အခြေခံသရများ![]() ![]() ![]() ![]() အခြေခံသရများ (အင်္ဂလိပ်: Cardinal vowels) ဆိုသည်မှာ သဒ္ဒဗေဒပညာရှင်များ ဘာသာစကားများ၏ အသံများကို ဖော်ပြရာတွင် သုံးစွဲသော ရည်ညွှန်းကိုးကားစရာ သရအစုအဝေးတစ်ခုဖြစ်သည်။ထိုသရများကို လျှာ၏ အရှေ့၊ အနောက်၊ အနိမ့်၊ အမြင့်၊ နှုတ်ခမ်းပုံစံ (ဝိုင်း/ဖြန့်) စသည်တို့အပေါ်၌ ခွဲခြားကြသည်။ အခြေခံသရတစ်လုံးဆိုသည်မှာ လျှာသည် အဆုံးစွန်သောတည်နေရာ၌ (ခံတွင်း၏ အရှေ့ (သို့) အနောက်၊ အထက် (သို့) အောက်) တည်ရှိနေသောအခါ ထွက်ရှိလာသော အသံဖြစ်သည်။ လက်ရှိစနစ်ကို စနစ်တကျဖြစ်စေသူမှာ ၂၀ ရာစု အစောပိုင်းခန့်က ဒန်းညာ ဂျုံးဇ်ဖြစ်သည်။[၁] သို့ရာတွင် ဤစိတ်ကူးသည်ကား အဲလစ် (Ellis)[၂] နှင့် ဘီလ် (Bill)[၃] ဟု ထင်ရှားသော သဒ္ဒဗေဒပညာရှင် နှစ်ဦး၏ အကြံဉာဏ်ပင်ဖြစ်၏ ။ အခြေခံသရများ ဇယားအခြေခံသရများထဲက [i], [ɑ] နှင့် [u] သုံးခု၌ ကရိုဏ်း (လျှာ) နှင့်ပတ်သက်သော အဓိပ္ပာယ် ဖွင့်ဆိုချက်များရှိသည်။ [i] သရကို အဖြစ်နိုင်ဆုံးအနေအထားအရ လျှာသည် ခံတွင်း၏ ရှေ့ဆုံးနှင့် အမြင့်ဆုံးနေရာတို့၌ထား၍ နှုတ်လမ်းကို ဖြန့်ပြီး အသံကို ထုတ်လုပ်သည်။ သို့သော် ပွတ်တိုက်/ပိတ်ဆို့မှု မဖြစ်ရပေ။ [u] သရကို ထုတ်လုပ်ရာတွင် အဖြစ်နိုင်ဆုံးအနေအထားဖြင့်ပင် လျှာသည် ခံတွင်း၏ နောက်ဆုံးနှင့် အမြင့်ဆုံးထားကာ နှုတ်ခမ်းကို ဝိုင်းရသည်။ ဤအသံသည် ဝီစီကို ညင်သာစွာမှုတ်ခြင်း (သို့) ဖယောင်းတိုင်မီးကို ငြိမ်းသတ်ခြင်း ပုံစံဖြင့်ဖြစ်၏ ။ [ɑ] ကိုကား လျှာသည် ခံတွင်း၏ အောက်ဆုံးနေရာနှင့် နောက်ဆုံးနေရာ၌ ဖြစ်နေရမည်။ ပွတ်တိုက်/ပိတ်ဆို့သံ ဖြစ်ပေါ်လာပါက သရမဟုတ်ဘဲ ဗျည်းသံဖြစ်သည်။ အခြားသရများသည် ဤထောင့်သုံးထောင့်ရှိ [i], [ɑ] နှင့် [u] သရများကြား လျှာ၏ နိမ့်မြင့်သဘော၌ "ကြားမှုဆိုင်ရာ အကွာအဝေးတူညီ" ကြသည်။ ဥပမာ : အပိတ် (လျှာအမြင့်ဆုံး) ၊ တစ်ဝက်ပိတ်၊ တစ်ဝက်ပွင့်/ဖွင့် ၊ အပွင့်/ဖွင့် (လျှာအနိမ့်ဆုံး) စသည်တို့ဖြစ်ကြသည်။ ထိုသို့ ထက်အောက်သဘောအပြင် ရှေ့နောက်သဘောထင်ရှားမှုသည် ရည်ညွှန်းကိုးကား သရရှစ်ခုကို ကြားမှုဆိုင်ရာနှင့် ကရိုဏ်းလုပ်ဆောင်မှုတို့ကြား ရောနှောပေါင်းစပ်ထားသည့် မှတ်ကျောက်ပေတံတစ်ခုပေါ်၌ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ခဲ့သည်။ ဤသရရှစ်ခုကိုပင် "မူလအခြေခံသရ" (primary cardinal vowels) ဟု ခေါ်ဝေါ်ကြပြီး ဤသို့သရများသည် ကမ္ဘာပေါ်ရှိ ဘာသာစကားများတွင် အသုံးများ တည်ရှိကြသည်။ သက်ဆိုင်ရာ သရတစ်ခုခြင်းစီတွင် နှုတ်ခမ်းပုံစံ နောက်တစ်ခုထပ်ရှိပြန်သည်။ ဥပမာပေးရသော် သရအမှတ် (၁) ကို သူ့အနောက်က သရအမှတ် (၈) ကဲ့သို့ နှုတ်ခမ်းဝိုင်းပုံစံဖြင့် ထုတ်လုပ်နိုင်သည်။ ထိုသို့ နှုတ်ခမ်းပြောင်းပြန်ပုံစံရှိသော သရများကို "ဆင့်ပွားအခြေခံသရ" ဟု ခေါ်ဝေါ်ကြသည်။ ဤသရသံများသည် မူလအခြေခံသရထက် ကမ္ဘာပေါ်ရှိ ဘာသာစကားများ၌ တည်ရှိမှုနည်းသည်ဟု ဆိုကြသည်။[၄] အခြားသောသရများကိုလည်း နိုင်ငံတကာသဒ္ဒဗေဒအက္ခရာ ပြဇယားတွင် အသိအမှတ်ပြုထားကြသည်။ ဂျုံးဇ်က အခြေခံသရစနစ်ကို ထိထိရောက်ရောက် သုံးစွဲနိုင်ရန်၊ သရများကို ထုတ်လုပ်ခြင်း၊ မှတ်မိသိမြင်ခြင်းရှိရန် တစ်ယောက်သောသူသည် ကျွမ်းကျင်သော သဒ္ဒဗေဒပညာရှင်တစ်ဦးနှင့် လေ့ကျင့်ရမည်ဟု ဆိုသည်။[၅] အခြေခံသရများသည် ဘာသာစကားတစ်ခုအတွက် သီးသန့်သရများမဟုတ်ပေ။ ရည်ညွှန်းတိုင်းတာသည့် စနစ်သာဖြစ်၏ ။ သို့ရာတွင် ဘာသာစကားအချို့၌ ဤအခြေခံသရများ (သို့) ဆင်တူနီးကပ်သောသရများ ပါဝင်တည်ရှိနေကြသည်။[၆] နမူနာဘာသာစကားတစ်ခုမှာ ကင်မရွန်းနိုင်ငံတွင် ပြောသော ငွဲ့ (Ngwe) စကားဖြစ်၍ သရရှစ်ခုသာရှိသည်ဟု ဖော်ပြကြပြီး ထိုသရရှစ်ခုမှာလည်း အခြေခံသရ ရှစ်ခုနှင့် အတော်လေး ဆင်တူသည်။(Ladefoged 1971:67).
