ရွှေခြည်ထိုးလုပ်ငန်းအသုံးအဆောင်၊ အဝတ်အထည်တို့ကို ရွှေခြည်ငွေခြည်၊ ရွှေကြယ် ငွေကြယ်တို့ဖြင့် ပုံဖော်၍ထိုးသည့် လုပ်ငန်းကို ရွှေခြည်ထိုးလုပ်ငန်းဟု ခေါ်သည်။
မန္တလေးမြို့ရှိ ရွှေခြည်ထိုးရပ်ကွက်သည် ရှေးမြန်မာဘုရင်များလက်ထက်အခါက ရွှေခြည်ထိုးပညာသည် အမှုထမ်းများ နေထိုင်ရာ အရပ်ဖြစ်သည်။ မြန်မာမင်းများလက်ထက်က ဘုရင့်ရွှေခြည်ထိုး ပညာသည်များသည် ရွှေတိုက်ဝန်၏ ဝန်စုအမှုထမ်းများ ဖြစ်ကြသည်။ မင်းတုန်းမင်းနှင့် သီပေါမင်းလက်ထက်တော်၌ ရွှေခြည်ထိုးအမှုထမ်း လူ ၂ဝ ခန့်ရှိ၍ တစ်ဦးလျှင် ရိက္ခာတော် စပါးတင်း ၃၃ဝ အသနားတော်မြတ်ခံရကြောင်းဖြင့် ဆိုကြသည်။ အခြားရာထူးခံ ပုဂ္ဂိုလ်များ၌လည်း ရွှေခြည်ထိုးပညာသည် သီးသန့်ထား၍ မိမိတို့၏ အဝတ်အထည်ကို ရွှေခြည်ဖြင့် ထိုးလုပ်စေသည်။ မြန်မာဘုရင်လက်ထက် ရွှေခြည်ထိုးပညာသည်များသည် ဘုရင့်မင်းမြောက်တန်ဆာ၊ မိဖုရားကြီး၏ မဟလ္လတာတန်ဆာ၊ အဆောင်ရ မိဖုရားများ၏ ဃနမဋ္ဌကနှင့် မလ္လိကာတန်ဆာ၊ ဝန်ကြီးမှူးကြီးများ၏ သိုရင်းဝတ်လုံနှင့် ဗောင်းခေါင်းဆောင်းများအပြင် ကန့်လန့်ကာ လိုက်ကာ စသော အသုံးအဆောင်များကိုပါ ပြုလုပ်ရသည်။ ရာထူးရာခံမရှိသူများအတွက်မူ ရွှေခြည်ငွေခြည်၊ ရွှေကြယ်ငွေကြယ်တို့အစား လချေးကြယ်စေ့များကို ရိုးရိုးခြည်ဖြင့် ထိုး၍ ပြုလုပ်ပေးရသည်။ ယခုခေတ်၌မူ ဇာတ်အငြိမ့်ပွဲများ၌ မင်းသား မင်းသမီးများ ပုဆိုး၊ ထဘီ၊ မကိုဋ်၊ ခြေနင်း စသည်တို့နှင့် ရှင်ပြုနားသပွဲများတွင် ရှင်လောင်းနှင့် နားထွင်းမည့် အမျိုးသမီးတို့ ဝတ်ဆင်ရန် ပုဆိုး၊ ထဘီ၊ ခေါင်းဆောင်းစည်းပုံ စသည်တို့လောက်ကိုသာ ရွှေခြည်ထိုး ချုပ်လုပ်ကိုင်ကြရသဖြင့် ယင်းလုပ်ငန်း လုပ်ကိုင်သူ အလွန်နည်းပါးလေသည်။ [၁] ကိုးကား
|
Portal di Ensiklopedia Dunia