မွန်ဂိုအင်ပါယာ
မွန်ဂိုအင်ပါယာသည် ၁၃ ရာစုမှ ၁၄ ရာစုနှစ်အတွင်း တည်ရှိခဲ့သည့် ကြီးမားကျယ်ပျံ့သော အင်ပါယာကြီး တစ်ခုဖြစ်သည်။ အာရှအလယ်ပိုင်းဒေသမှ အစပြုကာ ကိုရီးယားကျွန်းဆွယ်မှ အရှေ့ဥရောပအထိ ကျယ်ပျံ့ကာ မြောက်ဘက်တွင် ဆိုက်ဗေးရီးယား၊ တောင်ဘက်တွင် အရှေ့တောင်အာရှ၊ တောင်အာရှနှင့် အရှေ့အလယ်ပိုင်း ဒေသများ ပါဝင်သည်။ ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံး အင်ပါယာကြီးဖြစ်သည်။[၁] အလျား မိုင် ၆၀၀၀ ခန့်ရှည်ပြီး ဧရိယာမှာ စတုန်ရန်းမိုင်ပေါင်း ၁၂.၇၄၁ သန်းခန့် ရှိသည်။ ကမ္ဘာ့မြေဧရိယာ၏ ၂၂ % ရှိပြီး လူဦးရေ သန်း ၁၀၀ ခန့် ရှိသည်။ မွန်ဂိုခေါင်းဆောင် ဂျင်ဂစ်ခန်၏ ဦးဆောင်မှုအောက်တွင် မွန်ဂိုလူမျိုးများနှင့် တာခစ်လူမျိုးများသည် ယနေ့ မွန်ဂိုလီးယားဒေသတွင် စုပေါင်းစည်းလုံးလာပြီး ၁၂၀၆ ခုနှစ်တွင် မွန်ဂိုအင်ပါယာအဖြစ် စတင်ပေါ်ထွန်းလာသည်။ ဂျင်ဂစ်ခန်နှင့် နောက်မျိုးဆက်များသည် မွန်ဂိုတပ်သားများကို အရပ်ရပ်သို့ စေလွှတ်တိုက်ခိုက်ကာ နယ်မြေများကို သိမ်းပိုက်ခြင်းကြောင့် မွန်ဂိုအင်ပါယာကြီး အရှိန်အဟုန်နှင့် ကြီးထွားလာသည်။[၂][၃][၄][၅][၆][၇][၈][၉][၁၀] မွန်ဂိုလက်ထက်တွင် ဥရောပနှင့် အာရှတစ်လွှား နည်းပညာအသစ်များ၊ ကုန်စည်များနှင့် သဘောတရားအသစ်များကို ဖြန့်ဖြူးဖလှယ်လာကြသည်။ ၁၂၆၀ ခုနှစ်တွင် ကူဗလိုင်နှင့် အရိဘိုကဲ ညီအစ်ကိုနှစ်ဦး ထီးနန်းဆက်ခံနိုင်ရေးအတွက် အားပြိုင်ကြရာ သွေးကွဲမှုများ ရှိလာသည်။[၁၁] ကူဗလိုင်က အောင်မြင်စွာ နန်းတက်နိုင်ခဲ့ပြီး ယွမ်မင်းဆက် စတင်ခဲ့သည်။ သို့သော်လည်း သွေးကွဲမှုက အဆုံးမသတ်ခဲ့ပေ။ ကူဗလိုင်ခန်ကွယ်လွန်ပြီးနောက် မွန်ဂိုအင်ပါယာကြီးမှ နယ်မြေ ၄ ခုခွဲထွက်သွားသည်။ [၁၂] ၁၃၆၈ ခုနှစ်တွင် ဟန့်တရုတ်လူမျိုး ကျူးယွမ်ကျန်းက ယွမ်မင်းဆက်ကို တွန်းလှန်ကာ မင်မင်းဆက်ကို ထူထောင်လိုက်ချိန်တွင် မွန်ဂိုအင်ပါယာကြီးလည်း ပြိုကွဲသွားရသည်။ ကိုးကား
|
Portal di Ensiklopedia Dunia