အခြေခံသရ ၁၉-၂၂ တို့ကို ဘာသာဗေဒပညာရှင် ဒေးဗစ် အဘာခရောန်ဘီ က ထည့်သွင်းပေးခဲ့သည်။[၇] အိုင်ပီအေအမှတ်စဉ်၌ အခြေခံသရများ ၁-၁၈ သည် အမှတ်စဉ်တူညီကြသည်။ (ထိုဂဏန်းကို သတ်မှတ်ချက်အရ ၃၀၀ ပေါင်းရမည်၊ ထို့ကြောင့် ၃၀၁ က စတင်၏ ။)[၈] အခြေခံသရစနစ်၏ တိကျမှန်ကန်မှု ကန့်သတ်ချက်အခြေခံသရစနစ်၏ ပုံမှန်ရှင်းလင်းချက်က ဆိုသည်မှာ ကျွမ်းကျင်သော အသုံးပြုသူသည် မူလနှင့် ဆင့်ပွားအခြေခံသရ (၁၆) လုံးနှင့် အခြားအလယ်သရအနည်းငယ်တို့ကြား ကွဲပြားမှုကို စိတ်ချယုံကြည်စွာ ခွဲခြားနိုင်သည်။ နိုင်ငံတကာသဒ္ဒဗေဒအသင်းက ထပ်မံပံ့ပိုးထားသော ဖြည့်စွက်သင်္ကေတများက သရတို့၏ကြားတန်ဖိုးများကို ယုံယုံကြည်ကြည် ခွဲခြားနိုင်သည်ဟု ဆိုလေသည်။ သဒ္ဒဗေဒပညာရှင်တစ်ဦးသည် အရှေ့တစ်ဝက်ပိတ်အပြန့်သရ [e] ၊ အရှေ့တစ်ဝက်ဖွင့်အပြန့်သရ [ɛ] တို့ကိုသာမက အရှေ့တစ်ဝက်အပြန့်သရ [e̞] ၊ အလယ်ယိမ်း အရှေ့တစ်ဝက်အပြန့်သရ [ë] စသည် စသည်တို့ကိုလည်း မှတ်မိသိမြင်၊ ထုတ်လုပ်နိုင်သည်ဟူ၍ ဆိုလေသည်။ ဤသည်မှာ သရအရေအတွက် လေးငါးဆယ်ခန့်ကို (ခွဲနိုင်သည်ဟု) ညွှန်းဆိုခြင်းဖြစ်လေရာ လက်တွေ့သဘောအားဖြင့် လေ့ကျင့်ထားသော သဒ္ဒဗေဒပညာရှင်ပင် ဤသို့သော အရည်အသွေးရရန် ခက်ခဲပေသည်။ ၁၉၅၀-၆၀ နှစ်များက ထုတ်ဝေသော စိတ်ကူးနည်းသစ်များဖြင့် စမ်းသပ်ချက်အများအပြားတွင် လာဒစ်ဖိုးဂစ်ဒ် (Ladefoged) က လေ့ကျင့်ထားသည့် သဒ္ဒဗေဒပညာရှင်များသည် စကော့(တစ်ရှ်) ဂေးလစ်ခ် ဒေသယိစကားရှိ သရများကို မည်သို့ကိုင်တွယ်စီမံသည်ကို လေ့လာခဲ့သည်။ သဒ္ဒဗေဒပညာရှင် (၁၈) ဦးကို ဂေးလစ်ခ်စကားပြော ဒေသခံတို့၏ သရသံ (၁၀) လုံးကို အသံဖမ်းထားမှုအား နားထောင်စေ၍ သရစတုဂံတွင် နေရာမှတ်ခိုင်းသည်။ ထို့နောက် လာဒစ်ဖိုးဂစ်ဒ်က ထိုပညာရှင်များကြား မှန်ကန်ကိုက်ညီမှု၊ မကိုက်ညီမှုတို့ကို လေ့လာခဲ့ရာ ဒန်းညာဂျုံးဇ် တည်ထွင်တိုးတက်စေခဲ့သော ဗြိတိသျှအသံထွက်စဉ်လာသဘောဖြင့် လေ့ကျင့်ခဲ့သူများသည် ဤသို့သော လေ့ကျင့်မှုမရှိသူများထက် (သရ)ဆုံးဖြတ်ရာတွင် ပို၍ နီးစပ်မှုရှိသည်ဟူသောအချက်ကို ထုတ်ဖော်ထောက်ပြနိုင်ခဲ့လေသည်။ သို့ရာတွင် အထင်ရှားဆုံးရလဒ်မှာ အခြေခံသရတန်ဖိုးများနှင့် ဝေးကွာသော သရများကိုကား နားထောင်သူအားလုံးကြား၌ ကြီးမားစွာ ကွဲပြားမှုရှိပေသည်။[၉] ကိုးကား
|
Portal di Ensiklopedia Dunia