အမေရိကန်ပြည်ထောင်စု ဆီးနိတ်
အမေရိကန်ပြည်ထောင်စု ဆီးနိတ် (အင်္ဂလိပ်: the United States Senate) သည် အမေရိကန်ပြည်ထောင်စု ဥပဒေပြုလွှတ်တော်မှ အထက်လွှတ်တော်ဖြစ်၍ အောက်လွှတ်တော်ကို "House of Representatives" ဟု ခေါ်ဆိုသည်။ လွှတ်တော်နှစ်ရပ်ဖြင့် ဥပဒေပြုသောစနစ်ကို ကျင့်သုံးသည်။ အထက်လွှတ်တော် ဖွဲ့စည်းခြင်းနှင့် အခွင့်အာဏာများကို အမေရိကန်ပြည်ထောင်စု၏ အခြေခံဥပဒေ အပိုဒ်ခွဲ (၁) ကပြဋ္ဌာန်းပေးထားသည်။[၂] ဆီးနိတ်ကို အထက်လွှတ်တော်အမတ်များ (senators) ဖြင့်ဖွဲ့စည်းထား၍ တစ်ဦးချင်းစီသည် ပြည်နယ်တစ်ခုကို လုံးလုံးလျားလျား ကိုယ်စားပြုသည်။ ပြည်နယ်တစ်ခုကို အချိန်တစ်ထပ်တည်းမကျသည့် သက်တမ်း (၆) နှစ်ကို ထမ်းဆောင်သော အမတ်နှစ်ဦးက ကိုယ်စားပြုပေးသည်။ လက်ရှိတွင် ပြည်နယ် (၅၀) ကို ကိုယ်စားပြုသော အထက်လွှတ်တော်အမတ် (၁၀၀) ရှိကာ ဒုတိယသမ္မတသည် အထက်လွှတ်တော်၏ သဘာပတိ၊ လွှတ်တော်နာယကဖြစ်ကာ၊ အကယ်၍ အမတ်များ၏ မဲခွဲဆုံးဖြတ်မှု တူညီနေမှသာလျှင် ဒုတိယသမ္မတသည် အဆုံးအဖြတ်မဲပေးခွင့်ရှိသည်။ ဒုတိယသမ္မတ မရှိသည့်ကာလ (ပျက်ကွက်) တွင် (ဒုတိယသမ္မတပြီးနောက်) ရာထူးအဆင့်အတန်းအမြင့်ဆုံးပုဂ္ဂိုလ်က ဆောင်ရွက်သည်။ ထိုသို့သောပုဂ္ဂိုလ်ကို ဆီးနိတ်တွင် အနိုင်ရလွှမ်းမိုးထားသော ပါတီ၏ သက်ကြီးဝါကြီးပုဂ္ဂိုလ် ဖြစ်လေ့ရှိ၏ ။ ကွန်ဂရက်၏ အထက်လွှတ်တော် ခန်းမဆောင်ဖြစ်သော ဆီးနိတ်တွင် အခွင့်အာဏာအချို့ရှိလေရာ "ဆက်လက်တိုင်ပင် အတည်ပြုခြင်း" (advice and consent) ဟူသော အာဏာဖြစ်၍ အမြင့်ဆုံးဟု ဆိုနိုင်သည်။ ဤ"ဆက်လက်တိုင်ပင် အတည်ပြုခြင်း" အာဏာတွင် အစိုးရအဖွဲ့ဝင်များ၊ တရားရုံးချုပ် တရားသူကြီးများ၊ ပြည်ထောင်စုတရားသူကြီးများ၊ ကြည်း ရေ လေ တပ်မတော်မှ အရာရှိများ၊ အခွင်ြအာဏာပိုင်အရာရှိများ (regulatory) ၊ သံအမတ်များ၊ ပြည်ထောင်စု အုပ်ချုပ်ရေးအရာရှိများ၊ အခြားပြည်ထောင်စုအဆင့်ရှိ အရာရှိများပါဝင်လေသည်။ ဒုတိယသမ္မတလောင်းနှစ်ဦးစလုံးသည် မဲဆန္ဒရှင် (ပြည်ထောင်စုကိုယ်စားလှယ်များအဖွဲ့၏မဲ - Electoral College) အရေအတွက်အများစု မရပါက ရွေးကောက်ရမည့်တာဝန်သည် ဆီးနိတ်အပေါ်ကျရောက်လာ၍ တစ်ဦးကို ရွေးချယ်ပေးရသည်။ ထို့အပြင် ဆီူနိတ်သည် အောက်လွှတ်တော်က အတည်ပြုတင်သွင်းလာသော "ရာထူးဖယ်ရှားခြင်း" (Impeachment) ကို ဆက်လက်ဆောင်ရွက်ကြသည်။ ဆီးနိတ်သည် သက်တမ်းအားဖြင့် ပို၍ကြာခြင်း၊ ဖွဲ့စည်းပါဝင်သည့် အရေအတွက်နည်းခြင်း၊ ပြည်နယ်၌ မဲဆန္ဒနယ်နည်းပါးခြင်းတို့ကြောင့် အောက်လွှတ်တော်ထက်ပို၍ စဉ်းစားသုံးသပ်နိုင်ခြင်း[၃] ဂုဏ်သိက္ခာပိုရှိခြင်း[၄][၅][၆] စသည့် အရည်အသွေးများကိုပိုင်ဆိုင်ကာ ထိုကျစ်လျစ်သည့် အချက်များကပင် သမိုင်းတစ်လျှောက် တာဝန်ခွဲဝေယူနိုင်မှုပိုမိုအားကောင်းပြီး နိုင်ငံရေး(ပါတီ) သဘောအရလည်း ဘက်လိုက်မှုနည်းသည်ဟု ကျယ်ပြန့်စွာ ယူဆသတ်မှတ်ကြလေသည်။[၇] ၁၇၈၉ မှ ၁၉၁၃ အထိ ဆီးနိတ်အမတ် (အထက်လွှတ်တော်အမတ်) များကို ၎င်းတို့ကိုယ်စားပြု ယှဉ်ပြိုင်သော ပြည်နယ်များ၏ ဥပဒေပြုလွှတ်တော်များက ခန့်အပ်ခဲ့ကြသည်။ ၁၉၁၃ ၌ အခြေခံဥပဒေပြင်ဆင်ချက် (၁၇) ကို အတည်ပြုခဲ့ပြီးနောက် ယခုတွင် မဲအရေအတွက်ဖြင့်သာ (popular vote) ရွေးကောက်ကြ၏ ။ ၁၉၂၀ အစောပိုင်းနှစ်များတွင် လွှတ်တော်ခန်းမ ခေါင်းဆောင်များကို ရွေးချယ်သော လူများစုပါတီ၊ လူနည်းစုပါတီ သတ်မှတ်သည့်စနစ်ကို စတင်ကျင့်သုံးခဲ့ကြသည်။ ဆီးနိတ်၏ ဥပဒေပြရေး၊ အုပ်ချုပ်ရေးအပိုင်းများကို ဆီးနိတ်၏ လူများစုပါတီခေါင်းဆောင်က စီစဉ်ကိုင်တွယ်၍ အချိန်ဇယားသတ်မှတ်သည်။ ဆီးနိတ်ခန်းမဆောင်သည် အမေရိကန်ပြည်ထောင်စု ကာပီတယ်လ်အဆောက်အအုံ၏ မြောက်ဘက်ဆောင်တွင်တည်ရှိသည်။
[[ မှတ်စု
ကိုးကား
|
Portal di Ensiklopedia Dunia