ဝိတိုရိယ ပြည်နယ်
ဝိတိုရိယပြည်နယ် သည် ဩစတြေးလျတိုက် ဓနသဟာယ ပြည်ထောင်စုတွင် ပါဝင်၍ တက်စမေးနီးယားကျွန်းမှလွဲလျှင် အငယ်ဆုံးပြည်နယ်ဖြစ်သည်။ ထိုပြည်နယ်သည် ဩစတြေးလျတိုက် အရှေ့တောင်ဘက်စွန်းတွင် တည်ရှိ၍ ၈၇,၈၈၄ စတုရန်းမိုင် ကျယ်ဝန်းသည်။ ပြည်နယ်တောင်ဘက် ပင်လယ်ကမ်းရိုးတန်းသည် ပင်လယ်လက်ကြား များစွာရှိ၍ မညီညာချေ။ ဂရိတ်ဒဗိုက်ဒင်းတောင်တန်းကြီးသည် ပြည်နယ်ကို အရှေ့အနောက် ဖြတ်သန်းလျက်ရှိသည်။ ထိုတောင်တန်း အရှေ့ ပိုင်းကို ဩစတြေးလီးယန်း အဲ့လပတောင်တန်းဟုခေါ်သည်။ တောင်တန်း များပေါ်တွင် ယူကလစ်တပ်ပင်ကဲ့သို့သော သစ်စေးပင်တောများ ဖုံးအုပ်လျက်ရှိသဖြင့် ရှုခင်းသာယာစိုပြည်သည်။ ပြည်နယ် အနောက်မြောက်ဘက်ပိုင်းတွင် မြက်ခင်းလွင်ပြင်များရှိသည်။ မာရေးမြစ်သည် ဝိတိုရိယပြည်နယ်နှင့် နယူးဆောက်ဝေးပြည်နယ်ကို ခြားထားသော မြောက်ဘက်နယ်နိမိတ်ဖြစ်သည်။ ပြည်နယ်အတွက် အဓိကရေကြောင်းခရီးလမ်းလည်းဖြစ်သည်။ ပို့ဖိလစ်အမည်ရှိ ပင်လယ်အော်သည် နက်ရှိုင်းကျယ်ဝန်းသဖြင့် အကြီးဆုံးပင်လယ်ကူးသင်္ဘောများပင် ဆိုက် ကပ်နိုင်သည်။ ဝိတိုရိယ ပြည်နယ်၏မြို့တော် မဲလဗုန်းမြို့သည် ထိုပင်လယ်အော် ကမ်းခြေပေါ်၌တည်ရှိ၍ ဩစတြေးလီးယားတိုက်တွင် ဆစ်ဒနီမြို့မှလွဲလျှင် အကြီးဆုံးမြို့ဖြစ်သည်။ ဝိတိုရိယပြည်နယ်၏ ရာသီဥတုသည် အခြားပြည်နယ်များထက် ပို၍အေးသည်ဟုဆိုရသော်လည်း ဆောင်းတွင်း၌ တောင်ထိပ်များပေါ်တွင်သာ ဆီးနှင်းကျသည်။ အခြားအရပ်ဒေသများ၌မူကား ရာသီဥတု မျှတညီညွတ်သည်။ နွေအခါ၌ တစ်ရံတစ်ခါ အပူချိန်ဖာရင်ဟိုက် ဒီဂရီ ၁ဝဝ ကျော်အထိ တက်သွားတတ်သည်။ မိုးအသင့်အတင့်ရွာသည်။ ဩစတြေးလီးယားတိုက်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အကြီးအကျယ်ဆုံးလုပ်ကိုင်သော ပြည်နယ်ဖြစ်သည်။ စိုက်ပျိုးလုပ်ကိုင်သော မြေ ဧကပေါင်း ခုနစ်သန်းကျော်ရှိ၍ ဂျုံ၊ မြင်းစားဂျုံ၊ မုယော၊ အာလူးနှင့် မြက်ခြောက်တို့ကို အဓိကစိုက်ပျိုးသည်။ သစ်သီးစိုက်ပျိုးရေးလုပ်ငန်းနှင့် ဝိုင်အရက်ချက်လုပ်ငန်းတို့သည်လည်း တိုးတက်လျက်ရှိသည်။ ထို့ပြင် သိုး၊ နွားတိရစ္ဆာန် မွေးမြူရေးလုပ်ငန်းသည်လည်း ထင်ရှားသော