ဝါဆိုသင်္ကန်း
ဝါဆိုသင်္ကန်း ဖြစ်ပေါ်လာပုံသမိုင်း“ဝါဆိုသင်္ကန်းလို့ ဆိုလိုက်လျှင် ဝါဆိုသောအခါ ဝတ်ရုံတဲ့ သင်္ကန်းကို ဝါဆိုသင်္ကန်းလို့ မှတ်ထင်နေကြသည်။ သို့သော် ပါဠိတော်မှာလာတဲ့ ဝါဆိုသင်္ကန်းက ဝါဆိုရန် ဝတ်ရုံတဲ့ သင်္ကန်းမဟုတ်ဘဲ ဝါတွင်းသုံးလ ဝါသို့ကပ်၍ ဝါကျိုး ဝါပြတ်ခြင်းမရှိဘဲ နေလေ့ရှိသော ရဟန်းတော်တို့အား လှူဒါန်းအပ်သော သင်္ကန်းဖြစ်သောကြောင့်လည်းကောင်း၊ ဝါတွင်းသုံးလပတ်လုံး မိုးတွင်းအခါ သိက္ခာမညှိုးဘဲ နေလေ့ရှိသော ရဟန်းတော်တို့သည်သာ ခံယူထိုက်သည်ဖြစ်၍ ယင်းရဟန်းတော်တို့၏ ဥစ္စာဖြစ်သောကြောင့်လည်းကောင်း “ဝဿဝါသိကစီဝရ-ဝါဆိုသင်္ကန်း”ဟုခေါ်၏။ (၁)။ ဝဿဝါသိကစီဝရ- ဝါဆိုသင်္ကန်း (၂)။ ဝဿိကသာဋိကစီဝရ- မိုးရေခံသင်္ကန်း ဒီအကြောင်းနဲ့ ပတ်သတ်လို့ ပါတိမောက်နိဿဂ္ဂိယပါစိတ် ပတ္တဝဂ်မှာလာတဲ့ အစ္စေကစီဝရအကြောင်း အနည်းငယ်ရှင်းပြပါမည်။ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ် အချိန်အခါကဖြစ်သည်။ ထိုအချိန်က မြတ်စွာဘုရားသည် ရဟန်းတော်များ ဝါဆိုသင်္ကန်းအလှူခံ၍ သုံးစွဲရန် မပညတ်ရသေးပါ။ ထိုကာလအတွင်း ရဟန်းတော်များမှာ လမ်းဆုံ လမ်းလေးခွအမှိုက်ပုံများ၌ စွန့်ပစ်ထားသော အဝတ်စုတ်များ၊ လူသေကောင် များ၌ ရစ်ပတ်ထားသော အဝတ်စုတ်များကို ကောက်ယူ လျှော်ဖွတ်ဆေးဆိုးကာ ဝတ်ရုံကြသော ပံ့သုကူ သင်္ကန်းများနှင့်သာ မျှတနေရသည်။ ထိုမှ သမားတော်ဇီဝက၏ လျှောက်ထား တောင်းပန်မှုကြောင့် ဒါယကာတို့ လှူဒါန်းအပ်သော သင်္ကန်းကို အလှူခံခွင့်ရရှိသော ဂဟပတိ-သင်္ကန်း ဖြစ်ပေါ်လာခဲ့၏။ ထိုမှ တဆင့် အမတ်စစ်သူကြီး တစ်ဦးက ငါသည် စစ်တိုက်ထွက်ဖို့ရာ အချိန်နီးနေ၍ အမှုကိစ္စများဖြင့် အလုပ်ရှုပ် နေသည့်အတွက် ရဟန်းတော်တို့ထံ ဝါဆိုသင်္ကန်းလာရောက် အလှူခံဖို့ရန် ကိုယ်တိုင် သွားရောက်၍ ပင့်ဖိတ်ဖို့ အချိန်မပေးနိုင်ပါ။ ထိုအခါ အမတ်စစ်သူကြီးက စစ်မြေပြင်အရပ်တွင် မိမိ၏ အသက်သည် သေမည် ရှင်မည်ကို