ယာဆူဂျီရို အိုဇု
ယာဆူဂျီရို အိုဇု (小津 安二郎 အိုဇု ယာဆူဂျီရို , ၁၂ ဒီဇင်ဘာ ၁၉၀၃ – ၁၂ ဒီဇင်ဘာ ၁၉၆၃) သည် ဂျပန်လူမျိုး ရုပ်ရှင်ဒါရိုက်တာ နှင့် ဇာတ်ညွှန်းရေးဆရာ တစ်ဦးဖြစ်သည်။ သူသည် ရုပ်ရှင်လောကတွင် သူ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် အသံတိတ် ရုပ်ရှင်များခေတ်ကပင် စတင်ခဲ့သည်။ ၁၉၃၀ ဝန်းကျင် ပိုမိုလေးနက်လာသော ပုံစံများဆီ မပြောင်းလဲမီ အိုဇုသည် ဟာသ ဇာတ်လမ်းတိုများ အများအပြားကို စတင်ရိုက်ကူးခဲ့သည်။ အိမ်ထောင်ရေးနှင့် မိသားစုဘဝ၊ အထူးသဖြင့် မျိုးဆက်များအကြား ဆက်ဆံရေးများသည် အိုဇုလက်ရာများတွင် ပေါ်လွင်ထင်ရှားသော တင်ပြချက်များဖြစ်သည်။ သူ၏ အထူးချီးကျူးခံရသော ရုပ်ရှင်များမှာ နှောင်း နွေဦး (၁၉၄၉)၊ တိုကျို ပုံပြင် (၁၉၅၃)၊ လွင့်မျောနေသော မြက်ပင်များ (၁၉၅၉) နှင့် ဆောင်းဦး တစ်နေ့လယ်ခင်း (၁၉၆၂) တို့ဖြစ်သည်။ အိုဇုသည် ကွယ်လွန်သွားပြီးသည်ထိ လူသိများထင်ရှားဆဲဖြစ်ပြီး ကမ္ဘာပေါ်ရှိ အလွှမ်းမိုးနိုင်ဆုံးသော ရုပ်ရှင်ဒါရိုက်တာများအနက်မှ တစ်ယောက်အဖြစ် မှတ်ယူခံရသည်။ ၂၀၁၂ ခုနှစ်တွင် ကောက်ယူသော "အမြင် နှင့် အကြား"စစ်တမ်းတွင် ကမ္ဘာပေါ်ရှိ ဒါရိုက်တာများမှ အိုဇု၏ "တိုကျို ပုံပြင်"ရုပ်ရှင်ကို သမိုင်းတလျောက် အကောင်းဆုံးရုပ်ရှင်အဖြစ် မဲပေးရွေးချယ်ခဲ့ကြသည်။ အတ္ထုပ္ပတ္တိငယ်ဘဝအိုဇုကို တိုကျို၊ ဖူကာဂါဝါ ခရိုင်၌ မွေးသည်။ ညီအစ်ကိုမောင်နှမငါးယောက်အနက် ဒုတိယသားဖြစ်သည်။[n ၁]သူ့အဖေမှာ မြေဩဇာရောင်းချသူတစ်ဦးဖြစ်သည်။ အိုဇုသည် မေဂျီ မူကြိုကျောင်းနှင့် မူလတန်းကျောင်းတွင် ပညာသင်ခဲ့သည်။[၁]၁၉၁၃ ခုနှစ် မတ်လ၊ အိုဇုအသက်ဆယ်နှစ်အရွယ်တွင် သူတို့မောင်နှမအားလုံး သူတို့အဖေ၏ မွေးရပ်ဇာတိဖြစ်သော မြီစီရင်စုနယ်မှ မတ်ဆူဆာကာတို့ သွားရောက်နေထိုင်ရသည်မှာ ၁၉၂၄ ခုနှစ်ထိပင်ဖြစ်သည်။[၁][၂] ၁၉၁၆ ခုနှစ် မတ်လ၊ အိုဇုအသက် ဆယ့်သုံးနှစ်အရွယ်တွင် ယခု ယူဂျီယာမာဒါဟုခေါ်တွင်သော အထက်တန်းကျောင်းဝင်ခွင့် ရရှိခဲ့သည်။[၃]ထိုကျောင်းတွင် အဆောင်နေကျောင်းသားအဖြစ် တက်ရောက်ပြီး ဂျူဒိုပညာကို ထိုကျောင်းတက်နေစဉ်သင်ယူခဲ့သည်။ အိုဇုသည် Quo Vadis? သို့မဟုတ် "ပုံပေမြို့ကြီး၏ နောက်ဆုံးနေ့ရက်များ" ကဲ့သို့ ရုပ်ရှင်များကိုကြည့်ရှုရန် ကျောင်းမကြာခဏပြေးလေ့ရှိသည်။ ၁၉၁၇ခုနှစ်တွင် "လူ့အဖွဲ့အစည်း"ရုပ်ရှင်ကို ကြည့်မိရာမှ ရုပ်ရှင်ဒါရိုက်တာတစ်ယောက် ဖြစ်လာရမည်ဟူ၍ ဆုံးဖြတ်ချက်ချခဲ့သည်။[၄] ၁၉၂၀ခုနှစ် အသက် ဆယ့်ခုနှစ်အရွယ်တွင် သူ့ထက်အတန်းငယ်၍ ရုပ်ချောသော ကျောင်းသားတစ်ယောက်ကို ရည်းစားစာရေး၍ပေးမှုဖြင့် အဆောင်မှနှင်ချခံရပြီး ကျောင်းကို အိမ်မှ ရထားဖြင့်တက်ရသည်။[၄] ၁၉၂၁ မတ်လတွင် အထက်တန်းအောင်သည်။ ယခု ကိုဘေးတက္ကသိုလ်ရှိ စီးပွားရေးဌာနရှိ စာမေးပွဲကို ဝင်ဖြေဖို့ကြိုးစားခဲ့သေးသည်။[၅]သို့သော် ကျရှုံးခဲ့သည်။ ၁၉၂၂ တွင် ဆရာအတတ်သင်ကောလိပ်ဝင်ခွင့် စာမေးပွဲဝင်ဖြေခဲ့သည်။[၆]သို့သော်လည်း ကျပြန်သည်။ ၁၉၂၂ မတ်လ ၃၁ တွင် မြီစီရင်စုရှိ ကျောင်းတစ်ကျောင်းတွင် အစားထိုးဆရာအဖြစ် အလုပ်ရသည်။ အားလပ်ရက်တိုင်းတွင် ရုပ်ရှင်ကြည့်ရန် တောင်တန်းပေါ်ရှိ ကျောင်းမှ မြို့ပေါ်သို့ အလွန်ဝေးလံစွာသွားရလေ့ရှိသည်ဟု ဆိုကြသည်။ ၁၉၂၂ ဒီဇင်ဘာတွင် အိုဇုနှင့် သူ့ညီမမှလွဲ၍ ကျန်မိသားစုဝင်အားလုံးသည် တိုကျိုရှိ သူတို့အဖေနှင့်အတူ ပြန်လည်နေထိုင်ရန် ပြောင်းရွေ့သွားကြသည်။ ၁၉၂၃ မတ်လတွင် အိုဇု၏ ညီမကျောင်းပြီး၍ သူတို့လည်း တိုကျိုသို့ပြောင်းကြရသည်။ ရုပ်ရှင်လောကသို့ဝင်ရောက်ခြင်း၁၉၂၃ ဩဂုတ် ၁ တွင် သူ့အဖေက ဆန့်ကျင်နေသည့်ကြားမှ အိုဇုသည် သူ့ဦးလေး၏ ကြားခံဆက်သွယ်ပေးမှုဖြင့် ရှိုချီကူ ရုပ်ရှင်ကုမ္ပဏီရှိ ရုပ်ရှင်ရိုက်ကူးရေးဌာနတွင် လက်ထောက်အဖြစ် အလုပ်ရသည်။[၄] သူတို့မိသားစု၏အိမ်သည် ၁၉၂၃ ကန်တိုငလျင်ကြီးတွင် ပျက်ဆီးသွားသည်။ သို့သော်လည်း သူတို့မိသားစုဝင်အားလုံး ထိခိုက်ဒဏ်ရာမရခဲ့ပေ။ ၁၉၂၄ ဒီဇင်ဘာ ၁၂ တွင် အိုဇု စစ်မှုတစ်နှစ် စထမ်းရသည်။[၄][n ၂]၁၉၂၅ နိုဝင်ဘာ ၃၀တွင် တပ်ကြပ်ရာထူးဖြင့် စစ်မှုထမ်းတာဝန် ပြီးဆုံးသည်။ ၁၉၂၆ တွင် အိုဇုသည် တတိယလက်ထောက် ဒါရိုက်တာဖြစ်လာသည်။[၇] ၁၉၂၇ တွင် အိုဇုသည် စတူဒီယိုရှိ ကော်ဖီဆိုင်တွင် တန်းမစီဘဲ ကြားဖြတ်သော အခြားဝန်ထမ်းတစ်ဦးနှင့် ရန်ဖြစ်ပြီး လက်သီးနှင့်ထိုးလိုက်၍ စတူဒီယို၏ ဒါရိုက်တာရုံးခန်းသို့ ခေါ်တွေ့ခံရသည်။ ဤသည်ကို သူကအခွင့်အရေးတစ်ရပ်အဖြစ် အသုံးချပြီး သူရေးထားသော ရိုက်ညွှန်းတစ်ခုကို တင်ပြနိုင်ခဲ့သည်။[၇] ၁၉၂၇ စက်တင်ဘာတွင် "ဂျီဒိုင်ဂီကီ"ခေါ် အပိုင်းရုပ်ရှင်ဌာနတွင် ဒါရိုင်တာအဖြစ် ရာထူးတိုးပြီး သူ၏ ပထမဆုံးရုပ်ရှင်ဖြစ်သော သံဝေဂဓားကို ရိုက်ကူးခဲ့သည်။[n ၃] အိုဇု၏ဇာတ်လမ်းသည် ကိုဂို နိုဒါကို ဘဝင်ကျစေနိုင်ခဲ့ပြီး ကိုဂိုသည် နောက်ပိုင်းတလျောက်လုံးတွင် အိုဇု၏ ဇာတ်ညွှန်များကို ပူးတွဲရေးသားခဲ့သည်။ ရုပ်ရှင်ရိုက်ကူးနေစဉ် စက်တင်ဘာ ၂၅တွင် အရန်စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် ဆင့်ခေါ်ခံရ၍ မပြီးသေးသောရုပ်ရှင်ကို အခြားဒါရိုက်တာတစ်ဦးက ဆက်လက်ရိုက်ကူးပေးခဲ့ရသည်။[၇] ၁၉၂၈ တွင် စတူဒီယို၏အကြီးအကဲ ရှီရို ကီဒိုသည် ကုမ္ပဏီအနေဖြင့် နာမည်ကြီးသရုပ်ဆောင်များမပါဝင်သော ဟာသဇာတ်လမ်းရုပ်ရှင်တိုများကို ရိုက်ကူးရာတွင်သာ ပိုမိုအာရုံစိုက်ရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါရုပ်ရှင်တိုများကို အိုဇုရိုက်ကူးခဲ့သည်။ "ကာယ အလှ"ရုပ်ရှင်ကို ၁၉၂၈ ဒီဇင်ဘာ ၁ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး အဆိုပါရုပ်ရှင်မှာ အိုဇု၏ ပင်ကိုမူလ အမှတ်အသားဖြစ်သော ကင်မရာအနိမ့်အနေအထားဖြင့် ရိုက်ကူးခြင်းကို ပထမဆုံးစတင်သုံးစွဲခဲ့သော ရုပ်ရှင်ဖြစ်သည်။[၇] နာမည်ကြီးများမပါသော ရုပ်ရှင်အတွဲများအပြီး ၁၉၂၉ စက်တင်ဘာတွင် နာမည်ကြီးသရုပ်ဆောင်များနှင့် ပထမဆုံး ရိုက်ကူးသောရုပ်ရှင်ကားအဖြစ် "ကျုပ်ဘွဲ့ရပညာတတ်...ဒါပေမယ့်"ရုပ်ရှင်ကို အိုဇုသည် သရုပ်ဆောင် မီနိုရူ တာကာဒါ၊ ကီနျူရို တာနာကာ တို့နှင့် ရိုက်ကူးခဲ့သည်။ ၁၉၃၀ ဇန်နဝါရီလတွင် စတူဒီယိုမှ နာမည်အကြီးဆုံးသရုပ်ဆောင် ဆုမိကို ကူရီရှီမာ၏ နှစ်သစ်ရုပ်ရှင်ဖြစ်သော "အိမ်ထောင်သည်ဘဝ မိတ်ဆက်"ရုပ်ရှင်ကို အိုဇုအားယုံကြည်စွာ ရိုက်ကူးစေခဲ့သည်။ ၁၉၃၀ ဝန်းကျင်တွင် အိုဇုရိုက်ကူးခဲသမျှ ရုပ်ရှင်များကို ကျေနပ်အားရ၍ ရှီရို ကီဒိုက အိုဇုအား ရေပူစမ်းတစ်ခုသို့ အတူတကွသွားလည်ရန်ပင် ဖိတ်ကြားခဲ့သည်။ အစောပိုင်းသူ၏လက်ရာများတွင် သူ၏ဇာတ်ညွှန်းရေးသောနာမည်အဖြစ် "ဂျိမ်း(စ) မာကီ" ဟူသော အမည်ကို သုံးစွဲခဲ့သေးသည်။[၈] သူ၏ "လုံမပျို"ရုပ်ရှင်တွင် ကလောင်အမည်အဖြစ် ဂျိမ်း(စ) မာကီ ကို စတင်သုံးစွဲခဲ့ခြင်းဖြစ်သည်။[၉] ထို့အပြင် ထိုရုပ်ရှင်သည် ရုပ်ရှင်မဂ္ဂဇင်း "ကီနဲမား ဂျမ်ပို"၏ ထိပ်တန်းဆယ်ကားစာရင်းတွင် ပထမဆုံးပါဝင်ခဲ့သော ရုပ်ရှင်ဖြစ်ပြီး ထိုစာရင်းတွင် တတိယချိတ်ခဲ့သည်။[၁၀] ၁၉၃၂ တွင် သူ၏ မြီးကောင်ပေါက်အရွယ်အပေါ် အလွန်အကြူးဟာသဖောက်ထားသော "ငါကိုမွေးဖွား...သို့သော်ငြား"ရုပ်ရှင်သည် ဂျပန်ရုပ်ရှင်တွင် ပထမဆုံးသော လူမှုဝေဖန်ရေးအမြင်ပါရှိသော လက်ရာအဖြစ် ရုပ်ရှင်ဝေဖန်ရေးဆရာများက အသိအမှတ်ပြုခဲ့ကြပြီး အိုဇုသည်လည်း ဆုများစွာရရှိခဲ့လေတော့သည်။[၁၁] ၁၉၃၅ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန၏ တောင်းဆိုမှုဖြင့် အိုဇုသည် "ကာဂါမီ ရှီရှီ"အမည်ရှိ အသံပါ မှတ်တမ်းရုပ်ရှင်တိုတစ်ခုကို ရိုက်ကူးပေးခဲ့သည်။ ဂျပန်ရုပ်ရှင်လောကမှ အခြားသူများနည်းတူ အိုဇုသည်လည်း အသံတိတ်မှ အသံထွက်ရုပ်ရှင်သို့ ကူးပြောင်းရာတွင် နှောင့်နှေးနေခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် သူ၏ ပထမဆုံး အသံထွက်ရုပ်ရှင်ကားအဖြစ် "တစ်ဦးတည်းသောသား"ရုပ်ရှင်ကို ရိုက်ကူးခဲ့သည်။ စစ်အတွင်း၁၉၃၇ ခု စက်တင်ဘာလ ၉ ရက်တွင် ကုမ္ပဏီသည် အိုဇု၏ ဇာတ်ကားများအား ဝေဖန်ရေးအရ ချီးကျူးဂုဏ်ပြုခံရသော်လည်း ဝင်ငွေမကောင်းမှုကြောင့် ငြိုငြင်လာသည်။ အသက် သုံးဆယ့်လေးနှစ်အရွယ် အိုဇုသည်လည်း ဂျပန်တော်ဝင်ဘုရင့်တပ်မတော်မှ အမှုထမ်းရန်ဆင့်ခေါ်ခံရသည်။ ဆီနို-ဂျပန် ဒုတိယစစ်ပွဲတွင် တရုတ်စစ်မြေပြင်၌ နှစ်နှစ်ခန့် နေလိုက်ရသည်။ ၁၉၃၇ ခု စက်တင်ဘာ ၂၇ ရက်တွင် ရှန်ဟိုင်းသို့ ရောက်လာသော ဓာတုလက်နက်များကိုင်ဆောင်ထားသည့် ဂျပန်ခြေလျင်တပ်တွင် အိုဇုပါဝင်သည်။[၁၂] တပ်ကြပ်ရာထူးနှင့် စစ်မှုစထမ်းပြီး ၁၉၃၈ ဇွန်လ ၁ရက်တွင် တပ်ကြပ်ကြီးအဖြစ် ရာထူးတိုးခဲသည်။[၁၂] ၁၉၃၈ ဇန်နဝါရီမှ စက်တင်ဘာထိ နန်ကျင်းတွင် တပ်စွဲခဲ့ပြီး အနီးအနားတွင် တပ်စွဲနေသော ဆာဒါအို ယာမာနာကာနှင့် တွေ့ဆုံခဲ့သည်။ စက်တင်ဘာတွင် ယာမာနာကာသည် အဖျားရောဂါဖြင့် ကွယ်လွန်ခဲ့သည်။[၁၂] ၁၉၃၉ တွင် အိုဇုတို့တပ်အား ဟန်ကျိုးသို့ ပြောင်းရွေ့တပ်စွဲစေသည်။ ဟန်ကျိုးမှပင် နန်ချန်းတိုက်ပွဲ ကျူရှူးမြစ်တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ ဇွန်လတွင် သူ့အား ဂျပန်သို့ပြန်ရန် အမိန့်ကျ၍ ကိုဘေးသို့ ဇူလိုင်လတွင် ပြန်ရောက်သည်။ ၁၉၃၉ ခုနှစ် ဇူလိုင်လ ၁၆ ရက်တွင် သူ၏ စစ်မှုထမ်းတာဝန်ပြီးဆုံးသည်။[၁၂] ၁၉၃၉ တွင် "လက်ဖက်စိမ်းနံ့သင်းသင်း ထမင်း"ရုပ်ရှင်ဖြစ်လာမည့် ဇာတ်ညွှန်းမူကြမ်းတစ်ခုကို ရေးသားခဲ့သော်လည်း စစ်တပ်ဆင်ဆာအဖွဲ့မှ ဇာတ်ညွှန်းအားပြင်ရန် ညွှန်ကြားခံရ၍ ချောင်ထိုးပစ်လိုက်သည်။[၁၂] စစ်မြေပြင်မှပြန်လာအပြီး အိုဇုပထမဆုံး ပြန်လည်ရိုက်ကူးခဲ့သော ရုပ်ရှင်ဖြစ်သည့် ၁၉၄၁ ခုနှစ်ထုတ် "တိုဒါမိသားစု၏ ညီအကိုမောင်နှမများ"ရုပ်ရှင်သည် ဝေဖန်ရေးအရရော ဝင်ငွေအရပါ အောင်မြင်မှုရရှိခဲ့သည်။ ၁၉၄၂ခုနှစ်ထုတ် "တစ်ခါက အဖေတစ်ယောက်ရှိဖူးတယ်" ရုပ်ရှင်သည်လည်း အလားတူအောင်မြင်ခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် အိုဇုအား ဗမာပြည်တွင် ဝါဒဖြန့်ရုပ်ရှင်များရိုက်ကူးရန်အတွက် စစ်မှုပြန်ထမ်းခိုင်းပြန်သည်။ သို့သော်လည်း ထို့အစား စင်ကာပူသို့ စေလွတ်ခံရပြီး "ဒေလီသို့၊ ဒေလီသို့ချီ"ဇာတ်ကားကို ချန်ဒရာ ဘို့(စ)နှင့်အတူ ရိုက်ကူးခဲ့သည်။[၁၃] စင်ကာပူတွင်ရှိနေစဉ် တစ်နှစ်လုံးကို စာဖတ်ခြင်း၊ တင်းနစ်ကစားခြင်းနှင့် စစ်တပ်သတင်းအချက်အလက် တပ်မမှ ပြသည့် အမေရိကန်ရုပ်ရှင်များကြည့်ခြင်းဖြင့် ကုန်ဆုံးစေသည်။ သူအကြိုက်ဆုံးဇာတ်ကားမှာ "Citizen Kane" ဖြစ်သည်။[၁၄] အိုဇုသည် ပင်လယ်ဘက်သို့မျက်နှာမူထားသော ငါးလွှာအခန်းတစ်ခုကို ယူထားသည်။ ထိုအခန်းတွင် သူသည် ဧည့်သည်များကိုဖျော်ဖြေသည်။ ပုံဆွဲသည်။ ကောဇောများစုသည်။ ၁၉၄၅ ခုနှစ် ဩဂုတ်လ ဒုတိယကမ္ဘာစစ်အပြီးတွင် အိုဇုသည် သူ့ဇာတ်ညွှန်းနှင့် ရိုက်ထားသော မှတ်တမ်းရုပ်ရှင်ကို ဖျက်ဆီးပစ်လိုက်သည်။[၁၃] အိုဇုအား အရပ်သားသုံ့ပန်းအဖြစ် ရာဘာစိုက်ပျိုးရေးခြံတစ်ခုတွင် ထိန်းသိမ်းထားသည်။ စစ်သုံ့ပန်းများကို နိုင်ငံရင်းသို့ပြန်ပို့ချိန်တွင် ၃၂ ယောက်ရှိသော သူတို့ ရုပ်ရှင်အဖွဲ့အတွက် ပထမဆုံးလှေပေါ်တွင် ၂၈ယောက်စာသာ နေရာရရာ အိုဇုသည်ပြန်ခွင့်အတွက် မဲပေါက်သော်လည်း အလွန်အိမ်ပြန်ချင်နေသူတစ်ဦးကို ဦးစားပေးလိုက်လေသည်။[၁၃][၁၄] စစ်အပြီး၁၉၄၆ ဖေဖော်ဝါရီလတွင် အိုဇု ဂျပန်သို့ပြန်ရောက်သည်။ ချီဘာစီရင်စုတွင် သူ့နှမငယ်နှင့်အတူနေနေသော သူ့အမေနှင့်အတူသွားနေသည်။ ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်တွင် အိုဖူနာ စတူဒီယိုတွင် အလုပ်လျောက်သည်။ စစ်အပြီး ပထမဆုံးရုက်ရှင်အဖြစ် ၁၉၄၇ တွင် The Record of a Tenement Gentleman ကို ရိုက်ကူးခဲ့သည်။ ထိုကာလမှာပင် ချီဂါဆာကီကန်[၁၅]ဂျပန်အင်းသည် ဇာတ်ညွှန်းရေးရန် အိုဇုစိတ်ကြိုက်နေရာဖြစ်လာသည်။ "တိုကျို ပုံပြင်" သည် ချီဂါဆာကီကန်တွင် နောက်ဆုံးရေးသားခဲ့သော ဇာတ်ညွှန်းဖြစ်သည်။ ထိုနောက်တွင် အိုဇုနှင့် နိုဒါတို့သည် နာဂါနိုစီရင်စု၊ တာတီရှီနာအရပ် တောင်များပေါ်မှ အန်ကိုဆိုဟု ခေါ်သော အိမ်ငယ်လေးတစ်လုံးကို ဇာတ်ညွှန်းရေးရန် အသုံးပြုခဲ့ကြသည်။[၁၆][၁၇] ၁၉၄၀နှောင်းပိုင်းများမှ အိုဇုရုပ်ရှင်များကို သူ၏ အပြောင်မြောက်ဆုံးသောလက်ရာများအဖြစ် သတ်မှတ်ကြသည်။ ၎င်းတို့မှာ နိုရီကိုသုံးကားတွဲဟုခေါ်ကြသော ဆက်ဆူကိုဟာရာပါဝင်သရုပ်ဆောင်သည့် "နှောင်းနွေဦး"(၁၉၄၉)၊ "နွေအစောပိုင်း"(၁၉၅၁)နှင့် "တိုကျို ပုံပြင်"(၁၉၅၃)တို့ဖြစ်သည်။[၁၈] ထိုရုပ်ရှင်များနောက်တွင် သူ၏ပထမဆုံးရောင်စုံရုပ်ရှင်ဖြစ်သော Equinox Flower (၁၉၅၈)၊ လွင့်မျောနေသော မြက်ပင်များ (၁၉၅၉)နှင့် နှောင်းဆောင်းဦး'" (၁၉၆၀)တို့ ထွက်လာသည်။ ![]() ၁၉၆၀ မတိုင်ခင်ထိ သူ့လက်ရာများကို ဂျပန်မှလွဲ၍ နိုင်ငံရပ်ခြားများတွင် ကြည့်ရှုခွင့်မရခဲ့ပေ။ အိုဇု၏နောက်ဆုံးရုပ်ရှင်မှာ ၁၉၆၂တွင် ပြသသော "ဆောင်းဦး တစ်နေ့လယ်ခင်း"ရုပ်ရှင်ဖြစ်သည်။ ၁၉၅၅ မှ ကွယ်လွန်သည့် ၁၉၆၃ထိ ဂျပန်ဒါရိုက်တာများသမဂ္ဂတွင် ဥက္ကဋ္ဌအဖြစ်ထမ်းဆောင်ခဲ့သည်။[၁၉] အိုဇုသည် အရက်သောက်ခြင်းကြောင့် နာမည်ကြီးသေးသည်။ သူနှင့် နိုဒါတို့သည် သူတို့ဇာတ်ညွှန်းမည်မျှပြီးစီးနေပြီဆိုသည်ကို သူတို့သောက်ခဲ့သော ဆာကေးပုလင်းခွံမည်မျှရှိနေပြီဟူသည်နှင့် တိုင်းတာလေ့ရှိသည်။ အိုဇုသည် တစ်သက်လုံး လူပျိုကြီးအဖြစ်အရိုးထုတ်ပြီး သူမကွယ်လွန်မှီနှစ်နှစ်၊ သူ့အမေကွယ်လွန်သည်အထိ အမေနှင့် အတူနေထိုင်ခဲ့သည်။ အိုဇုသည် ၁၉၆၃ခု အသက် ၆၀ ပြည့်မွေးနေ့တွင် ကင်ဆာရောဂါဖြင့်ကွယ်လွန်သည်။ သူ့အမေနှင့်အတူ ပူးတွဲမြုပ်နှံထားသော အန်ဂါကူ-ဂျီ ရှိ အုတ်ဂူတွင် မည်သည့်အမည်မျှ မရေးထိုးထားဘဲ "မူ (နတ္ထိ)"ဟူသည့် စာလုံးတစ်လုံးတည်းသာ ရေးထိုးထားသည်။[၂၀] အမွေအနှစ် ပုံစံ![]() အိုဇုအား သူ့ရုပ်ရှင်များတွင် နည်းစနစ်ပိုင်းပုံစံနှင့် နောက်ခံဇာတ်ကြောင်းပြောပုံစံ ဆန်းသစ်ပြောင်းလဲမှုတို့ကြောင့် လူသိများသည်။ စစ်ပြီးခါစ ရုပ်ရှင်များတွင် အပြည့်အဝမပြောင်းလဲသေးသော်လည်း နောက်ပိုင်းရုပ်ရှင်များတွင် သူ၏နည်းစနစ်ပုံစံ သိသိသာသာပြောင်းလည်းလာသည်။[၂၁] အိုဇုသည် ဟောလိဝုဒ်ရုပ်ရှင်များနှင့် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲခြင်းမပြုပေ။[၂၂] သူ၏ ဇာတ်ဝင်စကားပြောခန်းများတွင် သမရိုးကျ အစဉ်အလာ ပခုံးထမ်းရိုက်ချက်များသုံးခြင်းထက် ကင်မရာသည် ဇာတ်ဆောင်များကို တည်ရိုက်ခြင်းကိုသာ သုံးစွဲသည်။ ထိုရိုက်ချက်သည် ရုပ်ရှင်ကြည့်သူအား ဇာတ်ဝင်ခန်း၏ အလယ်မှ ကြည့်နေသကဲ့သို့ မြင်ရစေသည်။[၂၂] အိုဇုသည် သမရိုးကျ မှိန်သွားခြင်းကဲ့သို့ ဇာတ်ဝင်ခန်းအကူးအပြောင်းမျိုးကိုလည်း မသုံးဘဲ ဒါရိုက်ဖြတ်၍ ဇာတ်ဝင်ခန်းပြောင်းခြင်းသော်လည်းကောင်း၊ အရာဝတ္ထုများကို ရုပ်ငြိမ်ရိုက်၍သော်လည်းကောင်း ဇာတ်ဝင်ခန်းကူးပြောင်းသည်။ အများအားဖြင့် နောက်ဇာတ်ဝင်ခန်းဖြစ်တည်မည့် နေရာရှိသည့် အတောက်အဦးကို လက်ရှိ ဇာတ်ဝင်ခန်းအဆုံးတွင် ရုပ်ငြိမ်ရိုက်၍ ဇာတ်ဝင်ခန်းကူးပြောင်းခြင်းမျိုးဖြစ်သည်။ ပထမဇာတ်ဝင်ခန်းဆုံးခါနီးတွင် ရုပ်ငြိမ်ကဒ်နှင့်အတူ နောက်ခံတေးစကာ ဇာတ်ဝင်ခန်းပြောင်း၍ နောက်ဇာတ်ဝင်ခန်းစလျှင် နောက်ခံတေးကို တိုးကာတိတ်စေသည်။[၂၃] ရုပ်ရှင်ရိုက်သက်ကြာလာသည်နှင့်အမျှ အိုဇုသည် ကင်မရာကို သိပ်မရွှေ့တော့ဘဲ အငြိမ်ရိုက်ရသည်ကို သဘောကျလာပုံရသည်။[၂၄] အိုဇုသည် "တာတာမီ ရိုက်ချက်"ဟူသော နည်းကို တီထွင်ခဲ့သည်။ ထိုရိုက်ချက်တွင် ကင်မရာသည် "တာတာမီ"ဖျာချပ်ပေါ်တွင် ဒူးထောက်ထိုင်နေသည့် လူတစ်ယောက်၏ မျက်လုံးအမြင်မျိုး အနိမ့်ရိုက်ချက်သာရှိရသည်။[၂၅] တကယ်တန်းတွင် အိုဇု၏ ကင်မရာသည် ထို့ထက်ပိုနိမ့်လေ့ရှိပြီး မြေပြင်မှ တစ်ပေသို့မဟုတ် နှစ်ပေခန့်သာမြင့်သည်။ ထို့အတွက် အထူးပြုလုပ်ထားသော ကင်မရာထောက်များကို သုံးရသည်။ ထိုင်နေသည့်ဇာတ်ဝင်ခန်းများမပါသည့်တိုင် ဤသို့အနိမ့်ရိုက်ချက်မျိုးကို မကြာခဏသုံးလေ့ရှိသည်။ ဂျပန် ဇာတ်ကြောင်းပြောပုံစံတွင် အဓိပ္ပာယ်မပျက်စေဘဲ ဝါကျအတွင်းစကားလုံး မြုပ်ထားခြင်း၊ ဇာတ်လမ်းအတွင်း အဓိကဖြစ်ရပ်များကို စကားဖြင့်ကြိုမဖော်ပြခြင်းတို့သည် အိုဇုက စတီထွင်ခဲ့ခြင်းဖြစ်သည်။[၂၆] အိုဇု၏ရုပ်ရှင်များအား ပြည်ပတွင် ပြသလာကြသောအခါမှ အိုဇုအားနိုင်ငံတကာတွင် စတင် လူသိများလာသည်။[၂၇] ဂုဏ်ပြုပွဲနှင့် မှတ်တမ်းရုပ်ရှင်များဝန်း ဝမ်းဒါးတို့၏ မှတ်တမ်းရုပ်ရှင် "တိုကျို-ဂါ"တွင် ဒါရိုက်တာသည် ဂျပန်သို့သွား၍ အိုဇု၏ကမ္ဘာကို ဖွေရှာလေ့လာလေသည်။ ချီရှူ ရူနှင့် ယူဟာရူ အတ်စုတာ တို့နှင့် တွေ့ဆုံမေးမြန်းမှုများပါဝင်သည်။ ၂၀၀၃ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းမှ ရုပ်ရှင်ပွဲတော်ကြီးများတွင် အိုဇုမွေးနေ့နှစ်တစ်ရာပြည့်ကို ကျင်းပဂုဏ်ပြုကြသည်။ ရှိုချီကူကုမ္ပဏီသည် ၁၉၅၃ထုတ် အိုဇု၏ "တိုကျို ပုံပြင်"ရုပ်ရှင်ကို တိုက်ရိုက်မှီငြမ်းပြု၍ ထိုင်ဝမ်ဒါရိုက်တာ ဟျူဆီအာယို စိန် ရိုက်ကူးသော "ကဖေး လူမီးရီ"(珈琲時光)ရုပ်ရှင်ကို အိုဇုအား ဂါရဝပြုသောအားဖြင့် အိုဇုမွေးနေ့တွင် ပြသရန် ထုတ်လုပ်သည်။ ၂၀၀၂ခုနှစ်တွင် ဗြိတိသျှ ရုပ်ရှင်မှ ကောက်ယူသော အမြင်နှင့် အကြား စစ်တမ်းမှ သမိုင်းတလျောက် ထိပ်တန်း ရုပ်ရှင်ဒါရိုက်တာဆယ်ယောက် စာရင်းတွင် အဆင့်တစ်ဆယ်အဖြစ် မဲပေးရွေးချယ်ခဲ့ကြသည်။[၂၈] ၂၀၁၃ခုနှစ်တွင် "အိုတိုကို ဝါ ဆူရိုင် ယို"ရုပ်ရှင်အတွဲများ ဖန်တီးရှင် ဒါရိုက်တာ ယိုဂျီ ယာမာဒါက အိုဇု၏ "တိုကျို ပုံပြင်"ရုပ်ရှင်ကို ခေတ်ကာလနှင့် ဆီလျော်အောင် ပြုပြင်၍ "တိုကျို မိသားစု"ဟူ၍ ပြန်လည်ရိုက်ကူးခဲ့သည်။[၂၉] အိုဇုရုပ်ရှင်များစာရင်း
မှတ်စုများ
ကိုးကား
ရင်းမြစ်
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia