လီကွမ်းယု
လီကွမ်းယု (lang-zh | 李光耀) (၁၉၂၃-၂၀၁၅) သည် စင်ကာပူနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်ပြီး စင်ကာပူနိုင်ငံထူထောင်သူ ခေါင်းဆောင်ကြီးအဖြစ် အသိအမှတ်ပြု ခံရသည်။ စင်္ကာပူနိုင်ငံ၏ တတိယမြောက် ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော လီရှန်လုံး ၏ ဖခင်လည်း ဖြစ်သည်။ ငယ်စဉ်ဘဝ နှင့် ပညာရေးတရုတ်မှ စင်္ကာပူသို့ ခြေချသည့် တရုတ်အနွယ်၏ စတုတ္ထမျိုးဆက် ဖြစ်သည်။ အဘိုး (အဖိုး၏အဖေ) ဖြစ်သူမှာ ဂွမ်ဒေါင်းပြည်နယ်၊ ဒဘူးနယ်မှ ၁၈၆၃ ခုတွင် စင်္ကာပူသို့ ပြောင်းလာသည်။ ဈေးရောင်းသူ ဆုဝမ်နွိုင် (Seow Huan Nio) နှင့် လက်ထပ်သော်လည်း ၁၈၈၂ ခုတွင် ပြည်မသို့ ပြန်သွားသည်။ သို့ဖြင့် ဆုဝမ်နွိုင်မှာ သားသမီး ၃ ယောက်နှင့် ကျန်သည်။ ဖခင်မှာ ကတောင်ဈေး (Katong) တွင် ဆိုင်ဖွင့်ထားပြီး ဥယျာဉ်လမ်း (Orchard Road) ၌ ရော်ဘာခြံမြေနှင့် အိမ်များ ရှိသဖြင့် အခြေမပျက်။ အဖိုးဖြစ်လာမည့် လီဟွန်လောင်း (Lee Hoon Leong) ကို ၁၈၇၁ ခုတွင် မွေးသည်။ တမိပေါက် တယောက်ထွန်းကာ ရာဖဲတက္ကသိုလ် (Raffles Institution) တွင် အမှတ်မြင့်မြင့်နှင့် အောင်သည်။ (ဆေးကုခွင့်မရသော) ဆေးထိုးသူအဖြစ် လုပ်ကိုင်သည်။ နောက် ဟိအင်မို (Heap Eng Moh) ရေနွေးငွေ့သင်္ဘောလိုင်းတွင် လက်မှတ်ကောက်အဖြစ် လုပ်သည်။ ထိုသို့လုပ်စဉ် အသက် ဒပ်ချ်အရှေ့အင်ဒိုင်း (ယခု အင်ဒိုနီးရှား) မှ ဂျာဗားကျွန်းရှိ ဆမ္မရံမြို့နေ ၁၆ နှစ်အရွယ် ကိုလမ်နောင် (Ko Liem Nio) ဆိုသော အင်ဒို-ပီရန္နကန် မိန်းကလေးနှင့် ဖူးစာဆုံသည်။ လူမျိုးကွဲသော်လည်း လူလတ်တန်းစား၊ အင်္ဂလိပ်စာတတ်သူချင်း ဖြစ်၍ နှစ်ဖက်မိဘ ပြေလည်သည်။ နောင်တွင် ဟိအင်မို၏ စီမံဒါရိုက်တာဖြစ်လာသည်။ ဆီဟွန်လောင်း၌ ဇနီး ၂ ယောက်ရှိရာ သား ၃ ယောက်၊ သမီး ၅ ယောက် ရသည်။ ထိုသား ၃ ယောက်အနက်မှ လီချင်ကွန်း (Lee Chin Koon) က ပီရန္နကန်လူမျိုး ချူဂျင်ညို (Chua Jim Neo) နှင့် လက်ထပ်ရာ ၁၉၂၃ ခု၊ စက်တင်ဘာလ ၁၆ ရက်တွင် စင်္ကာပူနိုင်ငံ၌ လီကွမ်းယုကို မွေးသည်။ လီကွမ်းယုက သားဦးဖြစ်ပြီး ညီ ၃ ယောက်၊ ညီမ ၁ ယောက် ရှိသည်။ အဖိုး (ဆီဟွန်လောင်း) က ငယ်မည်ကို ဟယ်ရီလီ ဟု ပေးသည်။ လီကွမ်းယုသည် စင်္ကာပူ ရပ်ဖဲကောလိပ်တွင် တက်ရောက် ပညာသင်ကြား ခဲ့ပြီးနောက် ဒုတိယ ကမ္ဘာစစ်အပြီးတွင် ၁၉၄၆-ခုနှစ်မှ ၁၉၄၉-ခုနှစ်အထိ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ကိန်းဘရစ်ချ် တက္ကသိုလ် ဖစ်ဝီလျံ ကောလိပ်တွင် ဆက်လက်ပညာသင်ကြား၍ လန်ဒန်တွင် ဝတ်လုံတော်ရ အဖြစ်ခံယူခဲ့သည်။ နိုင်ငံရေးဘဝအင်္ဂလန်မှ ပြန်လာပြီးနောက် ဝတ်လုံအဖြစ်၎င်း၊ အလုပ်သမားသမဂ္ဂများ အတွက် ဥပဒေ အကြံပေးအရာရှိအဖြစ်၎င်း လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ လီကွမ်းယုသည် ပြည်သူ့လှုပ်ရှားမှုပါတီ (PAP)ကို ၁၉၅၄-ခုနှစ်တွင် စတင်တည်ထောင်ရာ၌ ပါဝင်ဆောင်ရွက်ခဲ့ပြီးနောက် ၎င်းပါတီ၏ အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့သည်။ ၁၉၅၅-ခု၊ ဧပြီလ အထွေထွေရွေးကောက်ပွဲတွင် သင်္ဘောကျင်းဒေသ အလုပ်သမား လူတန်းစားများ အခြေစိုက်သည့် တန်ဂျွန်းပါဂါ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရာ ပီအေပီပါတီဝင် အမတ်သုံးဦးအနက် တစ်ဦး ဖြစ်လာခဲ့သည်။ လီကွမ်းယုသည် ၁၉၅၅-ခုနှစ်မှစ၍ တန်ဂျွန်းပါဂါ မဲဆန္ဒနယ်အမတ်အဖြစ် တစ်ဆက်တည်း ရွေးချယ်ခံရသည်။ ၁၉၅၉-ခုနှစ် မေလ၌ ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် ပီအေပီပါတီသည် မဲဆန္ဒနယ် ၅၁-နေရာအနက် ၄၃-နေရာအထိ အပိုင်ရခဲ့သည်။ လီကွမ်းယုသည် ပီအေပီပါတီ ခေါင်းဆောင်အနေဖြင့် အစိုးရအဖွဲ့ကို ဖွဲ့စည်းကာ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ပီအေပီပါတီသည် ၁၉၆၃-ခု၊ စက်တင်ဘာလအတွင်း ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင်လည်း အမတ် ၅၁-နေရာအနက် ၃၇-နေရာ ရရှိကာ အောင်ပွဲခံနိုင်ခဲ့သည်။ လီကွမ်းယုသည် မလေးရှားပါလီမန်သို့ တက်ရောက်ရသော စင်္ကာပူကိုယ်စားလှယ် ၁၅-ဦးအနက် တစ်ဦးအဖြစ်ပါဝင်ရသည်။ ၁၉၇၂၊ ၁၉၇၆၊ ၁၉၈၀-ခုနှစ် အထွေထွေရွေးကောက်ပွဲများတွင်လည်း ပီအေပီပါတီ အနိုင်ရရှိခဲ့သည်။ ၁၉၈၄-ခု၊ ဒီဇင်ဘာလ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၃၀-ခုတွင် ပီအေပီ အမတ်ဟောင်းများ ပြိုင်ဘက်မရှိ ရွေးချယ်ခံရပြီး ကျန်မဲဆန္ဒနယ် ၄၉-ခုတွင် ယှဉ်ပြိုင် အရွေးခံရာ မဲဆန္ဒနယ် ၄၇-ခုတွင် ပီအေပီအမတ်ဟောင်းများ အနိုင်ရရှိခဲ့ကြသည်။ [၃] ကြွယ်ဝချမ်းသာသော