လုပ်ငန်းကြီး တစ်ခုဖြစ်သည်။ ၁၉ ရာစုအလယ်ခန့်တွင် ဝိတိုရိယပြည်နယ်၌ ရွှေကို စတင်တွေ့ရှိခဲ့ကြ၏။ ဗလာရပ်နှင့် ဗင်ဒီဂိုမြို့များအနီးရှိ ရွှေတွင်းများမှာ ရွှေ အမြောက်အမြားထွက်သဖြင့် ထင်ရှားသည်။ ယခုအခါ၌ ရွှေအထွက် လျော့နည်းသွားပြီဖြစ်၍ ကျောက်မီးသွေးသည် ပြည်နယ်၏အဓိက တွင်းထွက်ပစ္စည်းဖြစ်သည်။ ငွေ၊ သံဖြူနှင့် ခနောင်စိမ်းတို့ကိုလည်း တူးဖော်ရရှိသည်။ ကပ္ပတိန်ကွတ်သည် ၁၇၇ဝ ပြည့်နှစ်တွင် ဗော်တနီပင်လယ်အော်သို့ ခရီးထွက်လာစဉ်က ထိုဒေသကို စတင်တွေ့ရှိခဲ့သည်။ သို့ရာတွင် ၁၈၃၄ ခုနှစ်သို့ရောက်ခါမှ ပို့ဖိလစ်ပင်လယ်အော် အနီးအနားဒေသတွင် လူများ အခြေစိုက်နေထိုင်ခဲ့ကြသည်။ ဝိတိုရိယပြည်နယ်ဒေသသည် မူလက နယူးဆောက်သဝေးပြည်နယ်ထဲ၌ ပါဝင်ခဲ့သည်။ ၁၈၅၁ ခုနှစ်တွင် သီးခြားပြည်နယ်အဖြစ် တည်ထောင်ပြီးလျှင် ဝိတိုရိယဘုရင်မကိုအစွဲပြု၍ ဝိတိုရိယပြည်နယ်ဟု အမည်ပေးခဲ့သည်။ ၁၉ဝ၁ ခုနှစ်တွင် ဩစတြေးလျတိုက် ဓနသဟာယပြည်ထောင်စု၌ ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိသော ပြည်နယ်တစ်နယ် ဖြစ်လာသည်။ ဗြိတိသျှဘုရင်က ခန့်အပ်သော ဘုရင်ခံသည် ဝန်ကြီးအဖွဲ့၏ အကူအညီဖြင့် ပြည်နယ်ကို အုပ်ချုပ်ရသည်။ အမတ်ဦးရေ ၃၄ ယောက် ပါဝင်သော အောက်လွှတ်တော်ဟူ၍ လွှတ်တော်နှစ်ရပ်ကို ဖွဲ့စည်းထားရှိသည်။ အထက်လွှတ်တော် အမတ်များကို ခြောက်နှစ်လျှင် အမတ်များကို သုံးနှစ်လျှင်တစ်ကြိမ် ရွေးကောက်တင်မြှောက်ရသည်။ အမျိုးသမီးများလည်း မဲဆန္ဒပေးခွင့်ရရှိသည်။ ဝိတိုရိယပြည်နယ်မှ ကန်းဗရားမြို့တော်ရှိ ဗဟိုပါလီမန်လွှတ်တော်သို့ အထက်လွှတ်တော်ကိုယ်စားလှယ် ၃၃ ဦးတို့ကို စေလွှတ်ခွင့်ရသည်။ အသက် ၆ နှစ်မှ ၁၄ နှစ်အတွင်းရှိ ကလေးတိုင်း မူလတန်းပညာကို မသင်မနေရဟူ၍ ဥပဒေဖြင့် ပြဋ္ဌာန်းထားသည့်ပြင် အခမဲ့သင်ကြားခွင့်ကိုလည်း ပေးထားသည်။ မဲလဗုန်းမြို့ရှိ အစိုးရအထောက်အပံ့ခံတက္ကသိုလ်ကို ၁၈၅၅ ခုနှစ်ကစတင် တည်ထောင်ခဲ့သည်။ ၁၈၅၁ ခုနှစ်တွင် ဝိတိုရိယပြည်နယ်၌ ရွှေကို တွေ့ရှိရသဖြင့် နှစ်အနည်းငယ်အတွင်း လူဦးရေသည်လည်း များစွာတိုးတက်လာခဲ့သည်။ [၆] ကိုးကား
|
Portal di Ensiklopedia Dunia