လိုင်ဇာ အစုအပြုံလိုက် သတ်ဖြတ်ခံရမှု
လိုင်ဇာ အစုအပြုံလိုက် သတ်ဖြတ်ခံရမှု သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ည ၁၁ နာရီဝန်းကျင်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး မုန်လိုင်ခက် စစ်ရှောင်စခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့်[၂] ကလေးသူငယ် ၁၁ ဦးအပါအဝင် စစ်ဘေးဒုက္ခသည် ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သော ဖြစ်ရပ် ဖြစ်သည်။[၁] နောက်ခံ
ဖြစ်ရပ်ကေအိုင်အေ အခြေစိုက် လိုင်ဇာမြို့နှင့် နှစ်မိုင်အကွာ မုန်လိုင်ခက်စစ်ရှောင်စခန်းတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ည ၁၁ နာရီဝန်းကျင် လက်နက် ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် လူပေါင်း ၂၉ ဦးသေဆုံးခဲ့သည်ဟု ကေအိုင်အေ/ကေအိုင်အိုက ပြောဆိုခဲ့သည်။[၃] သေဆုံးသူ ကလေးငယ် ၁၁ ဦးတွင် ၁၂ နှစ်အောက် မိန်းကလေး ၃ ဦးနှင့် ယောက်ျားလေး ၃ ဦး ပါဝင်ခဲ့သည်။[၃] ထိခိုက်ဒဏ်ရာရသူ ၅၆ ဦး ရှိပြီး ယင်းအနက် ၄၄ ဦးအား ဆေးရုံသို့ တင်ပို့ထားခဲ့ရသည်။[၃] ဤဒုက္ခသည်စခန်းသည် မုန်လိုင်ခက်ရွာ၏ ကုန်းမြင့်အောက်ကပ်လျက်တွင် တည်ရှိပြီး အိမ်ထောင်စု ၁၀၀ နီးပါး နေထိုင်သည်။[၁] ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ၂၀၂၃ ခုနှစ် ဇူလိုင်လဆန်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နမ်ဆန်ယန်ရွာမှ ဒေသခံအများစုခိုလှုံနေသော စခန်းဖြစ်သည်။ အငြင်းပွားဖွယ်ရာများပေါက်ကွဲမှုဖြစ်ပွားအပြီး နာရီပိုင်းအကြာတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုတိုက်ခိုက်မှုအား ၎င်းတို့စစ်တပ်က လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။[၄] မုန်လိုင်ခက်အနီး KIA သင်တန်းကျောင်းရှိ အမိုနီယမ် နိုက်ထရိတ် (ယမ်း) သိုလှောင်ရုံ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်အပြီးနှစ်ရက်အကြာ အောက်တိုဘာလ ၁၁ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။[၅][၄] ဤအဖြစ်အပျက်သည် စစ်ကောင်စီ၏ တိုက်ခိုက်မှုဖြစ်ကြောင်း ကေအိုင်အေက ပြောဆိုခဲ့ပြီး စစ်ကောင်စီထုတ်ပြန်ချက်ဖြစ်သော ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်သည်ကိုလည်း ငြင်းဆိုထားသည်။[၄] တရုတ်အစိုးရပိုင် China Radio International မြန်မာပိုင်းစာမျက်နှာက အမြောက်ပစ်ခတ်မှုဟု ဖော်ပြခဲ့သလို[၆] တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်လည်း အမြောက်ပစ်ခတ်မှုကြောင့်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ပြောကြားခဲ့သည်။[၄] တုံ့ပြန်မှုများနိုင်ငံတကာစစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုတွင် အရပ်သားများ သေဆုံးရသည့်အခြေအနေကို များစွာထိတ်လန့် ဝမ်းနည်းရကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က ထုတ်ပြန်ခဲ့သည်။[၃][၇] ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ပထမကော်မတီ၏ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု အစီအစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မြန်မာစစ်တပ်ကို အပြည့်အဝ လက်နက်ပိတ်ပင်ခြင်း၊ တိုက်လေယာဉ်ဆီများ တင်သွင်းမှု ရပ်ဆိုင်းခြင်းများအား အမြန်ဆောင်ရွက်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် လုံခြုံရေးကောင်စီကို တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။[၃][၇] မြန်မာနိုင်ငံ ကုလသမဂ္ဂရုံးကလည်း ဤတိုက်ခိုက်မှုအပေါ် များစွာထိတ်လန့် ဝမ်းနည်းရကြောင်း ဖော်ပြခဲ့သည်။[၂][၇] သတင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် အထူးစိုးရိမ်ကြောင်းနှင့် တရုတ်-မြန်မာနယ်စပ် လုံခြုံရေးအတွက် တင်းမာမှုများအား ရှောင်ရှားပြီး သဘောထား ကွဲပြားမှုများကို သက်ဆိုင်သူများအနေဖြင့် ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးညှိနှိုင်း ဖြေရှင်းကြရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin က အောက်တိုဘာလ ၁၀ ရက်နေ့ ဘေဂျင်းမြို့တော် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။[၇] မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးကလည်း မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူအများအပြား အသက်ဆုံးရှုံးကြသောသတင်းကို ကြားသိရသည့်အတွက် ထိတ်လန့်တုန်လှုပ်မိကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။[၇] ပြည်တွင်းဤတိုက်ခိုက်မှုအား စစ်ကောင်စီက ပြုလုပ်ခြင်းဖြစ်ကြောင်း ကေအိုင်အိုက ပြောဆိုခဲ့သော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြုလုပ်ခြင်းမဟုတ်ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပေါက်ကွဲမှု ဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် ငြင်းဆိုခဲ့သည်။[၃][၈] ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (KHRW) က စစ်ကောင်စီ၏ ယခုလုပ်ရပ်အား ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချခဲ့ပြီး စစ်ကောင်စီ၏ အကြမ်းဖက်မှုကို ပံ့ပိုးကူညီပေးနေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအား ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးရန်နှင့် စစ်ကောင်စီကို နိုင်ငံတကာခုံရုံးကို အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။[၃] ဆက်စပ်ဖတ်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia