လက်ယက်ကုန်း အစုအပြုံလိုက် သတ်ဖြတ်ခံရမှု
လက်ယက်ကုန်းရွာ ပစ်ခတ်မှုသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည်။ လက်ယက်ကုန်းကျေးရွာ ကိုယ်ထူကိုယ်ထစာသင်ကျောင်း (ဘုန်းကြီးကျောင်း)ကို တပ်မတော် (လေ)၏ တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi 35 နှစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျောင်းသားကျောင်းသူ ၆ ဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့ကာ ၂၇ ဦး ဒဏ်ရာရရှိခဲ့သည်။[၃][၄] ထို့အပြင် ကျောင်းအတွင်းရှိ ဒဏ်ရာရ ကျောင်းသားကျောင်းသူ ကလေးများနှင့် ဆရာ၊ဆရာမများ အပါအဝင် လူ ၂၀ ဦးကျော်အား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။[၅] ဖြစ်ပွားမှုစက်တင်ဘာ ၁၆ ရက်နေ့ နေ့လယ်ပိုင်း စာသင်ကြားနေချိန်တွင် လေကြောင်းမှ တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi 35 နှစ်စီးဖြင့် ပစ်ခတ်မှုများကို ၄၅ မိနစ်ကြာ ပြုလုပ်ခဲ့သည်။ ယင်းသို့ ပစ်ခတ်မှုကြောင့် ကျောင်းသားကျောင်းသူ ၆ ဦး သေဆုံးခဲ့သည်။ ထို့အပြင် အင်ပင်ကျေးရွာမှ တံငါလုပ်ငန်း လုပ်ကိုင်နေသော သားအဖ နှစ်ဦးအနက် သားဖြစ်သူ သေဆုံးခဲ့သည်။ ရွာထိပ်တွင် ရောက်ရှိနေသော ၁၆ နှစ် အရွယ် မောင်အောင်အောင်ဦးသည် လေယာဉ်ဖြင့် ပစ်ခတ်ပျံသန်းနေသောကြောင့် နီးစပ်ရာတံတားအောက်သို့ ဝင်ရောက် ပုန်းခိုနေစဉ် မြေပြင်မှ စစ်ကောင်စီတပ်သားများက ဖမ်းဆီးကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။[၃] သေဆုံးခဲ့သည့် ကလေးငယ်များအား မိဘထံ ပြန်လည်ပေးအပ်ခြင်း မရှိသည့်အပြင် စစ်တပ်က ကျောင်းဝန်းကို ပိတ်ဆို့ထားမှုကြောင့် ကျောင်းတွင် ပိတ်မိနေသော ဒဏ်ရာရရှိထားသည့် ကလေးငယ် ၁၂ ဦးနှင့် ဆရာ/ဆရာမ ၂၀ ကျော် ကို စစ်ကောင်စီတပ်၏ မြေပြင် တပ်ဖွဲ့ဝင်များက ကားများဖြင့် ရေဦးမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ယင်းအပြင် လက်ယက်ကုန်းကျေးရွာအတွင်း နေအိမ်များ၊ ပစ္စည်းများ၊ တိရစ္ဆာန်များအား မီးရှို့ခဲ့ပြီး လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ဘေးအနီးဝန်းကျင်ကိုဆက်တိုက်ပစ်ခဲ့သည်။[၃] စက်တင်ဘာ ၂၈ ရက်နေ့အထိ မျက်စိတွင် ပြင်းထန်ဒဏ်ရာရသော ကလေးငယ်သာ ၁ ဦးသာ ပြန်လွှတ်ပေးကာ ကျန်သူများအား မိသားစုများနှင့် တွေ့ဆုံခွင့်မပေးဘဲ ဆက်လက် ထိန်းသိမ်းထားခဲ့သည်။[၆] စစ်ကောင်စီတပ်ဖွဲ့များက လက်ယက်ကုန်းရွာမှ သယ်ယူသွားသည့် အလောင်းများကို ရေဦးမြို့နယ် မီးသင်္ဂြိုဟ်စက်တွင် စက်တင်ဘာ ၁၇ ရက် နံနက် ၆ နာရီခန့်က ယောက်ျားလေး ၄ ဦး၊ မိန်းကလေး ၂ ဦးအပြင် ကျား/မ မခွဲခြားနိုင်သော ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ပီနံအိတ်ဖြင့် ထည့်ထားသူ ၁ ဦး၊ ညနေပိုင်းတွင် ယောက်ျားလေး ၂ ဦးကို သင်္ဂြိုဟ်ခဲ့ရာ စုစုပေါင်း အလောင်း ၉ လောင်းအထိ ရှိနေပြီဖြစ်ကြောင်း မြို့နယ်ဒေသခံကာကွယ်ရေး တပ်ဖွဲ့က ဆိုသော်လည်း လက်ယက်ကုန်းဒေသခံများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အတည်ပြုချက်အရ စာသင်ကျောင်းတွင် သေဆုံးခဲ့သူ ၅ ဦးသာရှိနေခဲ့ပြီး ကျန်သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုချက် မရသေးပေ။[၇][၈] အဆိုပါ ပစ်ခတ်မှုကြောင့် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းကျေးရွာအများအပြားသည် အရေးပေါ် အခြေအနေသို့ ရောက်ရှိနေခဲ့ကာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။[၅] အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဖမ်းဆီးခံထားရသည့် ကလေးများအနက် ၄ ဦးနှင့် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၃ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ ကလေး ၂ ဦးအား ပြန်မလွှတ်မီ လေကြောင်းတိုက်ခိုက်မှု ဖုံးကွယ်ထားသည့် အသင့်ရေးသားထားသော စာရွက်ကို ဖတ်ခိုင်းကာ ရုပ်သံရိုက်ကူး ဝါဒဖြန့်ရန် စစ်ကောင်စီက ကြိုးပမ်းမှုများ ပေါ်ထွက်လာခဲ့သည်။[၉] ထိခိုက်သေဆုံးသူများ