အတိအကျမသိရေးသည့်အတွက် စစ်တိုက်ထွက်ခါနီးအချိန်တွင် ကုသိုလ်ရလို၍ လည်းကောင်း၊ ရရှိသည့်ကုသိုလ်၏ အစွမ်းသတ္တိ အာနုဘော်ကြောင့် စစ်မြေပြင်အရပ်တွင် အန္တရာယ်ကင်း စေလို၍လည်းကောင်း ရဟန်းတော်တို့၏အထံသို့ “အရှင်ဘုရားတို့ ကြွလာတော်မူကြပါကုန်၊ တပည့်တော်သည် အရှင်ဘုရားတို့အား ဝါဆိုသင်္ကန်းကို လှူဒါန်းပါအံ့ဟု လျှောက်ထားပေးရန် အခိုင်းအစေ တမန်ကို လွှတ်လိုက်၏။” မြတ်စွာဘုရားသည် ဝါမှထကုန်သော(ဝါဆိုပြီးသော) ရဟန်းတော်တို့အား ဝါဆိုသင်္ကန်းကို အလှူခံ၍ သုံးစွဲရန် ခွင့်ပြုတော်မမူအပ်သေး၍ ရဟန်းတော်တို့က ဝါဆိုသင်္ကန်းအလှူခံယူမှုအပေါ် ယုံမှားတွေးတောမှု ဖြစ်ကာ သံသယကုက္ကုစ္စဖြစ်ကြကုန်၏။ ထို့ကြောင့် အမတ်စစ်သူကြီးက ဝါဆိုသင်္ကန်းအလှူခံရန် ပင့်ဖိတ်ပါသော်လည်း ရဟန်းတော်တို့သည် လာရောက်၍ အလှူမခံကြကုန်။ ရဟန်းတော်တို့ မလာရောက်ကြသောအခါ “အမတ်စစ်သူကြီးက အရှင်မြတ်တို့သည် ဝါဆို သင်္ကန်းကို လာရောက်အလှူခံရန် တမန် စေလွှတ်အပ်ပါလျက် အဘယ့်ကြောင့် မကြွလာကုန် ဘိသနည်း။ ငါသည်ကား စစ်မြေပြင်အရပ်သို့ သွားရအံ့။ အသက်ရှင်ခြင်းကို သိနိုင်ခဲ၏။ သေခြင်းကိုလည်း သိနိုင်ခဲ၏-ဟု ရဟန်းတော်တို့အပေါ်၌ ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ၍ ပြောဆို၏။ ထိုသတင်းကို မြတ်စွာဘုရား ကြားသိတော်မူသဖြင့် “ရဟန်းတော် တို့သည် အဆောတလျင်လှူအပ်သော သင်္ကန်းကို ခံယူ၍ ထားခြင်းငှာ ဘုရားခွင့်ပြုတော်မူပြီဟု ရဟန်းတော်တို့အတွက် သင်္ကန်းကို အလှူခံယူ၍ အသုံးပြုဖို့ရန် ခွင့်ပြုတော်မူသည်။” အစ္စေကစီဝရ-ဆိုသည်မှာ အဆောတလျင် ၊ ရှောင်တခင်လှူအပ်သော သင်္ကန်းဖြစ်သည်။ ၎င်းအစ္စေကစီဝရကို (၁)။ မိမိ၏အသက်ကို စိတ်မချရသည့် စစ်မြေပြင်အရပ်သို့ စစ်ထွက်မည့်ပုဂ္ဂိုလ်၊ (၂)။ အရပ်တစ်ပါးသို့ ခရီးထွက်မည့်ပုဂ္ဂိုလ်၊ (၃)။ ဖျားနာနေသည့် ဂိလာန မကျန်းမာ လူနာပုဂ္ဂိုလ်၊ (၄)။ မွေးဖွားခါနီး