ဝါယာမိန္ဒာဘိဝံသ

တိပိဋကဓရ ရေစကြိုဆရာတော်ဟုလည်း ကျော်ကြားသော ဘဒ္ဒန္တ ဝါယာမိန္ဒာဘိဝံသ မဟာထေရ် သည် မြန်မာနိုင်ငံသား တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့ ဆပ်ကပ်ခံရသူ ‌ထေရဝါဒ ဗုဒ္ဓ ဘာသာရဟန်း‌တော်ဖြစ်သည်။ ။[]

ငယ်ဘဝ

ဆရာတော်သည် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရွှေကျောင်းရွာနေ ခမည်းတော် ဦးဘရီ+မယ်တော်ဒေါ်အုန်း တို့မှ သက္ကရာဇ် ၁၃၁၆ ခုနှစ်၊ တပေါင်း လပြည့်ကျော် (၈)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူသော သားရတနာ ဖြစ်သည်။

သာသနာ့ဝန်ထမ်းဘဝ

၁၃၂၉ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက်၊ ကြာသပတေးနေ့တွင် ရွှေကျောင်းရွာ မြောက်ကျောင်းဆရာတော် ဦးနန္ဒကို ဥပဇ္စျာယ်ပြုလျက် ဦးမူတူး-ဒေါ်ယေကြည် စသော ဆွေမျိုးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့သည်။ သက္ကရာဇ် ၁၃၃၆ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် (၁၀)ရက်၊ တနင်္ဂနွေနေ့တွင် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ရွာ ရွာလယ်ကျောင်းဆရာတော်ကို ဥပဇ္စျာယ်ပြု၍ ဆားမလောက်ရွာ ဦးဘိုးဝ+ဒေါ်စိန်တင် မိသားစု၊ ရွှေကျောင်းရွာ ဦးဘာဘာ+ ဒေါ်တင်မြိုင်၊ ရန်ကုန် ဦးကြူ+ဒေါ်ခင်မြင့်၊ ကြည့်မြင်တိုင် ဒေါ်စိန်မြမိသားစု၊ ဗဟန်း ဒေါ်ခင်လှ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းညွန့်နှင့်ဇနီး ဒေါ်ယဉ်ယဉ်ရွှေ မိသားစုတို့၏ ပစ္စယာနုဂ္ဂဟ ဖြင့် ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။ ရေစကြိုမြို့ အောင်မြေသာယာ သူဋ္ဌေးတိုက် သီရိမင်္ဂလာကျောင်း ဆရာတော် ဦးဝိမလ၊ ဦးဓမ္မပါလ၊ ဦးသြဘာသတို့ထံ၌ စာပေသင်ယူ ခဲ့ပါသည်။ ရေစကြိုဆရာတော်၏ ဆရာတော်မှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး ဖြစ်ပါသည်။

ဖြေဆိုအောင်မြင်ခဲ့သောစာ‌မေးပွဲများ၊ ဆပ်ကပ်ခံရသော ဘွဲ့များ

အစိုးရ ပထမပြန်စာမေးပွဲ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်း ကို နှစ်မခြားပဲ အောင်မြင်ခဲ့သည်။ ရေစကြိုမြို့၊ သူဋ္ဌေးတိုက် သီရိမင်္ဂလာကျောင်း၌ ကျင်းပသော သီရိမင်္ဂလာပရိယတ္တိစာမေးပွဲတွင် ပထမကြီး၌ ပထမဖြင့် အောင်မြင်ခဲ့၏။

၁၃၃၅ ခုနှစ် ဓမ္မာစရိယတန်းကို ညေယင်တုန်းမြို့၊ ရွှေဟင်္သာတောရ ပါဠိတက္ကသိုလ် ဆရာတော် ဦးဝိမ,(အဂ္ဂမဟာပဏ္ဍိတ) ထံမှ ဝင်ရောက်ဖြေဆိုရာ ရှင်သာမဏေ ကိုရင်ဘဝဖြင့် တစ်နှစ်တည်း ကျမ်းရင်းသုံးကျမ်းကို တစ်နိုင်ငံတွင် အမှတ်အများဆုံးဖြင့် အောင်မြင်၍ အဂ္ဂမဟာအကျော်ဘွဲ့ ရရှိခဲ့သည်။

ညောင်တုန်းမြို့၊ ရွှေကျင်နိကာယသာသန ပါလအသင်း၏ ဓမ္မာစရိယတန်းကို ပထမ၊ မဟာဝဂ္ဂါဒိ မြန်မာဂုဏ်ထူးဘွဲ့၊ ဝိနည်း အဘိဓမ္မာ ပါဠိဂုဏ်ထူး ပါဠိပါရဂူဘွဲ့များဖြင့် အောင်မြင်ခဲ့သည်။