တုံ့ပြန်မှုများပြည်တွင်းစက်တင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ကလေးငယ်နှင့် ဒေသခံ အများအပြား သေဆုံးခဲ့သည့် ဖြစ်စဉ်ကို ထည့်သွင်း ပြောဆိုခြင်း မရှိဘဲ ကလေးငယ်၂ ဦးသာ ဒဏ်ရာ ပြင်း ထန်ကြောင်းကို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောခဲ့သည်။[၁၀][၇][၁၁] လက်ယက်ကုန်းရွာအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ရှိနေသည့် သတင်းကြောင့် စစ်ကောင်စီတပ်က ဝင်ရောက် ရှင်းလင်းခဲ့ရာ ၂ ဖက် တိုက်ပွဲဖြစ်ပွားချိန်တွင် KIA ၊ PDF တို့က ဒေသခံများကို လူသားဒိုင်း အဖြစ် ဘုန်းကြီးကျောင်းထဲကို ခေါ်ဆောင်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုခဲ့သော်လည်း ရွာအတွင်း KIA များလည်း မရှိသကဲ့သို့ ထိုနေ့က ပစ်ခတ်မှုများမှာ တဖက်သတ် တိုက်ခိုက်မှုသာ ဖြစ်ကြောင်း ဒေသခံများက ဆိုထားသည်။ မြဝတီရုပ်မြင်သံကြားနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးတို့က လက်ယက်ကုန်းရွာမှတဆင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် PDF တို့က လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်မည် ဖြစ်ကြောင်းနှင့် ရွာဘုန်းကြီးကျောင်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူများ၊ PDF များ ခိုအောင်းနေထိုင်လျက် ရှိပြီး ဒေသခံများနှင့် ခရီးသွား ပြည်သူများကို အဓမ္မဆက်ကြေး တောင်းခံခြင်းများ ပြုလုပ်နေကြောင်း သတင်းပေး တိုင်ကြားချက်ကြောင့် ဝင်ရောက် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ကြေညာခဲ့သည်။[၈][၁၂] နိုင်ငံတကာလက်ယက်ကုန်းရွာ ပစ်ခတ်တိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်က စက်တင်ဘာ ၂၀ ရက်တွင် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ပြောဆိုခဲ့သည်။[၁၃] ယူနီဆက်ဖ် နှင့် Save The Children မြန်မာတို့သည် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုအပြီး ၃ ရက်အကြာမှ ကလေးများနှင့် စာသင်ကျောင်းအား တိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဖမ်းဆီးသွားသူများအား ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီ၏ အမည်ကို ထည့်သွင်းဖော်ပြထားခြင်း မရှိသဖြင့် ပြည်သူလူထုက ပြစ်တင်ဝေဖန်ခဲ့သည်။[၆] စက်တင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က လက်ယက်ကုန်းရွာ စာသင်ကျောင်းတိုက်ခိုက်မှုအား စစ်ရာဇဝတ်မှု မြောက်၊ မမြောက် စစ်ဆေးနိုင်ရန်အတွက် အချက်အလက်တွေ စုဆောင်းနေကြောင်း စက်တင်ဘာလ ၂၇ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန်ခဲ့သည်။[၁၄][၁၅][၁၆] မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး တစ်နှစ်ခွဲကာလအတွင်း သတ်ဖြတ်ခံရသော သို့မဟုတ် မစွမ်းမသန် ဖြစ်လောက်အောင် ထိခိုက်ဒဏ်ရာရသော ကလေးငယ် အနည်းဆုံး ၃၈၂ ဦး၊ အငြင်းပွားဖွယ် ဖမ်းဆီးခံသူ ၁,၄၀၀ ကျော်၊ ညှဉ်းပန်းနှိပ်စက်ခံရသူ ၁၄၂ ဦးရှိသည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူက ဇွန်လတွင် တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။[၁၇] ဆက်စပ်ဖတ်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia