အင်္ဂါဂြိုဟ်၏ ဂြိုဟ်ရံလများ
အင်္ဂါဂြိုဟ်၌ ဂြိုဟ်ရံလ ၂ စင်းရှိပြီး ဖိုဘော့စ်နှင့် ဒိုင်မိုစ် တို့ဖြစ်ကြသည်။[၁] နှစ်ခုစလုံးအား ၁၈၇၇ ခုနှစ် ဩဂုတ်လတွင် Asaph Hall ဆိုသူက ရှာဖွေတွေ့ရှိခဲ့သည်။[၂] ဖိုဘော့စ်သည် အင်္ဂါဂြိုဟ်နှင့် ပိုမိုနီးကပ်ပြီး ၉,၃၇၇ km (၅,၈၂၇ mi) ကွာဝေးကာ ဒိုင်မိုစ်သည် ၂၃,၄၆၀ km (၁၄,၅၈၀ mi) ကွာဝေးသည်။ အကယ်၍ ဖိုဘော့စ်အား အင်္ဂါဂြိုဟ်မျက်နှာပြင်ရှိ အီကွေတာအနီးမှ ကြည့်မည်ဆိုပါက လကမ္ဘာ၏ ၃ ပုံ ၁ ပုံခန့် မြင်ရမည်ဖြစ်ပြီး ဒိုင်မို့စ်ကိုမူ ဗီးနပ်စ်ဂြိုဟ်ထက် အနည်းငယ်ကြီးသော ကြယ်တစ်စင်းအဖြစ် မြင်ရမည်ဖြစ်သည်။ အကယ်၍ လေ့လာသူသည် အီကွေတာမှ ဝေးကွာသည်နှင့်အမျှ မြင်နိုင်သော အရွယ်အစားမှာလည်း ပိုမိုသေးငယ်သွားမည်ဖြစ်ကာ ဝင်ရိုးစွန်းမှကြည့်လျင် လုံးဝပျောက်ကွယ်သွားမည်ဖြစ်သည်။ အင်္ဂါဂြိုဟ်၏ ဂြိုဟ်ရံလများသည် နေအား ဖုံးကွယ်ရန် အရွယ်အစား မကြီးသောကြောင့် နေအပြည့်ကြတ်ခြင်း မရှိပေ။ တနည်းအားဖြင့်ဆိုသော် ဖိုဘော့စ်၏ လအပြည့်ကြတ်ခြင်းဖြစ်စဉ်သည် ညတိုင်းလိုလို ဖြစ်ပျက်သည်။[၃] ဖိုဘော့စ်နှင့် ဒိုင်မိုစ်တို့၏ ရွေ့လျားမှုသည် မိမိတို့လကမ္ဘာနှင့် လွန်စွာကွဲပြားမည်ဖြစ်သည်။ မြန်ဆန်သော ဖိုဘော့စ်သည် အနောက်ဘက်မှ ထွက်လာပြီး အရှေ့အရပ်၌ ဝင်သွားကာ ၇ နာရီကြာလျင် ပြန်ထွက်လာသည်။ ယင်းအချိန်၌ ဒိုင်မိုစ်သည် အင်္ဂါဂြိုဟ်အား တစ်ပတ်လှည့်မိရန် နာရီ ၃၀ ခန့်သာ ကြာမြင့်သော်လည်း အင်္ဂါဂြိုဟ်မျက်နှာပြင်မှ လေ့လာသူအတွက်မူ အနောက်အရပ်မှ ထွက်ပေါ်လာပြီး အရှေ့အရပ်သို့ ဝင်သွားရန် ၂.၇ ရက် ကြာမြင့်မည်ဖြစ်သည်။ ဂြိုဟ်ရံလ ၂ စင်းစလုံးသည် ဒီရေပိတ်လှောင်ခြင်း (tidal lock) ဖြစ်နေပြီး မျက်နှာပြင်တစ်ဘက်သည် အင်္ဂါဂြိုဟ်ဘက်သို့ အမြဲမျက်နှာမူလျက်ရှိသည်။ ယင်းကဲ့သို့ tidal force ကြောင့် အတွင်းပိုင်း ပိုကျသည့် ဖိုဘော့စ်သည် နောင်အနာဂတ်ကာလတစ်ခုတွင် ပျက်စီးပြိုကွဲသွားမည်ဖြစ်သည်။[၄]
ကိုးကား
|
Portal di Ensiklopedia Dunia