ကိုယ်ဝန်ဆောင်ပုဂ္ဂိုလ်၊ (၅)။ မူလအရင်က သဒ္ဓါတရားမရှိဘဲ အသစ်သဒ္ဓါတရား ဖြစ်ပေါ်လာသောပုဂ္ဂိုလ်၊ ၎င်းပုဂ္ဂိုလ်တို့က ရဟန်းတော်တို့၏ ထံသို့ တမန်စေလွှတ်၍ လည်းကောင်း၊ တမန်ကိုမစေလွှတ်ဘဲ မိမိကိုယ်တိုင် သွား၍လည်းကောင်း၊ အရှင်ဘုရားတို့ ကြွတော်မူလာကြပါကုန်၊ တပည့်တော်သည် အရှင်ဘုရားတို့အား ဝါဆိုသင်္ကန်းကို လှူဒါန်းပါအံ့ဟု အဆောတလျင် ရှောင်တခင် လှူဒါန်းအပ်သော သင်္ကန်းကို “အစ္စေကစီဝရ”ဟု ခေါ်သည်။ ၎င်းသင်္ကန်းကို ဝဿဝါသိက- ဝါဆိုသင်္ကန်းဟူ၍လည်းကောင်း၊ ဝါကျွတ်သင်္ကန်းဟူ၍လည်းကောင်း၊ အစ္စေကစီဝရ- အဆောတလျင်ရှောင်တခင်လှူအပ်သော သင်္ကန်းဟူ၍ လည်းကောင်း အမည်အမျိုးမျိုးခေါ်နိုင်သည်။ ဤသည်ကို ထောက်ဆကြည့်မည်ဆိုပါလျှင် ဝါဆိုသင်္ကန်းအား တစ်နှစ်ပတ်လုံး လှူဒါန်းနိုင်၏။ ၎င်းသင်္ကန်းသည် သီးခြားသင်္ကန်းမျိုးမဟုတ်၊ သင်္ကန်း-၉ထည်တွင် တစ်ထည်အပါအဝင်ဖြစ်သည်။ သင်္ကန်း၉ထည်မှာ (၁)။ သင်းပိုင် (၂)။ ကိုယ်ရုံဧကသီ၊ (၃)။ ဒုကုဋ်၊ (၄)။ အိပ်ရာခင်း၊ (၅)။ မျက်နှာသုတ်ပဝါ၊ (၆)။ ပရိက္ခရာစောဠ။ (၇)။ နိသီဒိုင်၊ (၈)။ မိုးရေခံသင်္ကန်း၊ (၉)။ အမာလွှမ်းသင်္ကန်းတို့ဖြစ်သည်။ မိုးတွင်းအခါ မိုးရေချိုးရန် အသုံးပြုအပ်သော သင်္ကန်းဖြစ်သောကြောင့် ဝိဿိကသာဋိကစီဝရ- မိုးရေခံသင်္ကန်းဟုခေါ်၏။ ဝါဆိုသင်္ကန်းနှင့် မိုးရေခံသင်္ကန်းသည် အဓိပ္ပာယ် အနေအထားဖြင့် တူသယောင် ရှိ၍လည်းကောင်း၊ ပါဠိအနေအထားအားဖြင့် တူသယောင်ရှိ၍လည်းကောင်း အတူတူပင်ဟု ထင်မှတ်ကြ၏။ အဓိပ္ပါယ်မတူပါ။ ဝါဆိုသင်္ကန်းသည် မိုးရေခံသင်္ကန်းမဟုတ်ဘဲ မိုးရေခံသင်္ကန်းအတွက် ပါတိမောက် ရတနာဝဂ်မှာ သိက္ခာပုဒ်သီးခြားရှိပါသည်။ မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော့ ဝိသာခါက ဆွမ်းစားပင့်ပါတယ်။ အဲဒီညလွန်တော့ လေးကျွန်းလုံးအနှံ့ မိုးကြီးရွာသွန်းပါတယ်။ မြတ်စွာဘုရားရှင်က ရဟန်းတို့ ဇေတဝန်ကျောင်းမှာ ရွာသလို၊ လေးကျွန်းလုံးအနှံ့မှာလည်း