မျိုးနွယ်မှ ဆင်းသက်လာခဲ့သော လီကွမ်ယုသည် ထိုခေတ်က အထက်တန်းကျသည့် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားသော စာသင်ကျောင်းများသို့ တက်ရောက်သင်ယူနိုင်ခဲ့သည်။ မိသားစုတွင် အကြီးဆုံးသားဖြစ်၍ ခေါင်းဆောင်မှုနှင့် ဆုံးဖြတ်နိုင်မှု စွမ်းရည်ကို ငယ်စဉ်ကာလမှပင် အလေ့အကျင့်ရရှိခဲ့သည်။ လီကွမ်ယု၏ ကြိုးစားမှုနှင့် မိဘများ၏ ကြပ်မတ်မှုကြောင့် ၁၉၃၅-ခုနှစ်တွင် မူလတန်းကို ပထမအဆင့်ဖြင့် အောင်မြင်ခဲ့ပြီး စင်ကာပူတွင် နာမည်အကြီးဆုံး ရာဖေးလ် အထက်တန်းကျောင်းသို့ ဝင်ခွင့်ရခဲ့သည်။ လီကွမ်ယုသည် ရာဖေးလ်ကျောင်းတွင် ပညာထူးချွန်သောကြောင့် စကောလားရှစ်ထောက်ပံ့ကြေး ရခဲ့သည့်အပြင် ၁၉၄၀-ပြည့်နှစ်တွင် ကင်းဘရစ် အထက်တန်းစာမေးပွဲကို စင်ကာပူနှင့် မလေးရှားနယ်မြေတခုလုံး၌ ပထမစွဲ၍ အောင်မြင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း၌ စင်ကာပူရှိ ရာဖေးလ်ကောလိပ်မှာပင် ဆက်တက်ခဲ့သည်။ ဂျပန်ခေတ်တွင် တရုတ်စာနှင့် ဂျပန်စာဘက်သို့ ဦးလှည့်သင်ကြားခဲ့သည်။ ထို့နောက် ဂျပန်ထောက်ပံ့ရေးဌာနတွင် စာရေးဝင်လုပ်ခဲ့သည်။ ၁၉၄၃-ခုနှစ်တွင် ဂျပန်သတင်းဖြန့်ချိရေးဌာန၌ အင်္ဂလိပ်ပိုင်း အယ်ဒီတာအဖြစ် အလုပ်ရခဲ့သည်။ လီကွမ်ယုသည် ဒုတိယကမ္ဘာစစ်အတွင်း လမ်းဘေးပွဲစား၊ ကပ်စေးနှဲ မုန့်ပဲသရေစာရောင်းသူ စသည့် ကြုံရာအလုပ်များဖြင့်လည်း ဝမ်းရေးကို တဖက်က ဖြေရှင်းခဲ့သည်။ ၁၉၄၉-ခုနှစ်တွင် ရှိစုမဲ့စု ရှာဖွေစုဆောင်း ထားသောငွေဖြင့် လန်ဒန်တွင် ဥပဒေပညာ သင်ကြားနေစဉ် ဆိုရှယ်လစ်ဝါဒကို စိတ်ဝင်စားကာ လေ့လာခဲ့သည်။ လူဖြူအင်္ဂလိပ်တို့၏ လူမျိုးခွဲခြားမှုနှင့် ကိုလိုနီဝါဒ ကျင့်သုံးမှုများကို ကိုယ်တွေ့မျက်မြင်ခံစားခဲ့ရသည့်အတွက် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များလည်း ကိန်းအောင်းလာခဲ့သည်။ ၁၉၄၇-ခုနှစ်တွင် ဘုရင်မ၏ ပညာသင်ဆုဖြင့် လန်ဒန်သို့ရောက်လာခဲ့သော မစ်(ခ်) ချူးနှင့် လျှို့ဝှက်လက်ထပ်ခဲ့သည်။ လန်ဒန်တွင် ၄-နှစ်ခန့် ပညာသင်ခဲ့စဉ်အတွင်း ဘဝတူလက်ဝဲယိမ်း စင်ကာပူ-မလေး ကျောင်းသားများနှင့် ဆက်သွယ်စည်းရုံးခဲ့ရာမှ ဗြိတိသျှအစိုးရ၏ သင်္ကာမကင်းဖြစ်မှုကို ခံခဲ့ရသည်။ ၁၉၅၀-ပြည့်နှစ်တွင် စင်ကာပူသို့ ပြန်လည်ရောက်ရှိလာပြီး ဝတ်လုံအဖြစ် ဆောင်ရွက်လျက် တခြားဘက်မှလည်း ဗြိတိသျှလက်အောက်မှ စင်ကာပူ လွတ်မြောက်ရေး နိုင်ငံရေးလှုပ်ရှားမှုများကို စတင်ဆောင်ရွက်ခဲ့သည်။ ဗြိတိသျှဆန့်ကျင်ရေး သပိတ်များ၌ အလုပ်သမားခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၅၄-ခုနှစ်တွင် ပြည်သူ့လှုပ်ရှားမှုပါတီ (People's Action Party-PAP) ကို စတင်တည်ထောင်ခဲ့သည်။ PAP သည် ဗြိတိသျှ အုပ်ချုပ်မှုအောက်တွင် ပိုမိုတိုးချဲ့လာသည့် ဥပဒေပြုကောင်စီ၌ အဓိကအတိုက်အခံပါတီ ဖြစ်လာသည်။ ၁၉၅၉-ခုနှစ်၌ စင်ကာပူတိုက်ပိုင် အုပ်ချုပ်ခွင့် ရရှိလာသောအခါ အာဏာရပါတီ ဖြစ်လာသည်။ လီကွမ်ယုမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စင်ကာပူပြည်နယ်၏ ဝန်ကြီးချုပ်ဖြစ်လာသည်။ ၁၉၆၅-ခု ဩဂုတ်လ ၉-ရက်နေ့တွင် မလေးပြည်ထောင်စုမှ စင်ကာပူကို ခွဲထွက်၍ လွတ်လပ်သောနိုင်ငံအဖြစ် ထူထောင်ကာ လီကွမ်ယုသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီး စင်ကာပူကို ချမ်းသာသောနိုင်ငံဖြစ်အောင် ကြိုးစားခဲ့သည်။ စင်ကာပူနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်ပါဝင်သော နိုင်ငံဖြစ်ပြီး စတုရန်းမိုင် ၁၇၃-မိုင် ကျယ်ဝန်းသည်။ ၂၀၀၈-ခုနှစ် သန်းခေါင်းစာရင်းအရ လူဦးရေ ၄၈၃၉၄၀၀-ခန့်ရှိသည်။ လီကွမ်ယု ၁၉၅၉-စင်ကာပူဒေသ၌ ဝန်ကြီးချုပ် ဖြစ်လာချိန်ဝယ် အသက် ၃၆-နှစ်သာ ရှိသေး၏။ သို့ရာတွင် အရွယ်နှင့်မမျှအောင်ပင် ကြီးမား၍ အန္တရာယ်များလှသောတာဝန်ကို ထမ်းဆောင်ခဲ့ရသည်။ ကွန်မြူနစ်တို့၏ မြေအောက်လှုပ်ရှားမှုနှင့် အလုပ်သမားသပိတ်မှောက်မှုများ၊ အကြမ်းဖက် အဓိကရုဏ်များ၊ PAP ပါတီမှာ ခွဲထွက်မှုစသည့် နိုင်ငံရေး မတည်ငြိမ်မှုများနှင့် စီးပွားရေးနိမ့်ကျမှု၊ ဘဏ္ဍာရေးလိုငွေများပြားမှု စသည့် စီးပွားရေးပြဿနာပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ ထိုအခြေအနေ၌ လီကွမ်ယုသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့ ဘက်ပေါင်းစုံမှ အရှိန်အဟုန်ဖြင့် တိုးတက်လာစေရန် အပြင်းအထန် ကြိုးပမ်းခဲ့သည်။ ဝန်ကြီီးချုပ် လီကွမ်ယုသည် ပြည်သူလူထုအတွက် အလုပ်အကိုင်တည်ငြိမ်မှုနှင့် စားဝတ်နေရေး အဆင်ပြေမှုကို ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ဖန်တီးသကဲ့သို့ ပြည်သူများ စည်းကမ်းစနစ်တကျ နေထိုင်ရေးကိုလည်း ကြပ်မတ်ထားသည်။ လမ်းပေါ်တွင် အမှိုက်ပစ်ခြင်းမှ အများသုံးအိမ်သာတွင် သုံးပြီးနောက် သန့်ရှင်းရေးအတွက် ရေဆွဲမချသွားသည်အထိ ဒဏ်ရိုက်အပြစ်ပေးသည်။ ထို့ကြောင့် စင်ကာပူသည် ကမ္ဘာတွင် အသန့်ရှင်းဆုံးနှင့် စည်းကမ်းအရှိဆုံး မြို့တော်ဖြစ်နေသည်။ မြို့တော်သန့်ရှင်းမှု မထိခိုက်စေရန် ပီကေနှင့် ကွမ်းစားခြင်းကိုပင် ကန့်သတ်တားမြစ်ထားသည်။ တဖက်တွင် ဝန်ထမ်းများ အဂတိလိုက်စားမှုမရှိစေရန် စည်းကမ်းတင်းကျပ် ထားသည်။ စင်ကာပူနိုင်ငံ၏ စီးပွားရေးတည်ငြိမ်စွာ တိုးတက်ဖွံ့ဖြိုးနေခြင်းမှာ နိုင်ငံရေးတည်ငြိမ်မှု၏ အကျိုးဆက်ကြောင့် လည်း ဖြစ်သည်။ စင်ကာပူတွင် ၁၉၅၉-ခုနှစ်၌ လီကွမ်ယု တည်ထောင်ခဲ့သော PAP ပါတီကသာ အာဏာရရှိနေသည်။ နိုင်ငံရေးအရ အစဉ်တစိုက် စည်းလုံးညီညွတ်မှုရရှိရေးကို အထူးအလေးထားသည်။ ခြုံ၍ သုံးသပ်ရလျှင် စင်ကာပူနိုင်ငံ၏ အံ့ဘနန်းတိုးတက်အောင်မြင်မှုများတွင် စင်ကာပူနိုင်ငံ၏ ဖခင်ကြီးဟု ဆိုင်နိုင်သော ဝန်ကြီးချုပ်ဟောင်း ဝါရင့်ဝန်ကြီး လီကွမ်ယု၏ အမြော်အမြင် ကြီးမှု၊ ဇွဲလုံ့လထက်သန်မှု၊ စည်းကမ်းစနစ်ကြီးမှု၊ ပညာအရည်အချင်း ပြည့်ဝမှုနှင့် အတွေ့အကြုံ ရင့်ကျက်မှုစသော အဖိုးမဖြတ်နိုင်သည့် ခေါင်းဆောင်မှုအရည်အသွေးများက အရေးပါသောအကြောင်းရင်း တရပ်အဖြစ် ပါဝင်နေသည်ကား မည်သို့မျှ မငြင်းနိုင်သော အချက်ပင် ဖြစ်သည်။ [၄] မိသားစုဘဝ၁၉၅၀ ပြည့်တွင် ရှေ့နေ ကွာဂေါက်စေ့နှင့် လက်ထပ်ရာ လီရှန်လုံး၊ လီရှန်ယန်း၊ လီဝေလင်း ဟူသော သားသမီး ၃ ယောက် ရသည်။ ကွယ်လွန်၂၀၁၅ ခု၊ မတ်လ ၂၃ ရက်၊ နံနက် ၃ နာရီ ၁၈ မိနစ်တွင် ကွယ်လွန်သည်။ အဆုတ်ရောင်ရောဂါဖြင့် စင်္ကာပူအထွေထွေဆေးရုံကြီးတွင် ကာလရှည်ကြာ ကုသနေစဉ် ဖြစ်သည်။ အမေရိကန်သမ္မတ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေက ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ကြသည်။ ကွယ်လွန်သည့်နေမှစ၍ တပတ်အကြာအထိ နိုင်ငံတော် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ပြီး နိုင်ငံတော်အဆင့် ဈာပနအခမ်းအနားကို မတ် ၂၉ ရက်တွင် ပြုလုပ်သည်။ [၅] [၆] ကိုးကား
|
Portal di Ensiklopedia Dunia