးငွေစာရင်းများကို ဦးဆောင်စိစစ်၍ ယင်း၏အရအသုံး ငွေစာရင်းလျာထားချက်ကိုလည်းကောင်း ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြရမည်။

၄၇။ ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတက ဝေခွဲသတ်မှတ်ပေးသော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။ []

ရည်ညွှန်း

  1. ပြည်ထောင်စုအစိုးရ အဖွဲ့ဥပဒေ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya