အီတလီ အမျိုးသား ဘောလုံးအသင်း
အီတလီ အမျိုးသား ဘောလုံးအသင်း (အီတလီ: Nazionale di calcio dell'Italia; အင်္ဂလိပ်: Italy national football team) သည် နိုင်ငံတကာ ဘောလုံးအားကစားတွင် ၁၉၁၀ခုနှစ် ၎င်းတို့၏ပထမဆုံးပွဲမှစတင်၍ အီတလီနိုင်ငံကို တရားဝင်ကိုယ်စားပြု ကစားခဲ့သည်။ အသင်းသည် ဖီဖာအဖွဲ့၏ နိုင်ငံတကာ စီရင်မှုအောက်တွင်ရှိပြီး ဥရောပတွင် ဥရောပ ဘောလုံးအဖွဲ့ချုပ် ကကိုင်တွယ်သည်။ ဥရောပ ဘောလုံးအဖွဲ့ချုပ်ကို အီတလီ ဘောလုံးအဖွဲ့ချုပ် (FIGC) က ပူးတွဲတည်ထောင်ခဲ့ခြင်းဖြစ်သည်။ အီတလီအသင်း၏ အိမ်ကွင်းပွဲစဉ်များကို အီတလီအနှံ့ရှိ အားကစားကွင်းများ၌ ကျင်းပကြပြီး အသင်းလေ့ကျင့်ရေးကွင်း 'Centro Tecnico Federale di Coverciano' သည် ဖလောရန့်စ်မြို့၏ အနီးနားမြို့ ကိုဗေးချားနို မြို့တွင် တည်ရှိသည်။ ဖီဖာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်တွင် အအောင်မြင်ဆုံးသော အသင်းများအနက် တစ်သင်းဖြစ်၍ ကမ္ဘာ့ဖလား လေးကြိမ် (၁၉၃၄၊ ၁၉၃၈၊ ၁၉၈၂၊ ၂၀၀၆) ရရှိခဲ့ကာ ၁၉၇၀နှင့် ၁၉၉၄ ကမ္ဘာ့ဖလားများတွင် ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပြီး ၁၉၉၀ တွင် တတိယ၊ ၁၉၇၈ တွင် စတုတ္ထအဆင့်များ ရရှိခဲ့သည်။ ၁၉၃၈ တွင် ကမ္ဘာ့ဖလားအနိုင်ရဆုဖလားကို ပထမဆုံး ကာကွယ်နိုင်သည့် အသင်းဖြစ်လာပြီး ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားမှုကြောင့် ယင်းဆုဖလားကို နောက်ထပ် (၁၂)နှစ်တိုင်တိုင် ထိန်းသိမ်းနိုင်ခဲ့သည်။ 'ဥရောပ အလယ်ပိုင်း နိုင်ငံတကာဖလား' (Central European International Cup) ကို ၁၉၂၇-၃၀ ပြိုင်ပွဲ နှင့် ၁၉၃၃-၃၅ ပြိုင်ပွဲတို့တွင်လည်း အနိုင်ရရှိခဲ့သည်။ ပထမဆုံး ကမ္ဘာ့ဖလားဆုနှစ်ခုကြားတွင် အိုလံပစ်ဘောလုံးပြိုင်ပွဲ (၁၉၃၆) ၌လည်း အနိုင်ရရှိခဲ့ပေသည်။ ၁၉၄၉ လေယာဉ်ပျက်ကျမှု၌ အသင်း၏ အများစုသော ကစားသမားများ သေဆုံးခဲ့ရပြီး နောက်ထပ်ကျင်းပခဲ့သော ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ရပ်တွင် အုပ်စုအဆင်မှ မကျော်နိုင်ခဲ့သည့်အခြေနေနှင့် ၁၉၅၈ ပြိုင်ပွဲတွင် ခြေစစ်ပွဲပင် မအောင်သော အခြေနေများ တွေ့ကြုံခဲ့ရသည်။ ယင်းနောက်ပိုင်း ပြုလုပ်သော ကမ္ဘာ့ဖလားခြေစစ်ပွဲများ အောင်မြင်ပြီး ၂၀၁၈ ခြေစစ်ပွဲတွင် အောင်မြင်ခဲ့ခြင်းမရှိပေ။ ၁၉၆၈ ခန့်တွင် အီတလီအသင်းသည် ပြန်လည်စုစည်းနိုင်ခဲ့ပြီး ၁၉၆၈ ဥရောပဖလား ရရှိခဲ့သည်။ ဥရောပဖလား ခြေစစ်ပွဲများ မအောင်မြင်ခဲ့သော ကာလများရှိခဲ့ပြီး ၂၀၀၀ နှင့် ၂၀၁၂ တို့တွင် ဥရောပဖလား ဗိုလ်လုပွဲသို့ ရောက်ရှိခဲ့ကာ ၂၀၂၀ ဥရောပဖလားပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သည်။[မှတ်စု ၁] FIFA Confederations Cup ပြိုင်ပွဲ၏ အမြင့်ဆုံးအဆင့် အနေဖြင့် ၂၀၁၃၌ တတိယနေရာ ရခဲ့၏။ အီတလီအသင်းကို 'ယက်သ်ဇူရီ' (gli Azzurri) အပြာရောင်များ (မိုးပြာရောင်) အဖြစ်သိရှိကြ၍ ထိုအပြာဖျော့ (Savoy blue) သည် အီတလီနိုင်ငံကို ကိုယ်စားပြုသော နိုင်ငံအသင်းများ၏ အသုံးများသော အရောင်ဖြစ်သည်။ ၁၈၆၀ မှ ၁၉၄၆ အထိ အီတလီဘုရင့်နိုင်ငံကို အုပ်စိုးသွားခဲ့သော စာဗွိုင်းမင်းဆက် အိမ်တော်(နန်းတော်) (House of Savoy) ၏ ရိုးရာဆေးအရောင်လည်း ဖြစ်သည်။ အီတလီ အမျိုးသား ဘောလုံးအသင်းသည် အခြားထိပ်တန်း ပြိုင်ဖက်အသင်းများနှင့် နှစ်ကာလရှည်စွာ ပြိုင်ဖက်ဖြစ်ခြင်းကြောင့်လည်း ကျော်ကြားသည်။ ဘရာဇီးအသင်း၊ ခရိုအေးရှားအသင်း၊ ပြင်သစ်အသင်း၊ ဂျာမနီအသင်းနှင့် စပိန်အသင်းတို့ဖြစ်ကြသည်။ ဖီဖာ ကမ္ဘာ့စာရင်းတွင် အီတလီသည် အဆင့် (၁) အကြိမ်အချို့ရရှိခဲ့ပြီး (၁၉၉၃ ဩဂုတ်မှ နိုဝင်ဘာ၊ ၂၀၀၇ ရှိ အချို့လများ) အဆိုးရွားဆုံးရလဒ်မှာ ၂၀၁၈ ဩဂုတ်တွင် ကမ္ဘာ့အဆင့် (၂၁) ရရှိခဲ့သည်။ မှတ်စု
ကိုးကား
|
Portal di Ensiklopedia Dunia