ရွှေပိန်သောင်း
ရွှေပိန်သောင်း [၁၉ဝ၈ - ၁၉၆၁]ဓားပိန်မြို့ မအူစုပိုင်းနေ ကုန်သည် ဦးခင်၊ ဒေါ်နုယုံ တို့က ၁၉ဝ၈ ခုနှစ် [မြန်မာ သက္ကရာဇ် ၁၂ရဝ ပြည့်နှစ်] တွင် မွေးဖွားသည်။ အမည်ရင်း ဦးသောင်းညွှန့် ဖြစ်သည်။ ရန်ကုန် အရှေ့ပိုင်း ရေကျော် မက်သဒစ် ကျောင်းနှင့် မြို့မ အမျိုးသား အထက်တန်း ကျောင်းတို့တွင် ပညာ သင်ကြား ခဲ့သည်။ မြို့မကျောင်းမှ အင်္ဂလိပ် - မြန်မာ ၁ဝ တန်း စာမေးပွဲ အောင်မြင် ခဲ့သည်။ ကျောင်းသား ဘဝတွင်ပင် ကျောင်းသား ရေးရာများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခြင်း၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု စတင် ရေးသားခြင်း၊ မြန်မာ့ အလင်း သတင်းစာ အတွက် ရုပ်ရှင် သတင်းထောက် အဖြစ် လုပ်ကိုင်ခြင်းတို့ ပြုလုပ် ခဲ့သည်။ ဓားပိန်မြို့ ဇာတိ ဖြစ်၍ "ရွှေပိန်သောင်း" ကလောင် အမည် ယူခဲ့သည်။ မြို့မ ကျောင်းမှ ထွက်ပြီးနောက် မြန်မာ့ အလင်း သတင်းစာတွင် လက်ထောက် အယ်ဒီတာ (၁၉၃၅-၄၈)၊ အယ်ဒီတာ (၁၉၄၈-၅၂)၊ တွဲဖက် အယ်ဒီတာ (၁၉၅၂-၆၁) [ကွယ်လွန်ချိန် အထိ] ဆောင်ရွက် ခဲ့သည်။ ဤသို့ဖြင့် မြန်မာ့အလင်း သတင်းစာတွင် ၂၆ နှစ်မျှ ဆက်တိုက် အမှု ထမ်းခဲ့သည်။
မြို့မ ကျောင်းသား ဘဝ ကပင် ဒဂုန်၊ ကဝိ မျက်မှန် စသော ရှေးခေတ် စာနယ်ဇင်း များတွင် ဝတ္ထု ဆောင်းပါး များစွာ ရေးသား ခဲ့သည်။ ရုပ်ရှင် ဇာတ်ညွှန်း များနှင့် သတင်းစာ အခန်းဆက် ဆောင်းပါး များကိုလည်း ရေးသား ခဲ့သည်။ ထင်ရှားသည့် စာအုပ် အချို့မှာ ချစ်သမျှကို၊ သုဝဏ္ဏ စန္ဒီ၊ လူထူးလူဆန်းနှင့် မြေစာပင် တို့ ဖြစ်ကြသည်။ 'လူထူးလူဆန်း' ကို ပဲရော့ ရုပ်ရှင် ကုမ္ပဏီက ရုပ်ရှင် ရိုက်ကူး ခဲ့သည်။ ဂျပန် ခေတ်တွင် ဂျပန် အစိုးရ ဝါဒ ဖြန့်ဖြူးရေး ဌာနက ထုတ်ဝေသည့် ဂရိတ်တား အေရှ သတင်းစာ တိုက်၏ ၁၉၄၃ ခု ပထမ အကြိမ် ဂရိတ်တားအာရှဆု စာပေဆု ပြိုင်ပွဲတွင် "ဗိုလ်အေရှ" ဝတ္ထုဖြင့် ဝတ္ထု ပထမဆု ရရှိခဲ့သည်။ တဖန် ၁၉၅ဝ ပြည့်နှစ် စာရေးဆရာ အသင်းက ကြီးမှူး ကျင်းပသော စာဆိုတော်နေ့ ဆောင်းပါး ပြိုင်ပွဲတွင် ပထမ ရွှေတံဆိပ် ဆုကို ရရှိခဲ့သည်။ ဘဝနိဂုံး၁၉၆၁ ခု ဩဂုတ်လ ၉ ရက် နံနက် ၁၁ နာရီ အချိန်တွင် ရန်ကုန်မြို့၊ ကန်တော်ကလေး ၉၃ လမ်း၊ အမှတ် ၈၄ ရှိ နေအိမ်၌ ရုတ်တရက် ကွယ်လွန်သည်။ [၁]
စာညွှန်း
|
Portal di Ensiklopedia Dunia