မိုးရွာတယ်။ သင်တို့မိုးရေချိုးကြ။ ဒီမိုးကြီးဟာ လေးကျွန်းလုံးနှံ့တဲ့ နောက်ဆုံးမိုးပဲ ဟု မိန့်တော်မူပါတယ်။ ရဟန်းတော်များဟာ သင်္ကန်းအပိုအလှူခံခွင့် မရှိသေးတာကြောင့် မိုးရေခံ သင်္ကန်းမပါဘဲ မိုးရေချိုးနေကြတဲ့အချိန် ဝိသာခါလွှတ်လိုက်တဲ့ အိမ်ဖော်မလေး ကျောင်းလာဆွမ်းစားချိန်ရောက်ကြောင်း လျှောက်ထားဖို့လာတဲ့အခါ၊ အဝတ်မပါဘဲ မိုးရေချိုးနေကြတဲ့ ရဟန်းတော်များကိုမြင်တော့ ဒီအရာမ်အတွင်းမှာ ရဟန်းတွေ မရှိဘူး။ အာဇီဝတက္ကတွန်းတွေသာ မိုးရေချိုးနေကြတယ်လို့တွေးပြီး ရဟန်းတွေကို မပင့်ခဲ့ဘဲ အိမ်ပြန်သွား ဝိသာခါကို အကြောင်းစုံပြန်ပြောတယ်။ ဝိသာခါက ပညာရှိတယ်။ လိမ္မာယဉ်ကျေးတယ်။ အတွေးအခေါ်လျင်မြန်ထက်မြက်တယ်။ရဟန်းတော်တွေ မိုးရေခံသင်္ကန်းမပါဘဲ မိုးရေချိုးနေကြတာဖြစ်မယ် စဉ်းစားပြီး အိမ်ဖော်မလေးကို ဆွမ်းစားချိန်ရောက်ကြောင်း ထပ်မံ အပင့်ခိုင်းပြန်တယ်။ အဲဒီအချိန် ရဟန်းတော်များဟာ ရေးချိုးပြီးလို့ တင့်တင်တယ်တယ် သပ္ပါယ်စွာ ဝတ်ရုံထားကြပြီးဖြစ်တယ်။ ကျောင်းတွင်းမှာ တိတ်ဆိတ်ငြိမ်သက်စွာ သီတင်းသုံးနေကြပြီဖြစ်တယ်။ ရဟန်းတစ်ပါးမျှ ကျောင်းမှာမရှိဘူး။ တစ်ကျောင်းလုံးတိတ်ဆိတ်နေတယ်လို့ အိမ်ဖော်မလေးက ပြန်လာပြီး ဝိသာခါကို ပြောပြန်တယ်။ ဝိသာခါက အခြေအနေကို စဉ်းစားမိပြီး ထပ်မံ လွှတ်ရပြန်တယ်။ ဒီတော့မှ မြတ်စွာဘုရားရှင်နဲ့ သံဃာတော်တွေ အိမ်ကြွလာတော်မူကြတယ်။ မိုးရွာပြီးစ ရေစီးအဟုန်တွေများနေပေမယ့် မြတ်စွာဘုရားနဲ့ သံဃာတော်တို့ရဲ့ ခြေတော်တွေ သင်္ကန်းတော်တွေမှာ ရေစိုစွတ်ခြင်း မရှိတာမြင်တော့ ဝိသာခါ အံ့ဩဝမ်းသာဖြစ်ကာ ဆွမ်းကပ်လှူ၊ ဒီနောက် မြတ်စွာဘုရားထံမှာ ဆု(၈)ပါးလျှောက်ထား တောင်းဆိုပါတယ်။ အဲဒီဆု(၈)ပါးက (၁)။ အရှင်ဘုရား တပည့်တော်မသည် သံဃာတော်များအား အသက်ထက်ဆုံး မိုးရေးခံသင်္ကန်း လှူလိုပါ၏။ (၂)။ ဧည့်သည် အာဂန္တုတို့အား ဆွမ်းလှူလိုပါ၏။ (၃)။ ခရီးသွားရဟန်းတို့အား ဆွမ်းလှူလိုပါ၏။ (၄)။ သူနာရဟန်းတို့အား ဆွမ်းလှူလိုပါ၏။ (၅)။ သူနာပြု ရဟန်းတို့အား ဆွမ်းလှူလိုပါ၏။ (၆)။ သူနာရဟန်းတို့အား ဆေးလှူလိုပါ၏။ (၇)။ အမြဲ ယာဂု လှူလိုပါ၏။ (၈)။ ဘိက္ခုနီသံဃာအား ရေသနုပ်လှူလိုပါ၏။ ဆိုတဲ့ ဆု(၈)မျိုးပါ။ ထို၈-မျိုးထဲမှ ပထမဆုံးဆုအရ မိုးရေခံသင်္ကန်းကို မြတ်စွာဘုရားရှင်ခွင့်ပြုတော်မူပါတယ်။ မိုးရေခံသင်္ကန်းဟာ မြတ်စွာဘုရား အထွာတော်ဖြင့် အလျား ၆ထွာ၊ အနံ ၂ထွာခွဲထက်မပိုရပါဘူး။ ပိုလျှင် ပါစိတ်အာပတ်သင့်ပါတယ်။ ဝါဆိုသင်္ကန်းကဲ့သို့ တစ်နှစ်ပတ်လုံး လှူဒါန်းခွင့်၊ အလှူခံခွင့် မရှိဘဲ “နယုန်လပြည့်ကျော် (၁)ရက်မှ ဝါဆိုလပြည့်နေ့အထိ” တစ်လသာ လှူဒါန်းခွင့် အလှူခံခွင့်ရနိုင်၏။မိုးလေးလပတ်လုံးသုံးစွဲနိုင်၏။ အချုပ်အားဖြင့် ဝါဆိုသင်္ကန်းသည် စစ်သူကြီး စတင်လှူဒါန်းသည်ကို အကြောင်းပြုပြီး မြတ်စွာဘုရားရှင် ခွင့်ပြုတော်မူသောကြောင့် ပေါ်ပေါက်လာပြီး၊ မိုးရေခံသင်္ကန်းကတော့ ဝိသာခါကျောင်းအစ်မကြီးကြောင့် ပေါ်ပေါက်လာကြောင်း အသိပေးလိုက်ရပါသည်။ ဝါသင်္ကန်းနှင့် မိုးရေခံသင်္ကန်းနှစ်ခုရဲ့ မတူပုံ အကြောင်းလေးကို ရှင်းလင်းပြသညွှန်ကြားပေးသည့် ဆရာတော်အရှင်ပညာသီဟာဘိဝံသ ဆရာတော်ဘုရားအား အလွန်ပင်ကျေးဇူးတင်ကြောင်း။ -【အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)】 ဝါဆိုသင်္ကန်းကို အချိန်ကာလမရွေး လှူဒါန်းခွင့် ရှိသူများ
အထက်ပါ ပုဂ္ဂိုလ်တို့က "၀ဿာဝါသိကံ ဒဿာမိ-" "ဝါဆိုသင်္ကန်းပါဘုရား" ဟု အမည်တပ်၍ လှူဒါန်းလာခဲ့သော် ဝါမကျွတ်သေးသော်လည်းကောင်း ဝါကျွတ်ပြီးသော်လည်းကောင်း အလှူခံနိုင်ခွင့်ရှိသည်။ ယင်းပုဂ္ဂိုလ်များသည် အချိန်မရွှေး ရှိနိုင်သဖြင့် ဝါဆိုသင်္ကန်းကို အချိန်မရွေး လှူဒါန်းနိုင်၊ အချိန်မရွေးအလှူ ခံနိုင်ခွင့်ရှိသည်။
ထင်ရှားသော သင်္ကန်းအလှူရှင်များ
ကိုးကား2. Dhammaransi.com |
Portal di Ensiklopedia Dunia