(၃၁-၃၃)ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲတွင် ဝိနယဓရ၊ ဝိနယကောဝိဒ ဘွဲ့၊ (၃၄-၃၇)ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲတွင် ဒီဃဘာဏက၊ ဒီဃနိကာယ​ေကာဝိဒ ဘွဲ့များ အောင်မြင်ရရှိခဲ့သည်။

(၃၉)၊ (၄၂)ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲတွင် အဘိဓမ္မာ ရှေ့ပိုင်းငါးကျမ်း ပါဠိတော်နှင် အဋ္ဌကထာ ဋီကာတို့ကို ပြန်ဆိုရေးဖြေအောင်မြင်သည်။

ပဥ္စနိကာယ အသင်းစာမေးပွဲများတွင် ဝိနည်း၊ သုတ္တန် ဆိုင်ရာ ဘာဏက ဓမ္မာစရိယနှင့် မူလအာဘိဓမ္မိက၊ မဇ္စျိမ အာဘိဓမ္မိက ဥပရိအာဘိဓမ္မိကဘွဲ့များ ရရှိအောင်မြင်ခဲ့သည်။

၁၃၅၄ ခု၊ (၄၅)ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲတွင် စာမျက်နှာ (၃၅၄၈)ရှိ အဘိဓမ္မာ ပိဋက နောက်ပိုင်း (၈)ကျမ်း၊ ယမိုက်၊ ပဋ္ဌာန်း၊ ပါဠိတော်တို့ကို အာဂုံပြန်ဆိုအောင်မြင်သဖြင့် အဘိဓမ္မိက နှင့် အမိုးနိကနက္ကဒဏ် ထီးဖြူတော် သုံးလက် ဘွဲ့တံဆိပ်ပါရှိသော သာသနာအောင်လံ တော် အောင်လက်မှတ်များ ရရှိခဲ့သည်။

ရေစကြိုဆရာတော် အရှင်ဝါယာမိန္ဒသည် သင်ရိုးပိဋကတ်သုံးပုံကို အာဂုံပြန်ဆို ပြီးဆုံး အောင်မြင်၍ တိပိဋကဓရ အရှင်မြတ် ျဖစ္​လာခဲ့၏။ ၁၃၅၆- ၁၃၅၇ တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲတွင် ပိဋကတ် သုံးပုံ အောင်မြင်တော်မူ၍ တိပိဋကဓရ တိပိဋက ကောဝိဒ ဘွဲ့ကို ရရှိတော်မူ၍ မြန်မာနိုင်ငံ၌ ၆ပါးမြောက် ဆဋ္ဌတိပိဋကဓရဆရာတော် တစ်ပါးဖြစ်လာခဲ့ပါသည်။

သာသနာတော် ဆိုင်ရာ ဆောင်ရွက်ချက်များ

ယခုအခါ ရေစကြိုဆရာတော်ကြီးသည် ရန်ကုန်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက် တည်ထောင်တော်မူ၍ တိပိဋကလောင်းလျာ စာသင်သားသံဃာတော်များကို စာပေများ ပို့ချပေးတော်လျက် ရှိပါသည်။

ဆရာတော်၏ တပည့်များထဲမှ ပိဋကတ် သုံးပုံဆောင် ကျောက်ပန်းတောင်း တိပိဋကဓရ အရှင်ပညာဝံသာဘိဝံသနှင့် ဒီပဲယင်း တိပိဋကဓရ အရှင်ဝိစိတ္တသာရ ဆရာတော်နှစ်ပါး အာင်မြင်တော်မူလျက် ရှိပါသည်။

ထို့အပြင် ရေစကြိုဆရာတော်ကြီးသည် မန္တလေးမြို့၌ သန္တာဝါသစာသင်တိုက်ကို တည်ထောင်၍လည်း စာပေပရိယတ်များ သင်ကြားပို့ချပေးလျက်ရှိပါသည်။

ဆရာတော်၏ ဇာတိမြေ ရေစကြို ရွှေကျောင်းရွာတွင် ကုသိုလ်ဖြစ်ဆေးရုံ တည်ဆောက်ဖွင့်လှစ်ပေးထားလျက်ရှိပါသည်။[]

ရည်ညွှန်းကိုးကား

  1. ၁.၀ ၁.၁ ‌ဆောင်းပါး "တိပိဋကဓရ ရေစကြိုဆရာတော် ဘဒ္ဒန္တ ဝါယာမိန္ဒာဘိဝံသ မဟာထေရ်‌"၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃ ရက်၊ စာပန်းအိမ် ရေစကြို ဘလော့။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya