ရန်ကုန်အလွန် (ရုပ်ရှင်)
ရန်ကုန်အလွန် သို့မဟုတ် Beyond Rangoon သည် ၁၉၉၅ ခုနှစ်တွင်ရိုက်ထားသော ဒါရိုက်တာ John Boorman မှ Laura Bowman (Patricia Arquette မှသရုပ်ဆောင်၏) အကြောင်းကို ရိုက်ကူးထားသော ဇာတ်ကားဖြစ်သည်။ ၁၉၈၈ ခုနှစ် မြန်မာပြည် ၈၈၈၈ သပိတ်မှောက်နေသည့် အချိန်တွင် အမေရိကန်သူတစ်ယောက် မြန်မာပြည်သို့ လည်ပါတ်သွားချိန်နှင့် တိုက်ဆိုင်၍ ဖြစ်ပျက်ခဲ့သော အရာများကို သရုပ်ဖော်ထားခြင်းဖြစ်သည်။ ရုပ်ရှင်ကားကို မလေးရှားနိုင်ငံရှိ ပီနန်မြို့ နှင့် တခြားသော နေရာများတွင် ရိုက်ကူးခဲ့ပြီး၊ တကယ့်အဖြစ်အပျက်ကို ပြန်လည်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။ ထိုဇာတ်ကားတွင် Bowman သည် မထင်မှတ်ပဲ၊ ဒီမိုကရေစီရရှိရန် နိုင်ငံရေး လှုပ်ရှားနေကြသည့် တက္ကသိုလ်ကျောင်းသားများနှင့် ပူးပေါင်းမိသွားကာ၊ ကျောင်းသားခေါင်းဆောင် ဦးအောင်ကိုနှင့်အတူ မြန်မာပြည်တွင် လည်ပါတ်ခဲ့သည်။ မြန်မာပြည်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားများကို မဆလ စစ်အစိုးရမှ ဆိုးရွားစွာ ကိုင်တွယ်ဖြေရှင်းမှုများကြောင့်၊ ကျောင်းသားများသည် ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည့် ပုံရိပ်ကိုလည်း သရုပ်ဖော်ထားသည်။ Laura Bowman ၏ သား နှင့် ခင်ပွန်းသည် ၎င်းတို့၏အိမ် ခိုးဖောက်ခံရာတွင် အသက်ခံခဲ့ရသည်။ သူ၏ အမဖြစ်သူမှ ဖြစ်ပျက်ခဲ့သော အရာများကို မေ့ပျောက်နိုင်ရန် မြန်မာပြည်သို့ အလည်အပါတ်သွားရန် အကြံပြုခဲ့ခြင်းဖြစ်သည်။ မြန်မာပြည်သို့ရောက်သောအခါ ဗိုလ်ချုပ်နေဝင်း မှ ဒီမိုကရေစီလမ်းကို ထောက်ခံကြသော သူများအား ကြမ်းတမ်းစွာ ကိုင်တွယ်ခဲ့ပုံနှင့်၊ မြန်မာပြည်၏ အနာဂတ် ငြိမ်းချမ်းရေးကို ဦးဆောင်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ပထမဦးဆုံး မြင်ဘူးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြသည် ပစ်မိန့်ပေးနေသည့် ကြားမှ သတ္တိရှိစွာ၊ လက်နက်များ ချိန်ထားသော စစ်သားများကြားထဲသို့ ရဲဝံ့စွာ ဖြတ်သွားခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်သို့ ဗိုလ်မှူးမှ ပစ်ရန် အမိန့်ပေးနေသော်လည်း မည်သည့် စစ်သားမျှ မပစ်ဝံ့ပေ။ ဒေါ်အောင်ဆန်းစုကြည် အဖြစ် ဂျပန်မင်းသမီး Adelle Lutz မှ သရုပ်ဆောင်သည်။ Laura Bowman ၏ နိုင်ငံကူးလက်မှတ် ပျောက်သောအခါ မြန်မာပြည်မှ ထွက်မရဖြစ်ခဲ့သည်။ နိုင်ငံကူးလက်မှတ်အသစ် မရမီ အချိန်တွင် ရန်ကုန် အနီးတဝိုက် လည်ပါတ်ရန်ဆုံးဖြတ်ခဲ့ပြီးနောက်၊ ပါမောက္ခဟောင်း ဦးအောင်ကို ၊ ဒီမိုကရေစီရေး ကြိုးပန်းနေကြသော ကျောင်းသားများ၊ ဘုန်းကြီးများ နှင့်တွေ့ဆုံခဲ့ရသည်။ ထို့ကြောင့် စစ်အစိုးရမှ သူ့ကို ရန်သူ သူပုန် စာရင်းတွင် ထည့်ခြင်းခံခဲ့ရသည်။ ရုပ်ရှင်ကားတောက်လျှောက်တွင် စစ်သားများကြားမှ လွတ်မြောက်ရန် မြန်မာနိုင်ငံမှ လျှို့ဝှက်ထွက်ပြေးကြရပုံကို သရုပ်ဖော်ထားပြီး၊ နောက်ဆုံးတွင် ဒေါက်တာဖြစ်သူ Laura သည် ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်ရန် ဆုံးဖြတ်လိုက်ပြီး၊ မြန်မာပြည်မှ ထွက်ပြေးလွတ်မြောက်လာကြသည့် ဒုက္ခသည်များကို ဆေးကုသကာ ဇာတ်လမ်းကို အဆုံးသက်ထားသည်။ နောက်ဆုံး စာတမ်း မထိုးမီတွင် ဒေါ်အောင်ဆန်းစုကြည် ပုံကို ဖော်ပြပြီး၊ သူမ၏ ဘဝ ဇာတ်ကြောင်းကို ပြောပြကာ စာတမ်းထိုး အဆုံးသတ်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia